[X] Choose Font Here

Wednesday, March 9, 2016

အချစ်နဲ့ စစ်ပွဲထိုးခြင်း

စစ်ပွဲတွေ ဆက်တိုက်
စကားချင်း ဖိုက်တဲ့အခါ
မျက်မာန်ကိုတင်း
ချစ်ခြင်းကခွာ
ရေစက်ရယ် တကယ်ကုန်လေပြီလားကွဲ့
အချစ်နဲ့အမုန်းရယ်က ကျောခြင်းကပ်ပါ
ဒီဘက်ကိုကွယ် ဟိုဘက်ကို လည်ကာလှည့်မယ်လို့
သွေဖယ်ကွာ သစ္စာပျက်စေရော့
မြန်မကြာ တွယ်ကာနှက်လိုက်မယ်
အိမ်မက်တွေကြား ။ ။

ဘ၀ ထဲက ကဗျာ

ကမ္ဘာ့အရေး ဘ၀အရေး
အကျယ်ချဲ့မတွေး
ကဗျာလေးသာ ရေးကြစို့...


ပန်းရနံ့မှ ကဗျာလား
  ငှက်ဆိုတေးမှ ကဗျာလား
      တိမ်ပြာပြီး တောက်ပ မှ ကဗျာလား
        ရယ်သံတွေ ညိုးညံနေတဲ့ အပြုံးတွေမှ ကဗျာတဲ့လား ကွယ်၊


ဖုန်နံ့မီးခိုးမွှန်နေလဲ ကဗျာပါ
    အမေ့ရဲ့ စိုးရိမ်တဲ့ ဆူပူသံ
      မိုးမည်းမည်း သည်းတဲ့အသံ
      ကြေကွဲရှိုက်သံ ဒါတွေဟာလဲ ကဗျာပါပဲ၊


ဘ၀ ထဲမှာ ကဗျာ
  တနေ့တာအရေးတွေထဲမှာ ကဗျာ
    ကဗျာတွေဟာ ကဗျာတွေပါပဲ ။ ။

Friday, March 4, 2016

မပြောတော့ဘူး အို မပြောတော့ဘူးဆို မပြောတော့ဘူး

Photo from Google


ကြာလေကြာလေ ကိုယ်ဟာ ပါးစပ်ကို ပိုပိုပြီး ပိတ်ထားတတ်လာတယ်။
စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလို ကိုယ့်ဇာတိကို လူသိမခံချင်လို့လား၊ လူသိမခံရဲလို့လား၊
ကိုယ့်အပြောတွေမှာ မျောပါပြီး ထောက်ခံခေါင်းညိတ်မယ့်သူမရှိတော့လို့လား။
ပြောလဲ မထူးပါဘူး သူ့သဘောသူဆောင် ကိုယ့်သဘောကိုယ်ဆောင်တာပဲလေ လို့များ တွေးပြီး အားလုံးကို နောက်ဆုတ်ကျောခိုင်းလိုက်တာလား။
လူပြောမသန် လူသန်မပြော .. ပြောကြ ပြောကြ တဲ့ လေလုံးတွေကို ဘယ်ညာတိမ်းရှောင်ရင်းနဲ့ ကိုယ်ပါမပြောဖြစ်တော့လေသလား။ တခါတခါ လေလုံးမုန်တိုင်းသိပ်ထန်တဲ့အခါ ကိုယ်ဟာ ပြုံးရုံတင်မက ရယ်ပါ ရယ်မိသေးတာလား ။ အဲလိုဆိုရင်ရော ကိုယ်ဟာ လှောင်တတ်သရောတတ်သူလား သစ္စာမဲ့တတ်သူလား ။
ဆိတ်ငြိမ်ရာအရပ်ကို ထွက်လာရင်းနဲ့ ပြောချင်ရက်နဲ့ ဆိတ်ငြိမ်အသိုင်းဝန်းထဲ ကိုယ့်အသံများ ဟိန်း ထွက်သွားမလားစိုးရိမ်လို့ မပြောဖြစ်တော့တာလား ။
ကိုယ်ပြောမယ့် စကားတွေကို ကိုယ့်ဘာသာမယုံတော့လို့များ မပြောတော့တာလား။
ကိုယ့်နားဟာ ဘာမှမကြားတော့လို့ သူများပြောသမျှနားထဲမ၀င်တတ်တော့လို့ ကိုယ့်မှာ ဘာမှ ပြောစရာမရှိတော့တာလား ။
ကိုယ်ဟာ သူများပြောတာတွေပဲ နားထောင် ကိုယ်တိုင်တော့ လျို့ဝှက်တတ်သူလား။
ကိုယ့်အကြောင်းတွေ ကိုယ့်အတွေးတွေ ကိုယ့်ယုံကြည်ချက်တွေကို ကိုယ်တိုင်စိတ်မ၀င်စားလို့ သူများတွေကို ပြောပြဖို့စိတ်မပါလေသလား။
ကိုယ့်ရဲ့ နှုတ်ခမ်းတွေ တင်းတင်းစိလို့ ဆုံတွေ့ခိုက် အေးစက်စက်ပြုံးတတ်သလို ကိုယ့်အသည်းနှလုံးကရော အေးစက်စက်ထုံကျင်ကျင်နဲ့လား ။
ကိုယ့်ပါးစပ်က အသံမထွက်တော့သလို ကိုယ့်နှလုံးသားကလဲ နှလုံးခုန်သံလေးတောင်မပေးချင်တော့ဘူးလားကွယ် ။
ဟုတ်တယ် ၀ါနေတဲ့ ချတ်ဘောက်စ်လေးက ခပ်တည်တည်ပဲ ကိုယ့်ကိုကြည့်နေတယ် ။ ကိုယ်စောင့်ကြည့်နေတဲ့ တချိန်လုံး နည်းနည်းလေးမှ စိမ်းမလာခဲ့ဘူး၊ ဆိုလိုတာက ဘယ်သူကမှကိုယ့်ကိုမခေါ်ဘူး ၊ အေးခဲနေတဲ့ ကိုယ့်ရဲ့ ရင်ဘတ်ကို အသက်သွင်းမပေးဘူး ဆိုတဲ့သဘောပေါ့ ။
အဲလိုတွေမှ မဟုတ်ခဲ့ရင်တော့ ဘာဖြစ်လဲလေ
ကိုယ်ပြောချင်ရင် တချက်ကလစ်လိုက်ရုံပဲလေ၊ ကိုယ့်ပါးစပ်က စကားမပြောပေမယ့် ကိုယ့်လက်နဲ့ ကီးဘုတ်က ကိုယ့်စိတ်ထဲကစကားတွေကို ဖွင့်ပြောပြလို့ရတာပဲလေ။
ဘာကို နှောင့်နှေးနေဦးမှာလဲ ....
ဘာကို တွန့်ဆုတ်နေဦးမှာလဲ....
အာာား ကိုယ်ပြောချင်တာတွေ သိပ်များပြီး စုထားလို့ ဘယ်ကအစဆွဲထုတ်ရမှန်းမသိတော့ဘူးတဲ့လား ။ ။

