[X] Choose Font Here
Friday, August 9, 2013
ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ စလေရုပ်စုံကျောင်း - ၂
စလေရုပ်စုံကျောင်းတော် ( ၇ )
ဆောင်လှလို့ ခေါ်တဲ့ အဆောင်ကိုတော့ ကျန်တဲ့ အဆောင်တွေထက်မြှင့်ပြီး
ဓမ္မစေတီတော်များဖြစ်ကြတဲ့ ပေစာထုတ်တွေထည့်ဖို့ စာတိုက်သေတ္တာများထားလို့ 
ဇေတဝန်ဆောင်လို့ လည်းခေါ်ပါတယ်။
အဲဒီ စလေရုပ်စုံကျောင်းရဲ့ ဇေတဝန်ဆောင်ထဲက
စာတိုက်သေတ္တာတွေထဲမှာ ဆရာတော် ဦးဂုဏ နဲ့  ဒကာတော် ဦးဘိုးကြည်တို့ ရဲ့
မှတ်တမ်းမှတ်ရာ ပေစာထုတ်များစွာ ကျန်ရစ်ခဲ့တာကိုတွေ့ ကြရချိန်မှာတော့
အဲဒီပေစာထုတ်တွေဟာ ကုန်းဘောင်ခေတ်ရဲ့ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး
ကြေးမှုံပြင်အဖြစ် အရိပ်ထင်ကျန်ရစ်ခဲ့တော့တာဟာ နှောင်းလူများအတွက် တန်ဖိုးကြီးလှပါသော သမိုင်းအမွေအနှစ်များဖြစ်ခဲ့ရပြန်ပါတယ်။
ကျောင်းဒကာ ဦးဘိုးကြည်ကို ရှေးမြန်မာတွေထဲမှာအင်မတန်စည်းစနစ်ရှိသူလို့  မှတ်တမ်းတင်နိုင်ပါတယ်။
မြန်မာနှစ် (၁၂၄၇ )ခရစ်နှစ်( ၁၈၈၅ ) အထိ အရောင်းအဝယ်ပုရပိုက်တွေချန်ထားခဲ့ရာမှာ
ဈေးနှုန်းများ၊ အပေါင်ခံသော လယ်မြေ စာချုပ်များ၊ ထန်းလျက်ပို့ သော သင်္ဘောများကို
ရတနာယဉ်ကျော်၊ စင်္ကြာရေမွန်၊ တုလွှတ်ယဉ်ကျော်၊ မှသည် ပန်းသေး၊ အီဒင်၊ တာလီဖူး
ထိမှတ်တမ်းများ ကင်းကြေးပေးရသော စာရင်းများ၊ ပိတ်အုပ်အရောင်းအဝယ်စာရင်းများ၊
သီပေါမင်းရဲ့နာမည်ကြီး အတွင်းဝန် ဗိုလ်ချုပ်ဖြစ်တဲ့ လှေသင်းတွင်းဝန်ထံ အရှင်မှာထားသော စိန်တင်လက်စွပ်ကိုလည်း လူကြုံရှာကြံပေးပို့ ပါမည် ဆိုသောမှတ်တမ်းများအပြင်
ဓါးပြတိုက်ခံရသော စာရင်းထိ ပုရပိုက်မှတ်တမ်း ပြုစုထားနိုင်ခဲ့သော ရှေးမြန်မာတစ်ယောက်အဖြစ်
သြချ မှတ်တမ်းတင်ရမယ့် ဒကာတော်ဦးဘိုးကြည်ပဲဖြစ်ပါတယ်။
စလေရုပ်စုံကျောင်းတော် ( ၈ )
ကျောင်းဒကာဦးဘိုးကြည်ရဲ့ ကောင်းမှုတော်ရေစက်ချ စာတမ်းအလိုအရ
သက္ကရာဇ် ၁၂၅၄ ခု ဝါဆိုလဆန်း( ၅ )ရက်နေ့ နံနက် ( ၈) နာရီ အချိန်တွင် မင်္ဂလာနှင့်ရင်စွာမြင့်သော်အစချီလို့  တောင်သာဇာတိ၊ အောက်ထက်တလွှား လွန်ထင်ရှားတဲ့
ဦးဘိုးကြည်နဲ့ ဇနီးမရွှေသက်၊သမီးမယ်စော၊ သားဘဖေ၊ ဘငွေ၊ ဘကျွေ၊ ဘဆွေတို့ ကောင်းမှု ကို ရေစက်ချလှုဒါန်းခဲ့တဲ့ကျောင်းတော်ကြီးဟာ ခရစ်နှစ် ၁၈၈၂ ခု၊ မြန်မာနှစ် ၁၂၄၄ မှာ စတင်တည်ဆောက်ပြီး ခရစ်နှစ် ၁၈၉၂ ခု၊ မြန်မာနှစ် ၁၂၅၄ မှာပြီးလို့  (၁၀) နှစ်ကြာမြင့်ခဲ့တဲ့ ဆောက်လုပ်မှုဖြစ်ပါတယ်၊
အဲဒီခုနှစ်ကစိတ်ဝင်စာဖို့ကောင်းခဲ့ပါတယ် ။
စလေရုပ်စုံကျောင်းတော် ( ၉ )
ဒီစလေရုပ်စုံကျောင်းတော်ကြီး တည်ဆောက်ခဲ့တဲ့ ရတနာပုံခေတ်ရဲ့ နိဂုံးပိုင်းကိုပြန်ကြည့်တော့
သမိုင်းစာမျက်နှာတွေက စလေမြို့ ကို ခတ်ကြမ်းကြမ်းဖြတ်သန်းနေပါတယ်။
ကနောင်မင်းသား လုပ်ကြံခံရ မှုမှာ ပုန်ကန်တဲ့ မြင်ကွန်း၊ မြင်ခုန်တိုင်မင်းသားတွေကို အခါပေးတဲ့အမှု နဲ့ 
