Tuesday, December 9, 2014

သက်တမ်းများကို ဆန်းစစ်ခြင်း - အိမ်ရှင်မ သက်တမ်း ၁၀ နှစ် တိတိ

 
 
ကျမ အသက်က ၄၀ တန်းရောက်လာပြီ ဆိုတော့ သက်တမ်းကို ကြည့်ရင် သုံးပုံ နှစ်ပုံ လောက်က ကုန်ခဲ့ပြီ လို့ဆိုရမှာပါ ။ ဒီသက်တမ်းမှာ ကျမရဲ့ စိတ်ဖိစီးမှူတွေ ခန္ဓာကိုယ်အင်အားကို အသုံးချခဲ့တာတွေက သိပ်များတော့ ကျန်တဲ့ တစ်ပုံ ဟာအပြည့်နေရလိမ့်မယ်တော့ မျှော်လင့်မထားပါဘူး ။ တစ်ခုပဲ ..ကျမ သမီးလေးက အခုမှ အသက် လေးနှစ်တောင်မပြည့်တတ်သေးဘူးဆိုတော့ အဲဒီအချိန် နောက်အနှစ် ၂၀ မှာ သူဟာ ၂၄ နှစ်ပဲရှိနေဦးမှာ ။ ထားပါတော့လေ...

အသက် ၄၀ တန်းကို ခွဲခြမ်းလိုက်ရင်
မိဘ အရိပ်အာဝါသအောက်မှာနေခဲ့တဲ့ သံယောဇဉ်သက်တမ်းက အနှစ် ၂၀ ။
အဲဒီအနှစ် ၂၀ ကာလမှာ ကျမရဲ့ ကံကျေးဇူးကြောင့် အေးချမ်းသာယာပြီး ပြည့်စုံတဲ့ အရိပ်အောက်မှာနေခဲ့ရတာပါ ။
ကိုယ့်အားကိုယ်ကိုး မိဘကပေးလိုက်တဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ပညာလေးကို အမှီပြု နေခဲ့ရတာ ၁၀ နှစ် နဲ့ ...
နောက်တော့ ၉.၁၂.၂၀၀၄ ကနေ ဒီနေ့အထိ အိမ်ရှင်မသက်တမ်း ၁၀ နှစ်တိတိ ။

              ဒီ ၁၀ နှစ်မှာ ကျမကို ဒီရာထူး ( ရာထူးဆိုတာ ရူးတာပါတဲ့ :P) ကို ခန့်အပ်ပြီး  လုပ်ပိုင်ခွင့် အာဏာအပြည့်အ၀ ပေးခဲ့တဲ့ အိမ်ဦးနတ်ကို ဒီနေရာကနေ Appreciate လုပ်လိုက်ပါတယ် ။
သူဟာ ကျမအတွက် ၊ ကျမရဲ့ အိမ်ရှင်မ ဘ၀ဖြစ်တည်စေမှူအတွက်တစ်ဦးတည်းသော မြတ်နိုးရာ၊ ကိုးကွယ်ရာ ဟီးရိုးတစ်ယောက်ပါ ။
ဒါဟာ စကားအဖြစ် ပေါ့ပေါ့တန်တန်ပြောလိုက်တာမျိုး မဟုတ်ပါ ။ ဒီ ၁၀ နှစ်အတွင်းမှာ အမျိုးမျိုးကြုံလာခဲ့ရပြီ ။  အခက်အခဲတွေ ပြသနာတွေ ကြုံလာရတိုင်းမှာ သူဘယ်လိုဖြေရှင်းပေးတာ ၊ ပျော်ရွှင်စရာကြုံတွေ့လာရချိန်မှာ သူ ဘယ်လို မျှဝေပေးခဲ့တာ ဆိုတဲ့ အရာများစွာအတွက်၊ ကျမ ရဲ့ ဘ၀ရယ် အချိန်ရယ် ဒီ ၁၀ နှစ်တာ ကာလမှာ ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသမျှ တွေကြောင့် ယုံကြည်စွာနဲ့ ပြောရတာပါ ။

