[X] Choose Font Here

Monday, April 14, 2014

ဝိရတီပါပ မင်္ဂလာ

 ၂၀၁၄  ဧပြီလ ၁၄ ရက် ၊ ၁၃ရ၅ တန်ခူးလပြည့်  သင်္ကြန်အကျနေ့  (ဥပုသ်နေ့)

ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့



(၁၉) ၀ိရတီပါပ မင်္ဂလာ
ကိုယ်နှူတ်နှစ်ပါး ဒုတရား ရှောင်ရှားနေ့စဉ်သာ


                    ကိုယ်နဲ့ပြုတဲ့ ကာယဒုစရိုက်မှူ  ၊ နှုတ်နဲ့ပြောတဲ့ ၀စီဒုစရိုက်မှူတွေကို ရှောင်ကြဉ်နေထိုင်တာ ၀ိရတီပါပ မင်္ဂလာပဲ ။

                    သူ့ အသက်သတ်မှူ  ၊ သူ့ဥစ္စာခိုးမှူ  ၊   သူ့သားမယား  ပြစ်မှားမှူဆိုတဲ့ ကာယဒုစရိုက်တရားကို ရှောင်ကြဉ်ရမယ်၊ လိမ်ညာပြော ကုန်းချော ရန်တိုက် ကြမ်းတမ်းစွာပြော အကျိုးမရှိ ၀တ္ထုကြောင်း ရုပ်ရှင်ကြောင်းနဲ့ သူတကာ သားသမီးအကြောင်း အတင်းအဖျင်းပြောဆိုမှူ ဆိုတဲ့ ၀စီဒုစရိုက်တရားကို ရှောင်ကြဉ်ရမယ်၊ ဒါဆိုရင် ၀ိရတီပါပမင်္ဂလာနဲ့ ပြည့်စုံတာပဲ။ မကောင်း မှူပြုရမှာကို ဟိရီ - ရှက်ရမယ်၊ သြတ္တပ္ပ - လန့်ရမယ် ။

                  ဒီဟိရီ သြတ္တပ္ပ ဆိုတဲ့ (လောကပါလ) လောကကို စောင့်ရှောက်တဲ့ တရားနှစ်ပါး ရင်ထဲမှာ ထားနိုင်ပြီဆိုရင် သူတော်ကောင်းတရားလည်းဖြစ်တာမို့ မကောင်းမှူမှန်သမျှ ကင်းစင်တော့တာပါပဲ ။ မနာလိုဝန်တိုတဲ့ မစ္ဆရိယစိတ် ငြူစူ စောင်းမြောင်းတဲ့  ဣဿာာ စိတ်လည်းမရှိတော့ဘူး ။

                တရားဆိုတာ ဧကောဓမ္မော လို့ဆိုတဲ့အတိုင်း သူတော်ကောင်းတရား တစ်လုံးကိန်းရင် မိမိသန္တာန်မှာ ဒုစရိုက်မှုတွေ ကင်းစင်သွားတော့တာပဲ ။  ဒုစရိုက်မှုတွေကင်းစင်ရင် လောဘ ဒေါသလည်းငြိမ်းတာပဲ ။

               ကိုယ်စိတ်နှစ်ပါး အေးချမ်းသာယာမှူကို လိုလားတဲ့ သူတော်စင်တိုင်း ၀ိရတီပါပ မင်္ဂလာတရားနဲ့ ညီအောင် နေထိုင်ကြပါလေ ။

Sunday, April 13, 2014

အာရတီပါပ မင်္ဂလာ

၂၀၁၄  ဧပြီလ ၁၃ ရက် ၊ ၁၃ရ၅ တန်ခူးလဆန်း ၁၄ရက် သင်္ကြန်အကြိုနေ့  (ဥပုသ်နေ့) 
 

ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့ 



(၁၈)အာရတီပါပ မင်္ဂလာ
ဒုစရိုက်မှန် စိတ်နဲ့ကြံ  အမှန်ရှောင်ကြပါ


                  မကောင်းမှု မှန်သမျှ စိတ်နဲ့တောင် မကြံစည်ဘဲ ရှောင်ကြဉ်နေထိုင်တာ အာရတီပါပ မင်္ဂလာပဲ ။

                  အာရုံငါးပါးကို ကြံစည်မယ်ဆိုရင် လောဘ ကိလေသာ ဖြစ်မယ်။ သူ့အသက်ကို သတ်ဖို့ကြံစည်မယ် ၊ ကိုယ်မုန်းတဲ့ လူကိုကြံစည်တွေးတောနေမယ်ဆိုရင် ဒေါသကိလေသာ ဖြစ်မယ်။

                  စိတ်အကြံအစည် ညစ်နွမ်းရင်လည်း အပါယ်လားနိုင်တာပဲ ။  သူတကာရဲ့ စည်းစိမ်ဥစ္စာ အချောင် ရယူဖို့ကြံစည်ရင် လောဘ၊ သူတကာရဲ့ စည်းစိမ်ဥစ္စာကို ပျက်စီးဖို့ရာ ကြံစည်ရင် ဒေါသ၊ ဒီလောဘ ဒေါသက အပါယ်ကို တွန်းပို့မှာပဲ ။ သူတော်ကောင်းတရား ရင်ထဲကိန်းသူတိုင်း မကောင်းတာမကြံစည်တော့ဘူး။ ဒါဆိုရင် မိမိသန္တာန်မှာ လောဘ ဒေါသ ဖြစ်ခွင့်မရတော့ဘူး။ လောဘ ဒေါသ မဖြစ်အောင် တားဆီးနိုင်လေ ကိုယ်ရော စိတ်ပါ ငြိမ်းချမ်းလေပဲ။ သတိတရားထားနိုင်လေ စိတ်စွမ်းအားမြင့်မားလေမို့ စိတ်စွမ်းအားတွေလဲ မြင့်မားအောင် အာရတီပါပ မင်္ဂလာတရားနဲ့လည်း ညီအောင် ကောင်းတာကိုပဲ ကြံစည်နေထိုင်ကြပါလေ ။

Monday, April 7, 2014

အန၀ဇ္ဇကမ္မ မင်္ဂလာ

 ၂၀၁၄ ဧပြီလ ၇ ရက် ၊ ၁၃ရ၅ တန်ခူးလဆန်း ၈ ရက်  (ဥပုသ်နေ့)




ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ  ရေးသားသော

မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့



(၁၇) အန၀ဇ္ဇကမ္မ မင်္ဂလာ
အများကောင်းကျိုး လွန်သည်ပိုး ကိုယ်ကျိုးမဖက်ရာ


                   အများကောင်းကျိုး မြို့ရွာကောင်းကျိုး တိုင်းပြည်ကောင်းကျိုး သည်ပိုးဆောင်ရွက် နေထိုင်တာ အန၀ဇ္ဇကမ္မ မင်္ဂလာပဲ ။

                   လူတိုင်းလူတိုင်း ထင်ပေါ်ကျော်ကြားလိုတဲ့ စိတ်ကို ဘေးဖယ်ရှားပြီး အများကောင်းကျိုး မြို့ရွာကောင်းကျိုး တိုင်းပြည်ကောင်းကျိုး သည်ပိုးဆောင်ရွက်ရမယ် ။ ဒါဟာ အပြစ်ကင်းစင်တဲ့ သူတော်စင်အလုပ်ပါ ။  အန၀ဇ္ဇကမ္မမင်္ဂလကို နေ့စဉ်အရယူကြပါ ။

                  အလောင်းတော်ကြီးတွေဟာ မိမိအကျိုးထက် ရပ်ရွာအကျိုး အများအကျိုးကို သည်ပိုးဆောင်ရွက်ခဲ့တဲ့ ဘ၀တွေများတယ် ။