နာမည်ကျော် စာဆို ဦးပုည ရာဇဝတ်သင့်ပြီး ကွပ်မျက်ခံရပါတယ်။၊
ဦးပုညရဲ့ဇာတိမြို့ စလေက ပဒေသရာဇ်ခေတ်မှာ သူပုန်ရဲ့ဆွေမျိုးသားချင်း အလိုလို ဖြစ်သွားတာမြင်ရပါတယ်။
ကြောက်လန့် လို့ ပြေးရှောင်ပုန်းကြတဲ့သူတွေကို ကြာရင်သူပုန်ဖြစ်မှာ ကို ဘုရင်ကစိုးရိမ်ပါတယ်၊
နောက်ဆုံး ဘယ်နေ့ ဘယ်ရက်မှ ပြန်ဝင်မလာရင်သူပုန်သတ်မှတ်မယ်၊ အခုပြန်ဝင်ရင် အပြစ်လွှတ်မယ်လို့ 
တစ်နယ်လုံးက ယုံကြည်အားထားတဲ့ သုဓမ္မာဂိုဏ်းထောက်ဆရာတော် ဦးဂုဏ ကနေတစ်ဆင့်
အမိန့် ထုတ်ခိုင်းမှ ပြန်လာကြတာတွေလည်းဖြစ်ပျက်ခဲ့ပါတယ်။
ကျောင်းတော်ကြီးကိုတည်ဆောက်နေစဉ်မှာ မြန်မာနိုင်ငံသမိုင်းမှာအဖြစ်အဆိုးဆုံးဖြစ်ရပ်နဲ့ ကြုံပါတယ်၊
၁၈၈၅ မှာ သီပေါမင်းပါတော်မူပြီး တစ်နိုင်ငံလုံးသူ့ ကျွန်ဘဝကို ရောက်ကြရပါတော့တယ်။
သူတစ်ပါးလက်အောက် တစ်တိုင်းပြည်လုံးကျရောက်ပြီး အင်္ဂလိပ်အုပ်ချုပ်ရေးအစမှာ
စလေမြို့တောင်ဘက်မှာ အင်္ဂလိပ်ဆန့် ကျင်သူ နယ်ချဲ ဆန့် ကျင်ရေးခေါင်းဆောင် ပုပ္ပါးမဟိံသဘွဲ့ ခံ
ဗိုလ်ရန်ညွန့် နဲ့ နောက်လိုက်တွေကို အင်္ဂလိပ်တွေက သေဒဏ်ပေးခဲ့တယ်။
စလေအပိုင် ပလောင်ရွာသူကြီးရဲ့သား နယ်ချဲ့ ဆန်ကျင်ရေးခေါင်းဆောင် ဗိုလ်ရာညွန့် ကိုလည်း
ပေါက်မြို့ မှာကြိုးပေးသတ်ခဲ့တယ်၊ ကျောင်းဒကာဦးဘိုးကြည်ကိုယ်တိုင်လည်း
ရွှေတစ်ကျပ်သား (၃၀) ကျပ်ရှိတဲ့ ရတနာပုံ ပသေရာဇ်ခေတ်ရဲ့ နိဂုံးချုပ်ကာနီးကာလမှာ
ကျပ်နှစ်သောင်းဘိုး ဓါးပြတိုက်ခံရပြီး ဓါးပြအပြန်လမ်းအတွက် ဓါးစာခံ ခေါ်လာတဲ့
၅ မြို့ ဝင်စာရေးကြီးကို အပြန်လမ်းမှာ ဓါးပြများက သတ်ပစ်ခဲ့တဲ့အတွက်
တုန်လှုပ်ချောက်ချားနေပြီး ဓါးပြတိုက်ခံရကြောင်းလျောက်ထားစာမှာ - မြို့ ကူလူမရှိ ၊
ဆိုတဲ့စကားလုံး၊ မြင်းခြံမြို့ နေ အစ်ကိုထံပေးစာထဲက - ဓါးပြတိုက်ပစ္စည်းများပြား
ရှိလှသောကြောင့်တစ်ကြောင်း၊ လောကဓံတရားကို မလွန်ဆန်နိုင် တရားနှင့်ဖြေသော်လည်း
မဖြေချနိုင်၊ လောဘအတွက်ဒုက္ခရောက်နေရပါသောကြောင့် အစ်ကိုမှတစ်ပါး အားကိုးရာမရှိပါကြောင်း
တိုင်တည်ပုံစာသားနဲ့ စလေရုပ်စုံကျောင်းတော်ကြီး ရေစက်ချစာတမ်းအဆုံးက
- ကိုယ်မပေးက မည်သူမျှသည် မရမယူနိုင်စေသောဝ် - ဆိုတဲ့ အဆုံးသတ်ဆုတောင်းတို့ က
စလေမြို့ မှာရင်ဆိုင်နေရတဲ့ ရတနာပုံ ပဒေသရာဇ်ခေတ်ရဲ့ နိဂုံးကိုမြင်နိုင်ပြီဖြစ်ပါတယ်၊
အဲဒီ ခေတ်ဆိုးခေတ်ပျက်ကြီးမှာ ၁၀ နှစ်ကြာ တောင့်ခံပြီး ကျောင်းတော်ကြီးကို ရုပ်စုံခင်းခဲ့ကြတဲ့
ဆရာနဲ့ ဒါယိကာ အပြင် နောက်ဆုံး အချောသတ်တပ်ဆင်ခဲ့တဲ့ အနုပညာရှင်ပန်းပုဆရာတို့ ဟာ
လူမျိုးလည်းခြားပါသော၊ စာစကားလည်းခြားပါသော။ ဘာသာအယူလည်းခြားပါသော။