ကျမ တို့ Physics သဘောတရားမှာတော့ အရွေ့ ဆိုတာမရှိခဲ့ရင် ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့ work done ကတော့ zero ပါပဲ တဲ့ ။ ဒီ ၁၀ နှစ်မှာ ကျမ တို့နှစ်ယောက်ရဲ့ work done ဟာ zero ရော minus ပါ မဟုတ်ခဲ့ပါဘူး ။ ဒါက သေချာပါတယ် ။

ကျမ ကတော့ ဒီအိမ်ရှင်မ ရာထူးကို ရခဲ့ချိန်မှာ ကျမရဲ့ဘ၀မှာ အရင်က မိဘရယ် မောင်လေးရယ် ရှိခဲ့တယ် ။   သူက ကိုယ့်အိမ်တွင်း ကို ၀င်လာခဲ့တဲ့ နောက်ထပ်အိမ်သားတစ်ယောက်ပဲ လို့ အဲလိုပဲသဘောထားခဲ့တယ် ။  အရင်ရှိပြီးသားမိသားစုထဲက ခွဲထွက်လာ နောက်ထပ်မိသားစု တစ်ခုသတ်သတ်လို့ ခွဲထွက်ခဲ့တာမျိုးမဟုတ်ဘူး ။

    ချစ်ကြသူချင်း ဘ၀တစ်ခုကို အတူတူ ထူထောင်လိုက်တာအကြောင်းမဟုတ်ပေမယ့် ချစ်သူရဲ့ မျက်နှာတစ်ခုထဲနဲ့ လေးလေးစားစားနေရာတခုပေး၇မယ့် မိဘနဲ့ ဆက်ဆံရတဲ့အခါ အမှားအယွင်း ဖြစ်မှာကို စိုးရိမ်ရတဲ့ စိတ်ဖိအားကို သူ မဖြစ်မနေရင်ဆိုင်ရတော့မယ် ။
ဒီနေရာမှာ ကျမ ရဲ့နေရာက အဓိက ကျပါတယ် ။
နှစ်ဘက်လုံးဟာ ကျမကို ချစ်တဲ့သူချည်းပဲ ။
ချစ်ကြလို့ ဖြစ်လာတဲ့ စေတနာကို အကောင်အထည်ဖော်ရာမှာ မတူညီကြတော့ စိတ်အခန့် မသင့်စ ရာလေးတွေ   တွေ့ရမှာပါပဲ ။
  နှစ်ဘက်လုံး သံသယမရှိ တသားထဲ ဖြစ်သွားစေဖို့က တော့ ကျမအပေါ်မှာ မူတည်ပါတယ် ။ ဒီအချိန်မှာတော့ ကျမ အဲဒါကို လုပ်နိုင်ခဲ့တယ်ပဲ ပြောပါရစေတော့။

မှတ်မိပါသေးတယ် ...
          ကျမတို့ အိမ်ထောင်ဦးကာလ တစ်ရက်မှာ အမျိုးသားက သူ့အလုပ်မှာ စိတ်ဖိစီးတာတွေများနေချိန် ကျမကို အော်လိုက်ပါတယ် ။
အမေ ဟာ တခါထဲ အခန်းထဲကနေ ပြေးထွက်လာပါတယ် ။
နောက် ကျမကို သူ့ရှေ့မှာမေးပါတယ်  " သမီး  ညီးမှာဘာတွေအားနည်းချက်ရှိနေလို့ သူက အော်ရတာလဲ"  တဲ့ ။
အဲဒီအချိန်သူ့မျက်နှာကို ကြည့်လိုက်တော့ သူလဲ အမေ အဲလိုထွက်လာပြီး ဒေါသနဲ့ မေးတာကို စိတ်ကသိကအောက် ဖြစ်နေပုံ နဲ့ ။

ကျမ အမေ့ကို သူ သမီးကို အော်တာမဟုတ်ပါဘူး။ သူအော်အောင် သမီးမှ ဘာမှ လုပ်မထားတာ သူ့ဟာသူစိတ်ညစ်လို့အော်တာပါအမေရယ် ။ သနားပါတယ် ကာရာအိုကေဆိုင်တောင် သွားမအော်နိုင်ရှာဘူး ။ ကိုဦး ရှင် ပိုက်ဆံများများရှာ သိလား ဒါမှ ကာရာအိုကေဆိုင်ကိုသွားအော်နိုင်မှာ အခုတော့ ရေသွားသောက်လိုက်ဦး အမေ့ကိုပါ ရေတစ်ခွက်ခပ်ပေးလိုက် လို့ ခပ်သောသောလေးပြောလိုက်ပါတယ် ။