ကဲ ဒါဆိုလဲ ပိတ်လက်စနဲ့ ဆက်ပြီး ပိတ်ထားလိုက်တော့ပေါ့ .....။ ။

Tuesday, January 5, 2016

အချစ်လား - သုံးဆယ့်ငါးနှစ်ပြည့်သွားတယ်

တကယ်တော့ သုံးဆယ့် ငါးနှစ်ဆိုတာ ငယ်တော့တဲ့အရွယ်မဟုတ် ...
ဟိုဘက်ကို အတက်မရှိတော့ အကျသာ ရှိတော့သည် ( အဲလေ ကျန်းမာရေးကို ပြောချင်တာပါ၊ ၀င်ငွေတော့ တက်ပစေဦးပေါ့ ဟင်းဟင်း)

ကိုချစ်မောင်ကို စ တွေ့တုန်းကတော့ ပိန်ချိချိစူပုပ်ပုပ်လေးပေါ့ ။
အသားက မည်းပါတယ်ဆို ဦးထုတ်ကအနီရောင် ၊ အင်္ကျီက အ၀ါရောင် ၀တ်ထားတာ ။
စိပ်ပုတီးက အကြီးကြီး ။
ကိုယ်က ထင်လိုက်တာပေါ့ ဒီကောင်လေး တနေ့ ဘုန်းကြီးဝတ်မယ်ထင်တယ်လို့ ...
အခုတော့ အထင်နဲ့အမြင်လွဲ သမီးကျွေးမှူ  မိန်းမကျွေးမှူ တွေ နဲ့ ခမျာ တနားပါတယ် ။
အခုလတ်တလော အကျွေးအများဆုံးကတော့ သူ့မျက်လုံးကိုပဲ တနေ့ တနေ့ ကို ရုပ်ရှင်တွေမပြတ်ဒေါင်းလုပ် လုပ်ပြီးမျက်လုံးကို အစာကျွေးရရှာတာ နားကိုမနားရဘူး အိမ်မှာ ။
ည အိပ်ချိန်လေးပဲ ခမျာ နားရရှာတယ် ။







Friday, January 1, 2016

ဖတ်မိတဲ့ စာအုပ်လေးတွေ ( စံပယ်ဖြူနု - ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ)