အင်္ဂလိပ် အုပ်စိုးစဉ်ကာလမှာ စိတ်အခြေအနေကောင်းကောင်းနဲ့ ကျောင်းတော်ကြီးကို အံ့မခန်းလက်ရာများဖြင့် ပြီးဆုံးအောင်လက်စ သတ်ခဲ့ကြခြင်းကိုတော့ အမှောင်ထဲမှာ ထွန်းလင်းတောက်ပခဲ့တဲ့ အဓိပ္ပါယ်များစွာကိုဆောင်ပြီး အနှစ်သာရများစွာပါဝင်တဲ့ စလေမြို့ က မီးတောက်မီးလျှံကြီးပါ လို့ ဆိုချင်ပါတယ်။
 စလေရုပ်စုံကျောင်းတော် (၁၀)
( ရေစကြိုနယ်က စလေရုပ်စုံကျောင်း ပန်းပုဆရာ)
ကျောင်းဒကာ ဦးဘိုးကြည်ဟာ အလွန်တရာမှ မှတ်တမ်းမှတ်ရာ ထားခဲ့ပါသော်လည်း ကံမကောင်းစွာဖြင့် စလေရုပ်စုံကျောင်းတော်ကြီးကို အပြီးသတ် ပန်းပုရုပ်များ တပ်ဆင်ခဲ့တဲ့ ပန်းပုဆရာများရဲ့ အမည်နာမကို မတွေ့ကြရပါဘူး။ မှတ်တမ်းထားခဲ့သော်လည်း ပျောက်ဆုံးခြင်းလည်းဖြစ်နိုင်ပါတယ်။ ကျောင်းတော်ကြီးကို စလေမြို့နယ်၊ စညောင်ရွာက လက်သမား ဗိသုကာ များနဲ့ ဆောက်လုပ်စေခဲ့ပြီး ဇာတ်တော်တွေကိုတော့ ရေစကြိုနယ်က ပန်းပုဆရာ အကျော်အမော်များနဲ့ ထုလုပ်တပ်ဆင်ခဲ့တယ်လို့ပဲ သိရှိရပါတော့တယ်။ ရတနာပုံ ခေတ်ရဲ့ စံထားလောက်တဲ့ အနုပညာလက်ရာတွေဟာ ရေစကြိုနယ်က ပညာရှင်များက အံ့သြလောက်ဖွယ် ဖန်တီးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။ စလေဆရာရဲ့နောက် ၁၆ နှစ်အကြာ၊ ခရစ်နှစ် ၁၉၀၈ ခုနှစ်မှာ ပခုက္ကူက ရွှေဂူကြီးဘုရားအတွက် စံထားလောက်တဲ့ သစ်သား ၆ လက်မ ထု ကိုပန်း ၈ ထပ် (8 Layers) ထုလုပ်ထားတဲ့ တံကဲတော်ကြီးကိုလဲ ရေစကြိုမြို့နယ်၊ လေးအိမ်တန်းရွာက ပန်းပုဆရာကြီး ဆရာကံကြီးနဲ့ သား မောင်တေ တို့က ထုလုပ်ခဲ့တယ်လို့ ပန်းပုဆရာကိုယ်တိုင်ဂုဏ်ယူစွာတံကဲတော်ကြီး အတွင်းမှာနာမည်ထွင်းထု မှတ်တမ်းတင်ခဲ့ပါတယ်။
ရွှေဂူဆရာရဲ့ တံကဲပန်းပု ရုပ်ကြွများကတော့ ထူထူထွေးထွေးနဲ့ မျက်နှာခံစားချက်တွေမှာ အရသာကို ထည့်သွင်းတယ်လို့ ဆိုချင်ပါတယ်။ အဲဒီ တံကဲတော်ကြီးရဲ့ ဘယ်ဖက်အောက်ခြေက ဗိမ္မိသာရ ဇာတ်ရုပ်တွေကို အမယ်ကြီးအို ဦးအောင်စိန်က မြင်တွေ့နှစ်သက်ရာကနေ ရွှေမန်းတင်မောင်ကို ပြောပြလို့ ရွှေမန်းတင်မောင်က အဲဒီဇာတ်ကို ကခဲ့တယ်လို့ အဆိုရှိပါတယ်။
အဲဒီဇာတ်က ထီးချက်စောင့်နတ်သမီးရုပ်လေးဟာ ရွှေဂူဆရာရဲ့ စံ လို့လည်း ပြောချင်ပါတယ်။
စလေဆရာရဲ့ ပန်းပုရုပ်များကတော့ ရှည်သွယ်ကျော့ရှင်းပြီး ပျော့ပြောင်းနွဲ့နှောင်းမှုမှာ အရသာကို ထည့်သွင်းတယ်လို့ ဆိုချင်ပါတယ်။
စလေရုပ်စုံကျောင်းရဲ့ ရုပ်ထုပေါင်း (၄၅) ခုမှာ အားလုံးဟာ ငါးပါးအာရုံ ကာမဂုဏ် နဲ့ပတ်သတ်တဲ့ ဇာတ်ကွက်များ ဖြစ်ပြီး သတိ သံဝေဂ ရဖို့ရည်ရွယ်ကာ ဆရာတော်ကြီးရဲ့ ညွှန်ကြားမှုနဲ့ ထုလုပ်ခဲ့တယ်လို့ မှတ်တမ်းရှိခဲ့ကြပါတယ်။ ဇာတ်တော်တွေဟာ (၅၅၀) နိပါတ်တော်၊ ဓမ္မပဒ ဇာတ်တော်တွေနဲ့ ထိုခေတ်က ခေတ်စားခဲ့တဲ့ ထိုးဇာတ်တစ်ချို့ပဲဖြစ်ပါတယ်။
စလေဆရာက ထုလုပ်ခဲ့တဲ့ ဒီသစ်သားပန်းပုတွေဟာ ရတနာပုံခေတ်တွင်သာမကဘဲ ယနေ့ မျက်မှောက်ခေတ်အတွက်ပါ ရှေ့ပြေးလွန်းလှပြီး၊ သစ်သားပန်းပု တွေ့ဖူးသမျှမှာ သဘာဝတောတောင်ရေမြေကို ထည့်သွင်းထုလုပ်ခဲ့တာဟာ ရှားမှ ရှားလှသည့်အထဲ တီထွင်ဖန်တီးမှုနဲ့ ဇာတ် တစ်ဇာတ်ခြင်းစီအတွက် ထုတ်နှုတ်ပြတဲ့တင်ပြမှုမှာထိပ်တန်းလက်ရာဖြစ်သလို တစ်ခုတည်းသော လက်ရာအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။
