[X] Choose Font Here

Thursday, August 21, 2014

ပျော်ပျော်ပါးပါး အညာဘုရားဖူး - (တ၀ဂူ ဘုရား - မုံရွာမြို့နယ် သာစည်ရွာ)


မင်္ဂလာပါရှင်
မယ်သံ့ ဘလော့လေးမှာ ဘုရားဖူးမသွားရတာကြာလှပေါ့နော် ။
ဒီနှစ် ၂၀၁၄ ဧပြီ မှာ ကျမ တို့ မိသားစု အညာကို ဘုရားဖူးသွားခဲ့ကြပါတယ် ။
အမ လို ချစ်ခင်ရတဲ့ မနီလာတို့ မိသားစုကောင်းမှူကြောင့်ပေါ့ ။
အကို နဲ့ အမတို့ မိသားစု ကို ကျေးဇူးအရမ်းတင်ပါတယ် ။
 အကိုတို့ အမတို့ မိသားစုကြီး ကျန်းမာပျော်ရွှင်ပါစေ ။ စီးပွားဥစ္စာများ တိုးတက်ပေါများ ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ် ။

အခု သွားမှာကတော့ မုံရွာမြို့နယ် သာစည်ရွာက တ၀ဂူ ဘုရားဖြစ်ပါတယ် ။














တ၀ဂူ ဓမ္မသိဒ္ဓိ စေတီတော်မြတ်ကြီးသည် မုံရွာမြို့နယ် သာစည်ရွာ၏ အရှေ့တောင်ဘက် ရွဲတောင်ကုန်းပေါ်တွင် မူလက ယိုယွင်းပျက်စီးနေသော စေတီတော်၏ ဥမှင်လိုဏ်ခေါင်းအတွင်း စံပါယ်တော်မူပြီး ရုပ်ပွားဥာဏ်တော်အမြင့်မှာ ၅ ပေခန့်ရှိပါသည် ။
၁၉၉၅ ခုနှစ်တွင် သာစည်ဆည် ရေ၀ပ်ဧရိယာနှင့် မလွတ်ကင်းသော ရှေးဟောင်းစေတီများနှင့် ယိုယွင်းပျက်စီးနေသော စေတီဟောင်းပေါင်း ၂၂ဆူမှ ရရှိသော ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်များ ဓါတ်တော် မွေတော် ကျောက်သံပတ္တမြား စသည် တို့ကိုစုပေါင်း မူလစေတီတော်နှင့် ရုပ်ပွားတော်များအားခြုံငုံကာ ဥာဏ်တော်အမြင့် ၁၀၈ ပေ အောက်ခြေ ၁၀၈ ပေရှိ ရွှေတိဂုံဘုရားပုံတူ စေတီတော်တင်ရန် ၂၉.၁.၉၅ ခုတွင် စတင် ပန္နက်ချတည်ဆောက်ခဲ့ရာ တတိယ ပစ္စယံအရောက်တွင် စေတီကြီးအတွင်းရှိ ရုပ်ပွားတော်မှာ မွန်းကျပ်နေကြောင်း စေတီကို တည်ဆောက်စဉ်ကပါဝင်ခဲ့သော နာယက ဆရာတော် ဗောဓိတစ်ထောင်ဆရာတော်အား အိမ်မက်ပေးရာ ဗောဓိတစ်ထောင်ဆရာတော်မှ တတိယပစ္စယံမှ အချင်း ၄ လက်မရှိ ကွန်ဂျူ့ ပိုက်ကို ဖောက်ထည့်သွင်းပေးရာ ရုပ်ပွားတော်၏ ဦးခေါင်းအထက်နားတွင်တွေ့နိုင်သည် ။

၁၄.၁၂.၀၈ နေ့ ဗုဒ္ဓဟူးနေ့ တ၀လိုဏ်စတွေ့စဉ်


၆.၁.၀၉ နေ့ အင်္ဂါနေ့ စတင်ဖော်ချိန် ( ဗောဓိတစ်ထောင်ဆရာတော်၏ လေပိုက်အထက်တွင် တွေ့ရှိနိုင်ပါသည် )

