                 အများချမ်းသာဖို့ဆိုရင် ကိုယ့်အက်ကိုပင် ပဓာနမထားဘဲ ဆောင်ရွက်လုပ်ကိုင် ကူညီခဲ့တယ်။  ဒါဟာ အလောင်းတော်ကြီးတွေရဲ့ စိတ်ထားပါ။

                 ပုထုဇဉ်တွေရဲ့ အတွေးက အများအတွက် ဆောင်ရွက်လုပ်ကိုင် အကူအညီပေးရင် ကိုယ့်အတွက်မရဘူးလို့ ထင်နေတာ ။ တကယ်တော့ အများအကျိုးသယ်ပိုးဆောင်ရွက်လေ ကိုယ့်အတွက်ရလေပါပဲ ။ သူတော်စင်တိုင်း နောင်ဘ၀ သံသရာကောင်းစားဖို့နဲ့ ပါရမီကုသိုလ် တိုးပွားဖို့ရာ ရပ်ရွာအကျိုး တိုင်းပြည်အကျိုး သာသနာ့အကျိုးတွေကို စေတနာလုံကလထားပြီး သည်ပိုးဆောင်ရွက်ရမယ်။ သူတော်စင်တိုင်းနေ့စဉ် အန၀ဇ္ဇကမ္မ မင်္ဂလာတရားနဲ့ ညီအောင် နေထိုင်ကျင့်သုံးကြပါလေ ။




Friday, April 4, 2014

သမီးလေး နဲ့ ကာကွယ်ဆေး များ


ဒီအကြောင်း ကို ရေးတဲ့အခါမှာ သမီးလေး အကြောင်း ဆိုတာထက် မွေးခါစ မှ သုံးနှစ်အထိ ကလေးတွေ အတွက် ထိုးရမယ့် ကာကွယ်ဆေးများကို မှတ်တမ်းများမှ ကူးယူ စုစည်းခြင်းသာဖြစ်ပါတယ် ။

သမီးလေး က မွေးတော့ မြန်မာပြည်မှာ ၊ နောက် မိဘတွေရှိတဲ့ စင်္ကာပူ ကို လာလိုက် ၊ ထိန်းပေးတဲ့ အဘိုးအဘွားတွေ ပတ်စ် အဆင်မပြေတော့ ပြန်သွားလိုက် နဲ့ နောက်ဆုံး ဒီမှာ child care ထားလိုက်တော့ ကာကွယ်ဆေးတွေက မြန်မာမှာထိုးလိုက် စင်္ကာပူမှာ ထိုးလိုက် နဲ့ ကျမ တို့က သတိလွတ်တော့ လစ်ဟင်းချက် ဖြစ်တာလေးတွေ ၊ နောက် မထိုးမဖြစ် ကာကွယ်ဆေးများနဲ့ အတူ တခြားလိုအပ်လို့ ထိုးဖြစ်ခဲ့တဲ့ ဆေးလေးတွေကို မှတ်တမ်းလေး တစ်ခု အဖြစ် လုပ်ထားချင်လို့ပါ ။

သမီးလေး ကို မွေးဖို့ မြန်မာပြည်ပြန်မယ်ဆိုတော့ မပြန်ခင် မှာ ကလေးလေးတွေအတွက် ကာကွယ်ဆေးအကြောင်းတွေရှာဖတ်ခဲ့ပါတယ် ။ ကျမ က အင်္ဂလိပ်လိုလဲ သိပ်မကျွမ်းကျင်တာကြောင့် ကိုယ့်မြန်မာတွေ ရေးတဲ့ထဲကနေရှာဖတ်ခဲ့ရပါတယ် ။

ကာကွယ်ဆေး  ( We She Me)   ကို ပရင့် ထုတ်ပြီး ယူသွားခဲ့ပါတယ် ။ သူ့ထဲမှာပါတဲ့ 5-in-1

(ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်အတွက် DPT (Diptheria, Pertussis & Tetanus) (DTap လို့လည်းခေါ်ပါတယ်၊ DTP လို့လည်းခေါ်ပါတယ်) ၃မျိုးနဲ့ ပိုလီရို (Polio) အခြေခံ (မဖြစ်မနေ) ၄မျိုး ရယ် တုပ်ကွေး Hib (Haemophilus Influenza)ရယ် ၅မျိုး ကို ထိုးရပါတယ်။ မြန်မာပြည်မှာတော့ ပိုလီရိုက သောက်ဆေးတဲ့။ ကံကောင်းချင်တော့ Combined Vaccine ဆိုပြီး ၅မျိုးပေါင်း (5-in-1 – DTPa-IPV-Hib)ရှိနေတော့ One Shot တည်းနဲ့ ပြီးသွားတယ်။)

ဆိုတာကို မြန်မာပြည်မှာ ရှိမရှိ သေချာမသိသေးတာကြောင့် မွေးပြီးရင် ဒီကနေ လှမ်းပို့ပေးဖို့ သူငယ်ချင်းတွေနဲ့ ချိတ်ခဲ့ပါသေးတယ် ။
ကံကောင်းချင်တော့ မြန်မာပြည်မှာလဲ 5-in-1 က ရှိနေပါပြီ ။
သမီးလေးကို မွေးတဲ့ ၂၀၁၁ မှာ Thet Paing Soe Co;Ltd  မှာ ၀ယ်လို့ရတယ်ဆိုတော့ ၀မ်းသာသွားပါတယ် ။




သက်ပိုင်စိုး ရဲ့ ကလေးမွေးခါစ ကနေ ၆ နှစ်အထိ ကာကွယ်ဆေးထိုးဖို့ Schedule ပါ ။






Singapore Polyclincs ( SingHealth) ရဲ့ ကလေးမွေးခါစ ကနေ ၁၁ နှစ်အထိ ကာကွယ်ဆေးထိုးဖို့ Schedule ပါ ။ ဒါတွေဟာ မထိုးမဖြစ် ထိုးရပြီး ကလေး ကို ကျောင်းအပ်တဲ့အခါမှာ အရွယ်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးများ ကို ထိုးပြီးဖြစ်ကြောင်း certificate ပါရပါတယ် ။
ဒီတော့ ဒီမှာ မထိုးဖြစ်ဘဲ မြန်မာပြည်ကို ရောက်တုန်း အဲဒီမှာ ထိုးခဲ့မယ်ဆိုရင်လဲ ဆရာဝန်ဆီမှာ ထိုးပြီးကြောင်း လက်မှတ်ကို တောင်းလာပြီး စင်္ကာပူ က HEALTH BOOKLET က IMMUNISATION RECORD OF CHILD မှာ စာရင်းသွင်းရပါမယ် ။ (အပေါ်ပုံမှာ ပုံကြီးချဲ့ကြည့်ပါ) ။ ဒါမှသာ ကလေး ကျောင်းအပ်တဲ့အခါ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ် ။

သမီးလေးကို မတ်လ ၁၈ မှာ မွေးပြီး ဧပြီလ ၁၁ မှာ BCG တီဘီ (Tuberculosis) ကာကွယ်ဆေးကို ကလေးဆေးရုံကြီးမှာ ထိုးပါတယ် ။

Hepatitis B  အသည်းရောင်ဘီ ကာကွယ်ဆေးအတွက် (0/1/6) ဆိုပြီး မွေးခါစ ၊ တစ်လ နဲ့ ခြောက်လဆိုပြီး သုံးခါထိုးမှ ဆေးပါတ်လည်မှာပါ ။
သမီးလေးက 1st Hepatitis B vaccine - Myanmar
                     2nd Hepatitis B vaccine -Singapore
                     3rd Hepatitis B vaccine - Myanmar  ထိုးပါတယ် ။