ဓမ္မပဒ တဏှာဝဂ်က ဥပက နဲ့ မဆာဝါ၊ (၅၅၀) အသေတိ နိပါတ်၊ ကုဏာလ ဇာတ်က ဗာရာဏသီပြည့်ရှင်မင်းကြီးနဲ့ မိဖုရား ကိန္ဒရဒေ၀ီဇာတ်၊ မဟာဓန သူဌေးသားရဲ့ ကာမဂုဏ်၌ ယစ်မူးနေတဲ့ ဇာတ်၊ ဥမ္မာဒန္တီဇာတ်၊ ပုဏ္ဏကဘီလူး မ ဖက်လိုက်လို့ မိုက် ဖက်ပါတဲ့ ၀ိဒူရဇာတ်၊ အရှင်သုန္ဒရ သမုဒ္ဒအား ဖြားယောင်ခန်း၊ ရွှေဖျင်းကြီး ရွှေဖျင်းလေးဇာတ်၊ မပဋာနဲ့ ကိုဒါသဇာတ်တို့ဟာ  ပြောင်မြောက်လှတဲ့ အနုပညာလက်ရာများ ဖြစ်သလို နှောင်းခေတ်မြန်မာများအတွက်လည်း စံထားရတဲ့ ဇာတ်ကွက်နဲ့ လက်ရာများဖြစ်ခဲ့ပါတယ်။
 စလေရုပ်စုံကျောင်းတော် ( ၁၁ )
 မြင်းဇောင်းလေးပါ ထည့်ပြီးထုလုပ်ထားတဲ့ ကုန်းဘောင်ခေတ်က အိမ်ကလေးနဲ့ပတ်သတ်လို့ မည်သည့်ဇာတ်တွင်မှန်း မသိရသလို၊ ကျန်သောဇာတ်ကွက်အချို့ကိုလည်း မသိနိုင်ကြတော့တဲ့ ဇာတ်ကွက်အချို့ရှိခဲ့ပါတယ်။
စလေရုပ်စုံကျောင်းတော်ကြီးရဲ့ မြုပ်နေတဲ့အကြောင်းအရာတစ်ခုဟာ တပည့်ဆရာတော်များက မပြောလိုကြတဲ့ ကိစ္စဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ လမ်းညွှန်ကြီးကြပ်ခဲ့တဲ့ ဆရာတော် ဦးဂုဏဟာ နယ်ချဲ့ကိုလိုနီတို့ရဲ့ ပယောဂကြောင့် ကျောင်းတော်ကြီးကို စွန့်ခွာသွားခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ အင်္ဂလိပ်နယ်ချဲ့ရဲ့ မြန်မာပြည်အတွက် ပထမဦးဆုံး မြို့ပြအုပ်ချုပ်ရေးစနစ်မှာ စလေမြို့ကို အုပ်ချုပ်ရတဲ့ ပထမဆုံးမြို့အုပ်ရဲ့ လက်စွဲတော် စာပို့သမားဟာ ဆရာတော်ကြီး တောရဆောက်တည်လျက်ရှိတဲ့ ဂုဏ်းထောက်ကန် တောရကျောင်းအနီးမှာ မုဒိန်းမှု ကျူးလွန်ခဲ့ပါတယ်။
ကျူးလွန်သူတရားခံကို ထောက်ခြေကန်သူကြီး ဦးခို က ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်လျက် စလေမြို့အုပ်ထံ အပ်နှံတဲ့အခါ မြို့အုပ်က သူ့တပည့်ကို လက်ပြန်ကြိုးတုပ်ရကောင်းလားလို့ အမျက်ရှပြီး သူကြီး ဦးခိုကို ငေါက်ငန်းကြိမ်းမောင်းတဲ့အခါ ရိုးသားသောသူကြီးက အကြောက်လွန်ပြီး သက်သာရ ရနိုး၊ အမှုမှန်ပေါ်နိုးဖြင့် ဆရာတော်ကြီး ဦးဂုဏရဲ့ အမိန့်အရ လက်ပြန်ကြိုးတုပ်ခဲ့ပါတယ်လို့ ဆရာတော်ကြီးအမည်ကို သုံးလိုက်ပါတယ်။ စလေမြို့အုပ်ကလည်း စလေတစ်နယ်လုံးက ကြည်ညိုလျက်ရှိတဲ့ ဆရာတော်ကြီး ပါဝင်နေလျှင်ဆိုပြီး အမှုကို ပုဂံ၊ ဆဗ္ဗဒီဝီဇံ အရေးပိုင် မစ္စတာကေရီထံ လွှဲပြောင်းပေးခဲ့ပါတယ်။