စေတီတော်ကြီးကို ၁၅.၆.၁၉၉၅ တွင်  ထီးတော်တင် အနေကဇာတင်ပြီး ဆည်တော်မြင်စေတီဟု ဘွဲ့တော်သမုတ်ခဲ့ကြသည် ။ ဆည်တော်မြင် ကျောင်း ဆရာတော်ဦးဥာဏမှာ ၆လခန့် သာနေထိုင်စဉ်ကာလ ညနေအချိန်တွင် ရွှေများစွာဝတ်ဆင်ထားသော အမျိုးသမီးသုံးယောက်လာပြီး အရှင်ဘုရားသောက်တဲ့ရေကို သောက်ချင်ကြောင်းပြောပြီး သောက်ကြသည်။ ထိုအမျိုးသမီး ၃ယောက်က ညအချိန်တွင် ဆရာတော်ဦးဥာဏအား စေတီကြီးအတွင်းရှိ ရုပ်ပွားတော်ကြီးမှာ အသက်ရှူမ၀၍ မုဒ်ပေါက်ဖွင့်ပေးရန် အိမ်မက်ပေးရာ ဆရာတော်မှ ဗောဓိဆရာတော်အား လျှောက်ထားရာ ရပ်တော်မူကြီး ပြီးလျှင်ဖွင့်ပေးမည်ဟု မိန့်ခဲ့သည် ။ ဆရာတော်ကြီးမှာ ရပ်တော်မူ ရုပ်ပွားတော်ကြီးမပြီးခင် ပျံလွန်တော်မူခဲ့ရရှာသည် ။

ညီအမ ၃ယောက်တို့မှာ ဆရာတော်ဦးဥာဏအား ဒုတိယအကြိမ် လိုဏ်ဂူအား ဖွင့်ပေးရန်နှင့် ကန်တော့ပွဲ ၂၇ ပွဲ ပင့်သံဃာတော် ၂၄ပါး  ၄၇ ရက်တိတိပွဲပေးရန် အိမ်မက်ပေးပြန်သည် ။ ဆရာတော်သည် တိုင်းမှူးဗိုလ်ချုပ်အောင်စိုး တိုင်းမင်းကြီး ဦးသိန်းအောင်တို့အား တင်ပြရာ ဆရာတော်ကြီးများထံ သြ၀ါဒ ခံယူပါရန်လျှောက်ထားသဖြင့် မဟာဇောတိက ဆရာတော်၊ မြို့မရွှေဂူ ဆရာတော် ၊ေ၇ွှဘိုသုခကာရီဆရာတော် ၊ ကျားတွင်းဆရာတော် များအားလျှောက်ထားရာ ဘုရားဖွင့်တာ ဘုရားပွင့်တာနဲ့ အတူတူပဲ ဟု မိန့်ကြားရာ ဆရာတော်မှာ ၀မ်းသာဘိရကား ၁၆.၁၂.၂၀၀၈ တွင် ဦးဥာဏနှင့် ကျွမ်းကျင်ပညာရှင်များ လိုဏ်ဂူကို ပနက်တင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောက်တုံးကြီးများ လိမ့်ဆင်းလာ အန္တရာယ်ရှိသောကြောင့် ပုံစံများဖြင့်ကာ လိုဏ်ဂူဖွင့်ခြင်းကို ရပ်ဆိုင်းခဲ့ရသည် ။