ဆုံဆို့၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်အတွက် DPT (Diptheria, Pertussis & Tetanus) (DTap လို့လည်းခေါ်ပါတယ်၊ DTP လို့လည်းခေါ်ပါတယ်) ၃မျိုးနဲ့ ပိုလီရို (Polio) အခြေခံ (မဖြစ်မနေ) ၄မျိုး ရယ် တုပ်ကွေး Hib (Haemophilus Influenza)ရယ် ၅မျိုး အတွက် ကာကွယ်ဆေး (5-in-1 – DTPa-IPV-Hib) ကို တော့ သက်ပိုင်စိုး က ( 2/3/4 သို့ 2/4/6 ) လို့ ပြပြီး Singapore Polyclincs ကတော့ ( 3/4/5) လို့ ပြပါတယ် ။
သမီးလေး က 1st 5-in-1 – DTPa-IPV-Hib  - Myanmar
                      2nd 5-in-1 – DTPa-IPV-Hib  -Singapore
                      3rd 5-in-1 – DTPa-IPV-Hib  - Singapore  ထိုးပါတယ် ။


မြန်မာမှာ အထက်ပါ ကာကွယ်ဆေးများကို မြို့နယ် ကျန်းမာရေး ဆေးခန်းတွေမှာ Unicef က လဲ အလကားထိုးပေးတဲ့ အစီအစဉ်  ရှိပါတယ် ။ အဲဒီမှာ ပိုလီယို ကာကွယ်ဆေး က အစက်ချတာပါ ။ ( ၀ီရှီမီ ထဲမှာရေးထားတာက--- သောက်ဆေးနဲ့ ထိုးဆေးနဲ့ ကွာတာ တစ်ခုရှိပါတယ်။ ထိုးဆေးတွေက ဗိုင်းရပ်စ်အသေ(အခွံ)ပါ။ သောက်ဆေးတွေကတော့ Attenuated Virus ပါ။ အာနိသင်မရှိတဲ့ ဗိုင်းရပ်စ် အရှင်ပါ။ အခန့်မသင့်ရင် Attenuate Virus တွေက အန္တရာယ် ပေးနိုင်ပါတယ်။ အထူးသဖြင့် ပိုလီရိုသောက်ဆေးပါ။ )   မိဘများ ကိုယ့်ကလေးအတွက် ကာကွယ်ဆေးကို ရွေးချယ်တဲ့အခါ သတိပြုနိုင်အောင်လို့ပါ ။

၁-၂ နှစ်မှာ MMR  - Primary dose ( 1st dose) ကို ထိုးရပါမယ် ။
MMR  အတွက် ပန်းဖလက်လေး ရှိနေလို့ အတူတွဲတင်လိုက်ပါတယ် ။
















Measles - ၀က်သက်
Mumps - ပါးချိတ်ရောင်
Rubella - ဂျိုက်သိုး
Chickenpox - ရေကျောက် ပါ ။
























MMR  ကို မထိုးမဖြစ် ကာကွယ်ဆေးထဲ ထည့်ထားပါတယ် ။ Chickenpox ကိုတော့ စင်္ကာပူရဲ့ ကာကွယ်ဆေး schedule ထဲ ထည့်မထားဘဲ မိဘများ က ဆန္ဒရှိမှ ထိုးလို့ရပါတယ် ။ မြန်မာမှာတော့ ၁၂ လ မှာ ထိုးရမယ့် schedule ထဲမှာ ပါပါတယ် ။