စလေတစ်နယ်လုံးအပေါ် သြဇာညောင်းပြီး၊ မင်းမိဖုရားတို့ အကိုးကွယ်ခံ၊ တန်ခိုးကြီးဆရာတော် ဦးဂုဏအား လူနာမည်ဖြစ်သော မောင်ထောင် ကိုခေါ်ဝေါ်သုံးစွဲကာ မုဒိန်းမှုရဲ့ အဓိကသက်သေအဖြစ် မောင်ထောင်ခြင်း မိုးမွှန်အောင်ခေါ်လို့ ဆင့်ခေါ်စစ်ဆေးခဲ့ပါတယ်။ ဂုဏ်းထောက်ကန် ဆရာတော်ဘုရားကြီးအနေဖြင့် မြို့ဝန်အခွန်များကို မမှန်ကန်ခဲ့လျှင် ကျောင်းသို့ခေါ်ပြီး တရားနှင့်အညီ ဆုံးမနိုင်ခွင့်ရှိခဲ့တဲ့ ဆရာတော်ကြီးဟာ သူ့ကျွန်ဘ၀၊ ဘာသာခြားတို့၏ တရားရုံးမှာ သက်သေအဖြစ် အစစ်ဆေးခံခဲ့ရတဲ့ အဖြစ်ဆိုးကို ကြုံကြိုက်ရတဲ့အခါ စိတ်နှလုံးညှိုးချုန်းရပါလိမ့်မယ်။ အမှုပြီးဆုံးသည့်ညမှာပဲ စလေရုပ်စုံကျောင်းတော်ကြီးနှင့် ဂုဏ်းထောက်ကန် တောရကျောင်းတို့ကို မည်သည့်တပည့်တပန်း ဒါယကာတို့ကို အသိမပေးဘဲ စွန့်ခွာပြီး တစ်ပါးတည်း တိတ်တဆိတ် ထွက်ခွာခဲ့တဲ့ ဆရာတော်ကြီးဟာ စလေမြို့တောင်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ စလင်းထောင့်လှေဆိပ်ကိုရောက်တော့ ခေတ္တဆိုက်ကပ်ထားတဲ့ ကတ္တူလှေကြီးရဲ့ ပိုင်ရှင်က လှေပေါ်သို့ပင့်ဖိတ်ပြီး၊ အကျိုးအကြောင်းသိရတဲ့အခါ လှေကိုကြိုးဖြုတ်၍ တစ်ခါတည်း စုန်ခဲ့ပြီး၊ သူ့နေရပ်ဖြစ်တဲ့ လမုကြီးရွာကို ပင့်သွားပြီး ကျောင်းဆောက်လုပ် လှူဒါန်းကိုးကွယ်ထားခဲ့ပါတယ်။
ဆရာတော်ကြီး ဘ၀နတ်ထံ ပျံလွန်တော်မူတဲ့အခါမှပဲ ဆက်သွယ်သတင်းပေးခဲ့လို့ ဒကာ ဦးဖိုးကြည်နှင့် တပည့်ရဟန်းတို့က လမုကြီးရွာကိုလိုက်သွားပြီး၊ ဆရာတော်ကြီးရဲ့ ဥတုဇ ရုပ်ကလာပ်က ကြွင်းတဲ့ အရိုးတော်တစ်ဝက်ကို စလေမြို့သို့ ပြန်လည်ပင့်ဆောင်လာခဲ့ပြီး၊ ဆရာတော်ရဲ့ အရိုးကို ဌာပနာကို စလေမြို့လယ်မှာ မဟာအဘယ စေတီတော်လို့ ဘွဲ့အမည်ပေးပြီး တည်ထားကိုးကွယ်ခဲ့ကြောင်းကို စာရေးဆရာ ဦးမောင်မောင်လတ်က ၁၉၉၇ ခုနှစ်၊ စာပေဗိမ္မာန် စာမူဆုရတဲ့ စလေပန်းပုရုပ်စုံကျောင်း စာအုပ်မှာ မှတ်တမ်းတင်ထားပေးခဲ့ပါတယ်။
ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ စလေရုပ်စုံကျောင်း - ၁
 မင်္ဂလာပါရှင် ။
မျက်နှာစာအုပ်ပေါ်မှာ ဆရာဒီဇိုင်းမျိုးဆွေသန်း ရဲ့ စလေရုပ်စုံကျောင်း အကြောင်းရေးထားတာတွေ့တော့ စလေ ကို လွမ်းနေရတဲ့ စလေသူကျမ အရမ်းဝမ်းသာသွားပါတယ်။
ညဘက် အိမ်မှာ အေးအေးဆေးဆေး သေချာဖတ်မယ်ဆိုတော့ သိတဲ့အတိုင်း မျက်နှာစာအုပ်မှာ အသစ်အသစ်တွေ ထပ်လာနေတော့ ပြန်ရှာရခက်သွားပါတယ် ။
အဲဒါနဲ့ ဆရာ့ရဲ့ စလေရုပ်စုံကျောင်း ပုံတွေ နဲ့ စာတွေကို ကျမကိုယ်တိုင်လဲ တစ်နေရာထဲစုပြီး ဖတ်ချင်သလိုစလေရုပ်စုံကျောင်း ကို သူများတွေကိုလဲ သိစေချင် ကြွားချင်တာမို့ ကျမ ဘလော့မှာ ကူးယူဖော်ပြခွင့် ကို ဆရာ့ဆီ ခွင့်တောင်းခဲ့ပါတယ် ။
စလေမြို့ ကို သွားရောက် လေ့လာ ဓါတ်ပုံမှတ်တမ်းများတင်ပြီး အချိန်ယူ ၍ မျက်နှာစာအုပ် စာမျက်နှာမှာ ဖော်ပြပေးတဲ့ ဆရာဒီဇိုင်းမျိုးဆွေသန်းကို ကျမတို့ စလေ မြို့ခံများကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောပြချင်ပါတယ် ။
ဆရာဒီဇိုင်းမျိုးဆွေသန်း ရဲ့ စလေရုပ်စုံကျောင်းက ပန်းပုတွေအပေါ်သုံးသပ်ချက်ကို မြင်းထိန်းငတာ လို ကျမ မချီးကျူးချင်ပါ ။ တကယ်တော့ ကျမဟာ ဘလော့ဂ်ဂါ ရီတာ ပြောသလို ဟင်အိုးကို မွှေနေတဲ့ ယောင်းမ တစ်ချောင်းသာ ။