 ညီမ ၃ယောက်တို့သည် ဦးဥာဏအား လိုဏ်ဂူဖွင့်ပေးရင် အန္တရာယ်များ ကင်းအောင်စောင့်ရှောက်မည်ဟု တတိယအကြိမ် အိမ်မက်ပေးပြန်သည် ။
 ဆရာတော်ဘုရားမှာလဲ ရုပ်ပွားတော်ကြီး ကျောက်တုံး ကျောက်ခဲ သဲများထဲတွင် ကြပ်ညှပ်စံပယ်နေမှူကို စိတ်နှလုံးမအေးချမ်းနိုင်ပဲရှိရာ လိုဏ်ဂူရှေ့တွင်ရပ်ပြီး မိမိအသက် သေလျှင်သေပါစေ ရုပ်ပွားတော်ကြီး ပိတ်လှောင်ခံရခြင်းမှ လွတ်ကင်းအောင် လိုဏ်ဂူကို ရအောင်ဖွင့်မည်ဟု ဓိဌာန်ပြု ပြီး ကျောက်တုံးကြီးများကို သယ်ထုတ်ခဲ့ရာ ၂၄.၁၂.၂၀၀၈ နေ့တွင် မူလလိုဏ်ဂူကို စတင်တွေ့ရှိရပြီး  ၇.၁.၂၀၀၉ ခုနှစ်တွင် နှစ်ပေါင်း ၁၅ နှစ်ကြာ ပိတ်လှောင်ခံခဲ့ရသော ရုပ်ပွားတော်ကြီးအား ဖူးတွေ့ရသည်။
ထိုအချိန်တွင် ရုပ်ပွားတော်ကြီးမှ ရောင်ခြည်တော်များလွှတ်ရာ သံဃာ တော်များနှင့် ပရိတ်သတ်များ ဖူးမြော်ကြရသည် ။
ထူးခြားသည်မှာ လိုဏ်ဂူ စဖွင့်သည့်နေ့တွင် ဆရာတော် နဖူးပေါ်တွင် အနီရောင် စမ ပေါ်ခဲ့ပြီး ရုပ်ပွားတော်ကြီး စတင်ဖူးမြှော်ချိန်တွင် ဆရာတော် နဖူးမှ စမ မှာ အလိုလို ပျောက်ကွယ်သွားခဲ့သည် ။























































Sunday, August 10, 2014

အေးအတူ ပူအမျှ

 သောကြာည က ကိုချစ်မောင်ကြီး အပြင်မှာ ဇာတ်ကားကြည့်ပြီးအိပ်ဖို့အခန်းထဲဝင်အလာ ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ရှော့ဖြစ်သွားပါတယ် ။

" တစ်နေ့တစ်နေ့ အလုပ်သွားလိုက် ပြန်လာထမင်းစား ဟိုလုပ်ဒီလုပ်နဲ့ ၁၁ နာရီထိုးသွားတော့ အိပ် နဲ့ ညီးငွေ့စရာကောင်းလိုက်တာကွာ" တဲ့ ....

ကိုယ်လဲ ဟမ် ဆိုပြီး ဘာမှကိုပြန်မပြောနိုင်တော့ဘူး ။ ပြောစရာမရှိလို့တော့မဟုတ်ပါဘူး ပြောစရာများပြီး အလုံးကြီးနင်နေတာပါ :P


စဉ်းစားကြည့်လေ မနက် ၆နာရီခွဲ အိမ်ကနေထွက်ပြီး ညနေ၇နာရီခွဲ အိမ်ကိုပြန်ဝင်လာ ၊ ထမင်းလေးစား ၈ နာရီထိုး ။ ဒီ ၈နာရီ ကနေ ၁၁ နာ၇ီ ကြားထဲပဲ မိသားစု ဆုံ
ရတာကို သူ့မှာ ညီးငွေ့ချိန်ရှိသေးတယ်ဆိုတော့ကာ ရှင်းရှင်းပြောရရင် ကိုယ်တွေကို ညီးငွေ့တဲ့သဘောလားလို့ မေးပလိုက်ချင်တာ ။


သို့သော်လည်း သို့သော်လည်းပေါ့လေ မေးလိုက်ခါမှ အေး လို့ တစ်လုံးထဲ ဖြေရင် ဘယ်လို လုပ်ရပါ့ အရပ်ကတို့ရဲ့ ...။



ဂလုံ နဲ့ ဒီတကြောမှာ ဂလိုလေသံ ထွက်လာရအောင် ဘာတွေများ လွဲချော်နေသလဲ လို့ ပြန်ဆန်းစစ်တော့ ...................