၂၀၁၅ မှာ စာအုပ်ကို လက်ကကိုင်ပြီးဖတ်ခဲ့တာ ပရိတ်ရယ်၊ ပဌာန်းရယ်၊ တရားစာအုပ်တွေရယ်ပဲရှိခဲ့တယ် ၊
၂၀၁၆ နှစ်အစ ဒီနေ့မှာတော့ စပယ်ဖြူနု ရဲ့ ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေကို ဖတ်ခဲ့တယ်
အချိန်ပေးပြီး ဖတ်ရကျိုးနပ်တယ် ဆိုရမယ် ။ စာအုပ်လေးကို ဖတ်ရင်း ဖတ်ရင်း သိပ်ကိုသဘောကျမိတယ် ။ စာအုပ်ထဲက ဇာတ်ဆောင်တွေရဲ့ ဘ၀ ကို သိပ်သဘောကျမိတာပဲ ...။


















လင်း ရဲ့ တဖြည်းဖြည်း ရှင်သန်ကြီးပြင်းလာတဲ့ ပုံရိပ်တွေ
ကျောင်းပြီးတဲ့အခါမှာလဲ သူဖြစ်ချင်တာ သူဝါသနာပါတာကိုသေချာသိပြီး အလုပ်ကိုေ၇ွးခဲ့တာ ၊ အလုပ်အတွက်အခွင့်အလမ်းရခဲ့တာ ...
တသက်တခါမှာ လူဟာ အချစ်နဲ့ တွေ့တာပဲ
ဒါပေမယ့် အချစ်ကို ဘ၀ မလုပ်ပဲ သူ ယုံကြည်ရာ သူ လုပ်စရာ ရှိတာ ကို သာလုပ်နေခဲ့ တာ ။
လင်း မှာ ခံစားနေရချိန်မှာ သူ့ပါတ်ဝန်းကျင်ကလူတွေ ရဲ့ လင်းအပေါ် နားလည်ပေးတာတွေ အားပေးတာတွေ ..ဖတ်ရင်း ဖတ်ရင်း လင်း ဟာ သိပ်ကံကောင်းတာပဲ ။ လင်း ဟာ မတော်ပေမယ့် လူသားဘ၀လေးကို ပီပီပြင်ပြင် ရခဲ့သူလေး ၊ လင်း ရဲ့မိသားစုအသိုင်းအ၀န်းဟာ မိသားစုဆိုတဲ့အဓိပါယ်အတိုင်း ပီပီပြင်ပြင် ... 


ကိုယ်မွေးထားတဲ့ သမီးလေးကို လင်း လိုပဲ ကြီးပြင်းစေချင်တယ် ၊ 


ပြိုင်ဆိုင်မှူတွေ ဂုဏ်ပကာသနတွေ အပြင်းအထန် အသည်းအသန်ခံစားပြောဆို ဝေဖန် မြှောက်ပင့် အပစ်တင်ခံရမှူတွေ အဲလို လူ့အသိုင်းအ၀န်းတွေနဲ့ ကင်းနိုင်မယ် မဟုတ်ပေမယ့် အဲ့ဒါတွေကို စိတ်ထဲနှလုံးထဲ သိပ်ထည့်ပြီး မခံစားပဲ မေတ္တာတရားကိုပဲ တန်ဖိုးထား ခံစားတဲ့ ဘ၀လေးကို ရစေချင်မိတယ် ။


သမီးလေးကို လင်းလို ဘ၀မျိုး ရစေဖို့ ကိုယ်က လင်း မေမေ လို မေတ္တာပေးဖို့ ကြိုးစားရမယ် အဲလိုတွေးတယ် ၊ ( တွေးရင်းနဲ့ ကိုယ့်ဘာကိုယ်ပြန်တွေး အမြင်ကတ်မိတာ တပိုင်းပေါ့လေ)
လိုက်လုပ်နိုင်မယ် မလုပ်နိုင်မယ်ထား နှစ်သစ်ရဲ့ ပထမဆုံးတနေ့မှာ အဲလိုတွေးမိတာကပဲ တော်လှပြီလို့ .tongue emoticon


ဆက်တွေးမိတာက စာရေးဆရာမ စပယ်ဖြူနု က သိပ်တော့ ကြီးသေးပုံမရဘူး ..သူ့အရွယ်နဲ့ အဲလို လူ့အသိုင်းအ၀န်း အကြောင်းအရာလေးကို သေသေချာချာ ပေါ်လွင်အောင် ဖတ်ရသူတွေ မှာ မျောသွားအောင် ရေးနိုင်တာကို ချီးကျူးမိတယ်။
ကိုယ့်သမီးလေး အရွယ်ရောက်တဲ့အခါ ဒါမျိုး စာအုပ်လေးတွေကို ဖတ်မိစေချင်တာပါပဲ