စလေရုပ်စုံကျောင်းတော်
စလေရုပ်စုံကျောင်းတော်( ၁ )
မြန်မာတွေမှာ ဆရာ၊ ဒကာ၊ သာသနာ ဆိုတဲ့ ယဉ်ကျေးမှုပုံစံတစ်ခုရှိပါတယ်။ သာသနာကို ဆရာဆိုတဲ့ သံဃာကစောင့်ရှောက်၊ သာသနာကို စောင့်ရှောက်တဲ့ ဆရာကို ဒကာကချီးပင့်ဆိုတာက တစ်ဖက်ကလည်း လူမှုပုံစံဖြစ်လို့ နေခဲ့ပါတယ်။ အဲဒီလို နေ့ စဉ် လူမှုပုံစံကနေတစ်ဆင့်ပဲ ဗုဒ္ဓဘာသာကို လွန်ခဲ့တဲ့နှစ်တစ်ထောင်ကျော်ကနေ ဒီနေ့ ထိ မြန်မာတွေက လက်ဆင့်ကမ်းခဲ့ကြတာပါ။ အဲဒီလို ဆရာ၊ ဒကာ၊ သာသနာ အချိုးညီဖြစ်စဉ်ထဲကိုအနုပညာရှင်ဖြစ်တဲ့ပညာရှင်ကကျွမ်းကျင်စွာသင်ယူတတ်မြောက်ထားမှုကို အခြေခံပြီး စိတ်ကောင်းနှလုံးကောင်းနဲ့ စေတနာသန့် စွာပူးပေါင်းပါဝင်ခဲ့ပြီဆိုရင်တော့ အံ့မခန်းတဲ့ လက်ရာတွေနဲ့ ဖြစ်ရပ်တွေဟာ ဒါမြန်မာတွေပဲလို့  နှောင်းလူတွေ တသသနဲ့  ဂုဏ်ယူမဆုံးအောင် ကမ္ဘာလောကကြီးထဲမှာ ထင်ကျန်ရစ်တော့တာပါပဲ။ အဲဒီလို ဇြစ်ရပ်တွေနဲ့ အနုပညာလက်ရာတွေဟာ ဒီမြေပေါ်မှာမြောက်များစွာပါ။
အဲဒီ အတိတ်ကမြန်မာမှုတွေထဲမှာ ဟောဒီစလေရုပ်စုံကျောင်းဟာ ထိပ်တန်းကပါဝင်ပါတယ်။
စလေရုပ်စုံကျောင်းတော်( ၂ )
မြန်မာတို့ ရဲ့သမိုင်းပုံကလည်းဗုဒ္ဓဘာသာဝင်ရောက်လာရာကနေယဉ်ကျေးမှုတွေ
တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာခဲ့ရတာမဟုတ်လား၊ ဒီတော့ စလေမြို့ မှာ ရှေးမြန်မာတွေ ချန်ထားရစ်ခဲ့တဲ့ ရုပ်စုံကျောင်းတော်ကြီးဟာ၊သမိုင်းပုံအတွက်ရော၊ ယဉ်ကျေးမှုပုံအတွက်ရော၊ ဗုဒ္ဓဘာသာ ပုံအတွက်ပါ အရေးပါလှသလို မြန်မာတို့ ရဲ့ အနုပညာလမ်းကြောင်းအတွက်ပါတန်ဘိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးဖြစ်လို့ နေပါတော့တယ်။
စလေရုပ်စုံကျောင်းတော်( ၃ )
စလေရုပ်စုံကျောင်းတော်( ၄ )
(၄) စလေမြို့ဝင်လမ်းရဲ့တောင်ဖက် ကပ်ရက်က ဒက္ခိဏဝံကျောင်းတိုက်အတွင်းမှာရှိတဲ့ ကိုးဆောင်ကျောင်း(၁၂၃၁)နဲ့ စလေ အရှေ့ တောင်ဘက် (၆)မိုင်အကွာ ထောက်ခြေကန်ရွာ အပိုင် ကျပ်ကန်တောရတို့ မှာ(၇)ရက်စီလှည့်လည်ပြီး သီတင်းသုံးနေတဲ့သုဓမ္မာဂိုဏ်းထောက် ဆရာတော်ကြီးဦးဂုဏ ကို မင်းတုန်းမင်းရဲ့ မိဖုရား စိန်တုံးမိဘုရားကြီးက ကျပ်ကန်တောရကျောင်းကို ဆောက်လုပ်လှုဒါန်းခဲ့သလို မင်းတုန်းမင်းကြီးကလည်း ကျပ်ကန်တောရကျောင်းဝန်းကျင်ကို ဘေးမဲ့တောအဖြစ်သတ်မှတ်ပြီးအမိန့် ထုတ်ပြန်ပေးခဲ့ပါတယ်။
ကျောင်းဒကာဦးဘိုးကြည်က နယ်တကာလှည့်ပြီး အရောင်းအဝယ်လုပ်ရစဉ်ဘဝက စလေနဲ့  ခွေးချိုရွာကို
သွားရောက်ရောင်းဝယ်ရတဲ့ခြေလျင်ခရီးမှာ ဆရာတော်ကြီး ဦးဂုဏရဲ့  ကျပ်ကန်တောရမှာ ခေတ္တခဏ
 ချွေးသုတ်အမောဖြေလေ့ရှိပါသတဲ့၊ အဲဒီကတည်းက ဆရာတော်ကြီးကိုကြည်ညိုလွန်းလှလို့ 
တစ်နေ့ ငွေကြေးပြည့်စုံလာရင် ကျောင်းဆောက်လှုဦးမယ်လို့ ရည်စူးထားပါသတဲ့။