သူ့ဘက်ကတော့ ပုံမှန်ပဲ တော့ ။အဲ အဲ ပုံမမှန်တာက ကိုယ်ဖြစ်နေရော ။

အရင်ကတော့ ကိုယ်က ဘာလေးလုပ်လုပ် ကိုချစ်မောင်ရဲ့ ကိုချစ်မောင်ရဲ့ နဲ့ တချစ်ထဲ ချစ်ပြီး တမောင်ထဲ မောင်နေခဲ့တာမျိုး ။

ဘာလေးလုပ်လုပ် အို ယုတ်စွအဆုံး မီးဖိုချောင်ပန်းကန်ဆေးတာကအစ ကိုယ့်လက်မှာဆပ်ပြာပေနေလို့ ရေဖွင့်တာတောင် သူ့အော်ခေါ်ပြီးဖွင့်ခိုင်းတာကလား ။

အကြောင်းပြချက်ကတော့ ရေပိုက်ကို ဆပ်ပြာပေ မှာစိုးလို့ပေါ့လေ :P


အတွင်းခံဝယ်တာ က အစ သူနဲ့အတူ ရှော့ပင်းရင်းမှ ဆိုတာမျိုး ။

ဟို ဒီ သွားမယ်ဆိုလဲ သူပါမှ သူပါမှပေါ့ ။

ဘဏ်ကတ်ထဲ ငွေဖြည့်တာ ငွေလွှဲတာ က အစ သူမအားရင် အလုပ်ကမဖြစ်တော့ အပေါင်းအသင်းတွေကလဲ ပြောတာပေါ့ သူ့ချည်း အားကိုးမနေနဲ့ ၊ ကိုယ့်ဟာကိုယ်လဲ လုပ်ဦး ပေါ့လေ ။ အမှန်မှာတော့ ဘယ်ဂလောက်ထုံထုံ ငွေများ မသုံးတတ်ပဲရှိပါ့မလား ။


အခုတော့ အလုပ်ကလဲများ၊ သမီးတော်လေးကလဲ ဘာမဆို မေမေ မှ မေမေ ၊ လိုတာမှန်သမျှ မေမေ ဆိုတာကတမျိုး၊ မုန့်တွေလုပ်တာ ကတမျိုး၊ အမျိုးမျိုး ဆိုတော့ကာ အရင်လိုလဲ ကိုချစ်မောင်ကို စောင့်မျှော်ပ သ အဲလေ ဦးတိုက် တိုင်တည်မနေနိုင်တော့ဘူးပေါ့လေ ။

 လုပ်စရာရှိတာ ၊ ၀ယ်စရာရှိတာ သူ့ စောင့်မနေနိုင်အားတော့ ကိုယ့်ဟာကိုယ်ပဲ လုပ်တော့တယ် ။

သူ ထမင်းစားပြီးတော့လဲ အရင်လို အပြင်လေးထွက် လမ်းလေးလျှောက် မောင်ရေ မနက်ဖြန် ဘာစားမလဲ ဆိုပြီး ဈေးမ၀ယ်နိုင်တော့ဘူး ။ စနေည ထဲက တပတ်စာက ဘာချက်မယ် စာရင်းဆွဲပြီးသား ။


နောက်ပြီး သူ ကလဲ အလုပ်မှာ ပရက်ရှာများလာတယ် ဘာညာဆိုတော့ ကဲလေ အေးရာအေးကြောင်း မုန့်စိမ်းပေါင်းပဲ ရောင်းပစေ ပေါ့လေ အဲလေ ဟုတ်ပေါင် ဂိမ်းကစားပါစေတော့ ။