ဒါပေမယ့် စင်္ကာပူရဲ့ ကလင်းနစ်တွေမှာတော့ Chickenpox ဟာလဲ ကြောက်ဖို့ကောင်းလို့ ထိုးရမယ်လို့ သတိပေး စာတန်းလေးတွေကပ်ထားပါတယ်
Chickenpox ( Varicella)
- A Highly contagious illness
- Virus is spead through coughs, sneezes or direct contact with rash secretion
-Symptoms are an itchy sjin rash covering the body and fever
-Complications are bacterial infection of the skin., swelling of the brain and pneumonia
-May result in scarring and shingles
သမီးလေး ကို ၁၃ လ မှာ စင်္ကာပူမှာပဲ ထိုးခဲ့ပါတယ် ။


 နောက် အသဲရောင် အသားဝါ ကာကွယ်ဆေးဖြစ်တဲ့  Hepatitis A ကို မြန်မာ က schedule မှာ ၁၂ လ နဲ့ ၁၈ လ မှာ ထိုးရမယ်လို့ ရေးထားပါတယ် ။
စင်္ကာပူ schedule ထဲမှာ မပါတော့ သမီးလေး ကို မထိုးဖြစ်ခဲ့ပါဘူး ။  အခုမှ မြန်မာ က schedule ကိုကြည့်ပြီး ဘာအတွက်လိုတာလဲ လို့ သိချင်လို့ ခင်မင်တဲ့ ဆရာဝန်ကို မေးတော့ မြန်မာမှာ အစားအသောက် သန့်ရှင်းမှူနည်းတာ ဆိုးဆေး စတာတွေ ရှိတဲ့အတွက် ထည့်ထားတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ် ။ မြန်မာပြည်ကို ပြန်မယ်ဆိုရင်တော့ ထိုးထားတာ အကောင်းဆုံးပါပဲ တဲ့ ။
(သိချင်လို့ မေးတဲ့အခါတိုင်း စိတ်ရှည်လက်ရှည် ရှင်းပြတဲ့ ဆရာ့ကို ကျေးဇူးအထူးတင်ရပါတယ်။)
သမီးလေး ကို မနက်ဖြန်ပဲ သွားထိုးပါမယ် ။


နောက်တစ်မျိုး ကတော့ Rotavirus ပါ ။



















ဝမ်းပျက် ၀မ်းလျှော အော့အန်တတ်တာမျိုးပါ ။ ဒါလဲ အခန့်မသင့်ရင် အသက်အန္တရာယ် ကို ထိခိုက်တတ်တာမို့ ကာကွယ်ဆေးထိုးထားသင့်ပါတယ် ။ အထူးသဖြင့် သန့်ရှင်းတဲ့ နိုင်ငံက ကလေးတွေ မြန်မာပြည် တို့ တရုတ်ပြည်တို့ ကိုသွားတဲ့အခါမှာ ကြိုတင်ကာကွယ်တဲ့အနေ နဲ့ ထိုးသင့်တယ်လို့ ဆိုပါတယ် ။


TYPHOID ( 1 DOSE EVERY 3 YEARS)
MENINGOCOCCAL( 1 DOSE EVERY 3 -5 YEARS)
PNEUMOCOVVAL

စတဲ့ တခြား ကာကွယ်ဆေးတွေလဲ ရှိပါသေးတယ် ။

ကာကွယ်ဆေးထိုးတဲ့အခါမှာ အထိုးခံရတဲ့ကလေးရဲ့ ကိုယ်ခံအားအရရော ၊ ကိုယ်ခန္ဓာ ရဲ့ တုံ့ပြန်မှူကြောင့်ရော အနည်းနဲ့အများဖျားနာတတ်ပါတယ် ။
ဆေးထိုးပြီးပြီဆိုရင် ထိုးထားတဲ့နေရာကို ရေခဲလေးကပ်ပေးတာ ၊ Calpol အရည်လေး ကြို တိုက်ထားတာတို့ လုပ်ပေးရပါတယ် ။