        သူကလဲ အဲတော့မှ စိတ်သက်သာရာ ရ သွားတဲ့ပုံနဲ့ ရေသွားခပ် အမေ့ကိုပေးပြီး ဒေါ်လေး ကျနော်တောင်းပန်ပါတယ်။ စိတ်ရှုပ်လွန်းလို့ စိတ်လွတ်သွားတယ်လို့ ပြောလိုက်ရော ။

အမေ လဲ သူ အဲလို ဒေါသနဲ့ ထွက်လာမေးမိတာကို  စိတ်မကောင်းဖြစ်သွားသလား ။ သူ့သားမက် အဲလောက်စိတ်ရှုပ်တာကိုပဲ သနားသွားသလား ဒါမှမဟုတ် သူ့သားမက် ငွေပိုရှာနိုင်လာချိန်မှာ သူကသမီးကို အိမ်မှာထားခဲ့ပြီး ကာရာအိုကေဆိုင် သွားအော်မှာစိုး၇ိမ်သလား မသိပါဘူး ။ နောက်ဆို ကျမတို့ လင်မယား အော်ဟစ်နေလဲ တော်ရုံဆို ၀င်မပါတော့ပါဘူး ။

         အိမ်ထောင်ဦး အဆင်မပြေချိန်မှာတော့ နှစ်ယောက်သား ဂျိမ်နောင်ချတာ အဆက်မပြတ်ပါပဲ ။ တော်သေးတာက နှစ်ယောက်သားက စိတ်မကောက်တတ်တာပဲ ။       ဂျိမ်နောင်ချပြီးရင် မောမောနဲ့ ဗိုက်ဆာရင်  အိမ်မှာ  ဘာရှိလဲ ရှိတာအတူစားကြ မရှိလဲ အပြင်ထွက်စားကြနဲ့ ..ကြားထဲ ၀င်ဖြန်ဖြေ တဲ့သူတွေ အရူးဖြစ်ကိန်းပါ ။ ဒါကြောင့်လဲ ကြားသုံးကြား ၀င်မပါနဲ့ လို့ ဆိုကြတာနေမှာပါ ။

ဆယ်နှစ်ကာလကို ကျော်လာတဲ့အခါမှာတော့ အားလုံးက အသားကျနေပြီလို့ ဆိုရပါမယ် ။  အခက်အခဲတွေ တွေ့လာတိုင်း ယုံကြည်မှုနဲ့ ကျော်ဖြတ်ကြတယ် ။ သူ့ဘက် ကိုယ့်ဘက် မျှတ တယ်။ ရလာတဲ့ အသီးအပွင့်တွေကို ( အသီးအပွင့် တိုင်းကတော့ ချိုမြိန်နေတာမျိုးမဟုတ်ပါဘူး ) အတူမျှဝေစားသုံးကြတယ် ။

ဆယ်နှစ်က ဟိုဘက်လွန်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်ဦးမယ် မပြောတတ်ပါဘူး ။ လောကကြီးမှာ ဘာမှကြိုတင်ခန့်မှန်းမထားတာတွေလဲဖြစ်တတ်လို့ ဘာကိုမှ ကံသေ ကံမ တွက်မထားပါဘူး ။ အခုချိန်မှာ ကျမကိုယ်တိုင်က စိတ်သွားတိုင်းကိုယ်ပါပေမယ့် ခန္ဓာ အလိုကို စိတ်မလိုက်နိုင်တဲ့ အချိန်ကို ကြုံရဦးမှာပါ ။

ဘာပဲ ဖြစ်ဖြစ် ဒီ ဆယ်နှစ်ဆိုတဲ့ မှတ်တိုင်ကို ကောင်းကောင်းစိုက်ထူနိုင်ခဲ့တယ် လို့တော့ ကိုယ့်ကိုကိုယ် President of the Home အဖြစ် မာန်တက်ပါရစေလားရှင် ။