 သူ့ပြောလဲမထူးပေါင် ပြောရတာ လေကုန်တာပဲအဖတ်တင်တယ် ။

 နောက်ဆုံး ဒီဘူတာပဲဆိုက်တယ် အဲ အဲ ကိုယ်ပဲ လုပ်ရတာပဲ ဆိုပြီး သူ့ကို အေးရာအေးကြောင်းထားလိုက်တော့ ဂလို အသံထွက်လာတော့တာပဲ ။

အိမ်းး လူဆိုတာက အေးအေး နေချင်တယ်ဆိုတာ ပါးစပ်ကသာပြောတာမျိုး၊ တကယ်က အအေးဓါတ်ကြီးပဲ လဲ မဟုတ်၊ အပူဓါတ်လေးလဲ ရမှ ဆိုတော့ အပူလေးလဲ တိုက်မှ ပေါ့လေ ။ အဲဒါမှ  မိသားစု ပိုပြီး နွေးထွေးမယ်ပေါ့လေ ။ နွေးပဲ နွေးထွေးမလား ၊ အပူများပြီး မတော် ခွမ်းဆို ကွဲသွားမလားဆိုတာတော့ သုံးတဲ့ပစ္စည်း ပေါ်မူတည်ပြီး မီးထိုးတတ်ဖို့ကလဲ လိုသေးတာကိုး ပိတ်သတ်ကြီးရဲ့ ဟုတ်ဘူးလား ။


ကိုင်း ကိုင်း ကိုယ်လဲ နက်ဖြန်ကစပြီး မေတ္တာတရားတွေ ပွားများချင်သေးတယ်ဆိုပြီး အေးရာအေးကြောင်းမထားတော့ပဲ  ဘာလုပ်လုပ် ကိုချစ်မောင်ရဲ့ လာပါဦး ၊ ဒီလိုလေး လုပ်ပေးပါဦး ဟိုလိုလေးလုပ်ပေးပါဦး သမီးလေးရေ ဖေဖေ့ကိုပြောလိုပ်ပါဦး ဆိုပြီး ပူ အမျှတော့မည် ဖြစ်ပါကြောင်း မောင်းတီးလိုက်ပါတယ် ဒူ ဟူ ဟူ   :P

Sunday, June 22, 2014

ငှက်ပျောသီး စနွင်းမကင်း






ငှက်ပျောသီး စနွင်းမကင်းအတွက်လိုတဲ့ပစ္စည်းတွေပါ ။
လုပ်နည်းကို အိမ်တိုင်ရာရောက် လာသင်ပေးခဲ့တဲ့ မေလေးကို အထူးကျေးဇူးတင်ပါတယ် ။
ငှက်ပျောသီး 8" R Tray အတွက်
၁) ငှက်ပျောသီး ကြီးရင် ၈ လုံး သေးရင် ၁၀ လုံး
၂) coconut cream milk - 200 ml တစ်ဘူး
၃) ထောပတ် - 100 g
၎) သကြား - ၂၅၀ g သို့ ဆန်ခြင်ခွက် ၂ ခွက်
၅) All purpose flour - ၂၀၀ g သို့ ဆန်ခြင်ခွက် ၂ ခွက်
၆) ဆား လဘက်စားဇွန်း တစ်ဝက်
၇) baking powder လဘက်စားဇွန်း တစ်ဝက်
၈) အရောင်

တို့ ကို ငှက်ပျောသီး ကြေပြီး အားလုံးသမအောင် ရောမွှေ ပါ ။ ထောပတ်သုတ်ထားသော ဗန်းထဲတွင် ထည့် ဘိန်းစေ့ ဖြူးပြီး အာဗန်ထဲတွင် အထက်မီးအောက်မီး ၂၂၀ ဖြင့် မိနစ် ၄၀ ဖုတ်ပါ ။ အေးသောအခါ ရေခဲသေတ္တာထဲတွင် ၂နာရီ ထည့်ရပါမည် ။
 
 
 




 