လက်ရှိဘုရင်နဲ့ မိဘုရားက ကျောင်းဆောက်လှုဒါန်းထားတဲ့ သုဓမ္မာ ဂိုဏ်းထောက်ဆရာတော်ကို
သူ့ ကျောင်းမှာ အမောဖြေဖို့  ခဏ နားခိုတဲ့ ခြေလျင်လျောက်ပြီးနွားသားရေရောင်းတဲ့ သာမာန် ဦးဘိုးကြည်က ပိုက်ဆံရှိရင် ကျောင်းဆောက်ပြီးထပ်လှုဦးမယ်လို့ ငြိုးခဲ့တဲ့ သဒ္ဒါတရား ရည်စူးချက်ကြောင့် ပေါ်ထွန်းလာခဲ့တဲ့ ရတနာပုံခေတ်နိဂုံးက စလေရုပ်စုံကျောင်းတော်ကြီးဟာ ဒီနေ့ ကျွန်တော်တို့ တွေ့ မြင်ရတော့ ဆရာ၊ ဒကာ၊ သာသနာ ညီညွတ်မှုရဲ့ပြယုဂ်အပြင် အခြားသောစိတ်ဝင်စားဖွယ်ရာ နောက်ခံအကြောင်းရာတွေက ကျွန်တော့်အဖို့ တော့  အဓိပ္ပါယ်များစွာကို ရည်ညွှန်းပါသော၊ အနှစ်သာရများစွာကို ဆောင်ကျဉ်းလာခဲ့ပါသော၊ ရှေးမြန်မာတို့ ရဲ့ အားမာန်ကိုပြဆိုပါသော ရတနာပုံခေတ်နိဂုံးက အမှောင်ထဲမှာထွန်းလင်းတောက်ပခဲ့တဲ့ မီးတောက်မီးလျံကြီးလို့ ပဲ ရည်ညွှန်းလိုက်ပါတယ်။
စလေရုပ်စုံကျောင်းတော် ( ၅ )
( ၅ ) အဲဒီလို ဆရာ ဒကာ သာသနာ အချိုးညီဖြစ်စဉ်ထဲက
မင်းတုန်းမင်းနဲ့  စိန်တုံးမိဘုရားကတောင်ကျောင်းဆောက်လှုခဲ့တဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်
များနဲ့ ပြည့်စုံလှပြီး ဝိနည်းထိုရ် လှတဲ့ ဆရာတော် ဦးဂုဏကို သူ့ ကျောင်းရောက်ရင် ခဏချွေးသိတ်အမောဖြေလေ့ရှိတဲ့ နယ်ပယ်တကာလှည့်ပြီးခြေလျင်ရောင်းဝယ်ရတဲ့ ဦးဘိုးကြည်က ငွေကြေးပြည့်စုံတဲ့ တစ်နေ့ ကျောင်းဆောက်ပြီးထပ်လှုဦးမယ်ဆိုတဲ့ရည်စူးချက်က သီပေါမင်းလက်ထက်မှာပြည့်ပါပြီ။
ရတနာပုံခေတ်နိဂုံးမှာ ရွှေ တစ်ကျပ်သား (၃၀) ခေတ်မှာ ဦးဘိုးကြည် (၈၀)တန် သိုးမွှေးအင်္ကျီ ဝတ်နိုင်ပါပြီ။ သူ့သဒ္ဒါတရားကိုအကောင်အထည်ဖေါ်ပါပြီ။
ကျောင်းဆောက်လုပ်ခွင့်လျောက်ထားတဲ့အခါမှာ ကျောင်းထိုင်မယ့်ဆရာတော်ရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် ကိုကြည့်ပြီးမှ ကျောင်းအဆင့်အတန်းခွဲပြီးခွင့်ပြုတဲ့ခေတ်မှာ ဆရာတော်ဦးဂုဏ အတွက် ဦးဘိုးကြည်ဆောက်လုပ်လှုဒါန်းမဲ့ ကျောင်းကို သီပေါမင်းက စလေကျောင်းတော်ကြီးအတွက် လိုအပ်မဲ့ကျွန်းသစ်များကို ကုသိုလ်ဒါနအဖြစ်နိုင်ငံပိုင်သစ်တောမှ အခွန်မဲ့ အခမဲ့ နှုတ်ယူခွင့်ပြုတဲ့စာချွန်တော်ထုတ်ပေးတဲ့အပြင် လှေကားလေးစင်းတပ် အိမ်တော်ပုံကျောင်း ကျောင်းဆောက်လုပ်ဖို့ လည်းခွင့်ပြုလိုက်ပါတယ်။
စလေရုပ်စုံကျောင်းတော် ( ၆ )
အိမ်တော်ပုံကျောင်းဆိုတာ အိမ်ရှေ့မင်းက သူ ဘုရင်ဖြစ်သွားတဲ့အခါထိုအိမ်ရှေ့မင်းဘဝကနေခဲ့တဲ့အိမ်ကိုဆရာတော်ကြီးတွေကိုကျောင်းအဖြစ်လှုဒါန်း
လေ့ရှိကြလို့ထိုအိမ်တော်ပုံသဏ္ဍာန်ဆောက်လုပ်လေ့ရှိတဲ့ကျောင်းကို အိမ်တော်ပုံကျောင်းလို့ ခေါ်တာပါ။
အိမ်တော်ပုံအမျိုးအစားဖြစ်တဲ့စလေရုပ်စုံကျောင်းဟာ လူတစ်ဖက်စာနီးပါးရှိတဲ့ တိုင်လုံးရေ ၁၅၄ လုံးကိုသုံးပြီးတည်ဆောက်ခဲ့ပါတယ်၊
အလျား (၁၅၀)ပေ၊ အနံ ( ၈၉ ) ပေကျယ်ဝန်းပြီး
၁ - ကျောင်းဦးပြသာဒ်ဆောင်
၂ - ဓနုဆောင်
၃ - ဆောင်ပု