ကလေး အတွက် ကာကွယ်ဆေး ကတော့ နိုင်ငံအလိုက် သူ့ဒေသရဲ့ လိုအပ်ချက်နဲ့အညီ ကွာခြားမှူလဲရှိနိုင်ပါတယ် ။
ကျမ ရေးထားတဲ့ မွေးခါစမှ ၃ နှစ်အတွင်း ကာကွယ်ဆေးထိုးရမှာတွေမှာ ကျန်သွားတာတွေ ထပ်ပြီး ထိုးသင့်တာတွေ ရှိခဲ့ရင် အကြံပေး ကွန်မန့်များရေးခဲ့ပေးဖို့ လေးစားစွာမေတ္တာရပ်ခံပါတယ် ။

မိဘ များရော ကလေးပါ ကျန်းမာရွှင်လန်းကြပါစေ လို့ဆုတောင်းလိုက်ပါတယ်ရှင် ။

Tuesday, March 18, 2014

Happy 3rd Birthday Hay Mar


အချိန်တွေ အကုန်မြန်လိုက်တာ ။ သမီးလေး ဟေမာတောင် သုံးနှစ်ပြည့်သွားပြီ ။
သမီးလေး ဟေမာ အမြဲပျော်ရွှင်ကျန်းမာပါစေ ။
ကောင်းသောလိုအင်ဆန္ဒများ အားလုံးပြီးပြည့်စုံ ပါစေ လို့ ဖေဖေ နဲ့ မေမေ က ဆုတောင်းပေးပါတယ် ။


ဟေမာလေး မွေးခါစ







ဟေမာလေး တစ်နှစ်ပြည့်








ဟေမာလေး နှစ်နှစ်ပြည့်













သုံးနှစ်သမီးလေး ဟေမာ

ဟေမာလေး ရဲ့ တစ်နှစ် နဲ့ တစ်နှစ် တိုးတက်ပြောင်းလဲ လာတာတွေကို ဘေးကနေ ကြည်နူးခံစားရင်း သမီးလေး နဲ့ အတွက် ကိုယ်တိုင်အများကြီး ကြိုးစားရဦးမယ်လို့  ............။




သမီးလေး က ကလေးလေး ပုစိကွေးလေး မဟုတ်တော့ဘူး ။
ဖေဖေ နဲ့ မေမေ ကို သူ က ပြန်ပြီး ဂရုစိုက်တတ်လာပြီ ။

ဖေဖေ ညောင်းနေတယ်ဆိုရင် ခိုင်းစရာမလိုဘူး တက်နင်းပေးတယ် ။
ဖေဖေ ရုံးကပြန်လာရင် အိတ်ကို မနိုင်မနင်းသယ်ပေးချင်တယ် ။
(ပြီးရင်တော့ အိတ်ထဲကဟာတွေကို တစ်ခုချင်းထုတ်ပြီး ဖွတော့တာပေါ့)

ဖေဖေ့ မျက်နှာ ကို သေချာ သူ့လက်လေးနဲ့ ကိုင်ကြည့်ပြီး အဖု တွေ့ရင် ဖေဖေ နာနာလား လို့ စိတ်မကောင်းတဲ့ အသံလေးနဲ့ မေးတတ်သေးတယ် ။

မေမေ မျက်ရည်ကျတာတွေ့ရင် မေမေ ဖေဖေ က ဆူလို့လား ။ ဆူတာ မနာဘူးနော် ။မနာရင် ငိုရဘူးနော် ဆိုပြီး ချော့တတ်သေးတယ် ။

အိမ်ကို ဧည့်သည်လာလို့ ဘဲလ်တီးရင် သူပဲဖွင့်ပေးချင်တာ ၊ အပြင်သွားရင် ဓါတ်လှေခါးကို သူပဲ ခလုတ်နှိပ်ချင်တာ ၊ ဖေဖေ မေမေ အတွက် ဖိနပ်ကို သူထုတ်ပေးတာပဲ စီးစေချင်တာတို့ နဲ့ ရှုတ်ယှက်ခတ်နေပါပြီ ။