ကြက်ဥ ပူတင်း

























 
8" R Tray အတွက်

၁) ကြက်ဥ ၈ လုံး
၂) နွားနို့ ဆန်ခြင်ခွက် နဲ့ ၃ ခွက်
၃) သကြား ဆန်ခြင်ခွက် ၁ ခွက်
၎) ပေါင်မုန့် ၃ ချပ်
၅) ဆား
၆) ဗနီကာ အမွှေးရည် အစက် ၄ စက်
၇) ဆား နည်းနည်း

တို့ကို ဗလန်ဒါ နဲ့ ရောမွှေပါတယ် ။
ပြီးရင် ထောပတ်သုတ်ထားတဲ့ ဗန်းထဲထည့်ပါတယ် ။

အာဗန် ထဲမှာ ကြိုပြီး ၁၀ မိနစ်လောက်အပူပေးထားရပါမယ် ။ နောက် အောက်ခံဗန်းထဲမှာ ရေနွေးဆူပြီးသားထည့် ။ နောက် ပူတင်းဖုတ်မယ့်ဗန်းကို အပေါ်က ထည့်ပြီး အပေါ်မီး အောက်မီး ၂၀၀ ဒီဂရီ မှာ မိနစ် ၄၀ ဖုတ်ပါ ။










Wednesday, June 4, 2014

သမီးလေး ကို ဖတ်စေချင်လို့ ( ခင်နှင်းကြည်သာ ဆိုသည်မှာ )

သမီးလေး ကြီးလာတဲ့ အခါ ဖတ်စေချင် အားကျစေချင်လို့ကူးယူထားတာပါ ။
အားကျ အတုယူစေချင်သလို သမီးလေး ပင်ပန်းမှာလဲစိုးရိမ်မိပါတယ် ။

မူရင်းလင့် က ဒီမှာပါ ။https://www.facebook.com/notes/zaw-win/%E1%80%81%E1%80%84%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B8%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%9E%E1%80%AC-%E1%80%86%E1%80%AD%E1%80%AF%E1%80%9E%E1%80%8A%E1%80%B9%E1%80%99%E1%80%BD%E1%80%AC/10152264977533393



ခင်နှင်းကြည်သာ ဆိုသည်မှာ
၂၀၁၄ ပြည်သူ့ဂုဏ်ရည်အထူးဆုရှင် ခင်နှင်းကြည်သာ

ခင်နှင်းကြည်သာ ဆိုသည်မှာ……..

ဒေါက်တာမောင်မောင်စံ(စာရေးဆရာ ကြည်မင်း) နှင့် ဒေါက်တာ ခင်မမတို့၏ သမီးလေးယောက်တွင် အငယ်ဆုံးသမီးဖြစ်သည်။

ဖေဖေသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်ရာထူးဖြင့် အငြိမ်းစားယူခဲ့ပြီး မေမေသည် ထိုတက္ကသိုလ်၌ပင် ပါမောက္ခချုပ် (စီမံ) တာဝန်ဖြင့် အငြိမ်းစားယူခဲ့သည်။ထိုတက္ကသိုလ်သည် ပျဉ်းမနားမြို့နှင့် ၁၀ မိုင်ဝေးကွာသည့် ရေဆင်းကျေးရွာတွင်ရှိသည်။ မိခင်ဝမ်းအတွင်း အသက်မရှင်တော့ဟုဆိုကာ မန္တလေးတိုင်း ပျဉ်းမနားမြို့ရှိ ပြည်သူဆေးရုံကြီးမှာ မေမေ့ကို ဗိုက်ခွဲခဲ့သည်။ ကလေးက လမစေ့ ပေါင်မပြည့်သော်လည်း အသက်ရှင်နေခဲ့သည်။ ၁၉၈၆ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့ နံနက် ၁၀နာရီ ၂၆ မိနစ်မှာ မွေးဖွားခဲ့ပြီး ခင်နှင်းကြည်သာ လို့ ဖေဖေက အမည်ပေးခဲ့သည်။

ရေဆင်းကျေးရွာလေး၌ ၁၆နှစ်အထိ နေထိုင်ခဲ့ပြီး ၂၀၀၃ခုနှစ်တွင် ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်သို့ ပြောင်းရွေ့ခဲ့သည်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်တွင် စာကြည့်တိုက်နှင့် သုတမေဂျာဖြင့် ၂၀၀၆ခုနှစ်တွင် ဂုဏ်ထူးတန်းဘွဲ့ကို ယူခဲ့ပြီး မဟာဝိဇာဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ၂၀၀၈ခုနှစ်တွင် ရရှိခဲ့သည်။ ရန်ကုန်မြို့ လမ်း၄၀ရှိ စာရေးသူများရည်ညွှန်းစင်တာတွင် စာကြည့်တိုက်မှူးအဖြစ် ၁နှစ်ခွဲခန့် တာဝန်ယူခဲ့ပြီးနောက် ဂျာနယ်လောကသို့ ၀င်ရောက်ခဲ့သည်။ စာကြည့်တိုက်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကာလ၌ ရန်ကုန်အခြေစိုက်ဖွဲ့စည်းထားသော ပရဟိတအဖွဲ့ဖြစ်သည့် ပုံပြောသူများအဖွဲ့တွင် ဘဏ္ဍာရေးမှူးတာဝန်ယူကာ ၃နှစ်ကျော် တာဝန်ယူခဲ့ပြီးနောက် အလုပ်တာဝန်များကြောင့် ထိုအဖွဲ့မှ အနားယူလိုက်သည်။

Venus News Weekly ဂျာနယ်တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်နေရင်း မကွေးတိုင်းပခုက္ကူခရိုင်အတွင်းရှိ ရေစကြိုမြို့နယ်မှ ပုံပြောသူများအဖွဲ့၏ ဖိတ်ခေါ်မှုကြောင့် ပုံပြင်များပြောရန် မြိုင်အနောက်ဘက်ရှိ တောင်တန်းပေါ်သို့ ၂၀၁၂ခုနှစ် စက်တင်ဘာလတွင် ထွက်ခွာခဲ့သည်။ ထိုခရီးမှ ပြန်လာပြီးနောက်ပိုင်းတွင် “ဖိနပ်မရှိဘူး၊ ဆေးမရှိဘူး၊ အနာတွေက နာတယ်” ဆိုသည့် ဆောင်းပါးကို ၂၀၁၂ခုနှစ် နိုဝင်ဘာလအတွင်း ရေးသားခဲ့ပြီး Venus News Weekly ၏ အတွဲ ၄၊ အမှတ် ၁၉ တွင် ဖော်ပြခဲ့ရာမှ အလှူရှင်များနှင့် လူထုက မြိုင်အနောက်ဘက်မှ မိုင် ၃၀ကျော်ဝေးသည့် တောင်တန်းပေါ်တွင် ရွာစာရင်း၌ မပါဝင်ဘဲ တောင်ပေါ်တွင် တဲထိုးနေသည့် တဲတိုက်လူတန်းစား၏ ပညာရေးကို သတိထားမိလာကာ ကျွန်မနှင့် ပါဝင်လက်တွဲလာခဲ့ကြသည်။

မိမိကိုယ်တိုင်လည်း တစ်ယောက်တည်းဖြစ်နေပြီး တစ်ယောက်တည်းဖြစ်ကာ ပရဟိတလုပ်ဆောင်နေချင်သူများဖြင့် စုစည်းလိုသောကြောင့် တစ်ကိုယ်တော် ပရဟိတသမားများ ကွန်ရက်အမည်ရှိ ပရဟိတကွန်ရက်တစ်ခုကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် စတင်တည်ထောင်ခဲ့ကာ မြိုင်အနောက်ဘက်ရှိ တောင်တန်းဒေသ၏ ဖွံ့ဖြိုးရေးကိုသာ အဓိကထား လုပ်ဆောင်ခဲ့သည်။ တစ်နှစ်တာအတွင်း ပြည်တွင်းနှင့် ပြည်ပရှိ အလှူရှင်ပေါင်း (၂၀၀) ကျော်ခန့်ထံမှ အလှူငွေ ကျပ်သိန်း ပေါင်း (၁၅၀) ခန့် ရရှိခဲ့ပြီး ကျပ် သိန်း (၁၀၀) ကျော်အား မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့အနောက်ဘက်မှာ ရှိတဲ့ စာသင်ဆောင် ၄ ဆောင်။ တောင်အောက်တွင် စာသင်ဆောင် ၂ ဆောင်၊ ရေတွင်း ၃တွင်း၊ တောင်ပေါ်မှ ၅တန်းတက်ရောက်မည့် ကျောင်းသားကျောင်းသူ ၅၀ကျော်ကို ဆက်လက်ပညာသင်ရန် ထောက်ပံ့ခြင်း၊ တောင်ပေါ်ကျောင်းများ၌ ရေတွင်းနှင့် ရေကန်များ ဆောက်လုပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ကွန်ရက်စတင်တည်ထောင်ခဲ့စဉ်မှ ယနေ့အထိ တောင်တန်းတစ်ကြောနှင့် တောင်ခြေတစ်ဝိုက်ရှိ စုစုပေါင်း ရွာ ၁၀ ရွာခန့်အား လစဉ်နီးပါး ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်လျှက်ရှိသည်။ ဒေသတကြော စိမ်းလန်းရေးအတွက် သစ်ပင် ၆၀၀ ကျော် စိုက်ပျိုးခဲ့ပြီး တရားပွဲများ ကျင်းပခြင်း၊ မြိုင်အနောက်ဘက်တစ်ကြောရှိ မူကြိုကလေးငယ် (၅၀၀) ကျော်အား အာဟာရတိုက်ကျွေးခြင်း၊ ဆေးနှင့် အနွေးထည်၊ အ၀တ်အထည်၊ ဖိနပ်၊ သင်ထောက်ကူ ပစ္စည်းများ၊ စာရေးစားပွဲပေါင်း အစုံ (၅၀)ကျော်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းအတွင်းရှိ ဆေးကျောင်းသားတစ်ဦးနှင့် ပညာရေးတက္ကသိုလ်မှ ကျောင်းသားတစ်ဦး စုစုပေါင်း ၂ ဦးကိုလည်း လစဉ်ပညာသင်ထောက်ပံ့ကြေးငွေ ပေးလျှက်ရှိသည်။

မြိုင်အနောက်ဘက်ပိုင်းရှိ ကျေးရွာများအပြင် ၂၀၁၃ခုနှစ်အတွင်း ပခုက္ကူအတွင်းရှိ အနာကြီးရောဂါသည်များအား ဆေးကုသခြင်း၊ ဆေး၊ အ၀တ်အထည်များနှင့် အလှူငွေလှူဒါန်းခြင်း၊ ဧရာဝတီတိုင်း ဟသာင်္တမြို့၏ ရေဘေးသင့် ဒေသများသို့ ဆန်အိတ်များ၊ ဆေးနှင့် စားစရာများ လှူဒါန်းခြင်း၊ ပဲခူးတိုင်းအတွင်းရှိ သာယာဝတီမြို့မှ ဘ.က ကျောင်းသို့ ဆန်အိတ်များလှူဒါန်းခြင်း စသည်တို့ကို ဆောက်ရွက်ခဲ့ပါတယ်။ လက်ရှိတွင် တစ်ကိုယ်တော်ပရဟိတသမားများကွန်ရက်အတွင်း ကွန်ရက်တည်ထောင်သူအဖြစ်ပါဝင် လှုပ်ရှားနေပြီး မြစ်မခသတင်းမီဒီယာအေဂျင်စီ၏ သတင်းအယ်ဒီတာအဖြစ်လည်း တာဝန်ထမ်းဆောင်လျှက်ရှိကာ မိသားစုနှင့်အတူ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်အတွင်း နေထိုင်လျှက်ရှိသည်။