၎ - ဇေတဝန်ဆောင်
၅ - ဆောင်မ
၆ - ခုံးဆောင်
၇ - ရေလယ်ဆောင် တို့ ပါတဲ့ အဆောင် (၇) ဆောင်နဲ့ကျောင်းတော်ကြီးဖြစ်ပါတယ်။
Thursday, July 25, 2013
၂ နှစ် လေးလ မဟေမာ
ဒီလ ၁၈ မှာ  နှစ် နှစ်လေးလ ပြည့်ပြီးသွားတဲ့  မဟေမာအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ ။
ဘယ်ကစပြောရမှန်းမသိလို့ ရန်ကုန်က မောင်လေးတစ်ယောက်ကပို့ပေးလာတဲ့ ဓါတ်ပုံလေးကနေ စပြောမယ် ။
               သမီးလေးရေ ဒီပုံလေးကိုကြည့်ပါဦး ဆိုပြီး သူ့ပုံလေးကို လက်ညှိုးထိုးပြီး ဒါဘယ်သူလေးလဲ ဆိုတော့ လိပ်ပြာလေးလေ မေမေရဲ့ တဲ့ ။ မအေ က မီးမီးပုံ လို့ ဖြေမယ်ထင်နေတာ ။
ဟေမာ့ ဖိုးဖိုး ပြန်သွားတော့ ဒီမှာ သူ့အဖိုးနဲ့ စားအတူ ကစားအတူတူ နေခဲ့တာဆိုတော့ သူ့အဖိုးကိုများ လွမ်းနေ သတိရနေမလားလို့ စိတ်ပူမိသေးတယ် ။ ကလေးဆိုတာ စွဲမိ စွဲရာမဟုတ်လား ။ သူကတော့ ဖိုးဖိုး ရန်ကုန်ပြန်သွားပြီ ဆိုပြီး ပြောနေတာကလွဲလို့ အေးအေးဆေးဆေးပါပဲ ။
အမယ် တနင်္ဂနွေတွေ သူ့အဖိုးဆီ ဖုန်းဆက်တော့ အဟုတ်ကြီး ...ဖိုးဖိုး ဘာစားလဲ မေးသေးတာ ။ သူ့အဖိုးက မုန့်ဟင်းခါး စားတယ် မီးမီးလေးရော စားမလားဆို ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ ဖုန်းပြောတာက ဖြောင့်လို့ ။ လာ ဟေမာ ဖွားဖွား နဲ့ ပြောလိုက်ဦးဆိုရင် တခါတလေ ခေါင်း က ယမ်းသေးတာ ...။
ဒီအနွေးထည်လေးပေါ့ သူ သိပ်ကြိုက်တယ်
  ဖေဖေ ရော မေမေပါ သူ့ကိုသိပ်ချစ်ကြမှန်းသိတော့ သိပ်ကိုဗိုလ်ကျတယ် ။ ပြန်လဲပြောတတ်နေပြီရယ် ...
သူ့အဖေ ၀ယ်လာပေးတဲ့ အနွေးထည်လေးကို ကြိုက်လွန်းလို့ မချွတ်ပဲဝတ်ထားတာ ။
ချွတ်ခိုင်းလို့လဲမရ ။
ခန နေတော့ သူ ဘွတ်ဘွတ်ပါတယ်ဆိုလို့ ရေချိုးခန်းထဲခေါ်သွားတော့
သူ့အဖေက အနွေးထည်လေးချွတ်ထားခဲ့ပါလား သမီးရယ် ရေစိုလိမ့်မယ် ဆိုတော့
                 အင်္ကျီကို မ ထားမှာပေါ့ ဖေဖေရဲ့ တဲ့ ချက်ချင်းပြန်ပြောတတ်တယ် ။
                သမီးလေး က မေမေ့ကို သိပ်ချစ်တော့ တခြားကလေးတွေကို ချီတာ မြှူတာ မကြိုက်ဘူး ။ မေမေ မချီနဲ့ မီးမီး ကိုပဲ ချီပါ လို့ ပြောသေးတာ ။
သူ့ အဖေ တောင် မအေနားကပ်တာ မကြိုက်ဘူးရယ် ။
              Giant မှာ ဈေးဝယ်သွားမယ်ဆို ဟေမာ တို့ ရှေ့ဆုံးကထွက်တယ် ။ အမယ် မအေ ကို သတိပေးသေးတာ မေမေ အကြွေနုတ်ပါလား တဲ့ ။ အပြန်ကျရင် အကြွေစေ့ထည့်တဲ့ စက်ကနေ မုန့်ထုတ်ဝယ်ခိုင်းမယ်လေ ။
သူ အပြင်အရမ်းထွက်ချင်နေပြီး မအေ က မထွက်နိုင်ရင် ဖိနပ်စင်က ဖိနပ်ထုတ်ပေးရတာနဲ့ ဓါတ်လှေခါးကို သွားနှိပ်ထားပေးတာနဲ့ ပျာနေတာ ။
မေမေ့ ကို ဘယ်လောက်ချစ်ချစ် အပြင်ထွက်ရင် ဖေဖေ နဲ့သာထိုင်ချင်တာပါတဲ့ ။ ကြည့်ဦး သူ့အဖေ ရုပ်ကြီးကို ပီတိတွေဖြာနေတာ
သူ ကာတွန်းကားလေး ကြည့်ချင်နေလို့ အပြင်မထွက်ချင်ဘူးဆို  မေမေ ချီပါ ၊ မေမေ ချီပါ  နဲ့ ဂျီတိုက်ရော ။ သူ့ ကိုယ်လုံးလေး က ၁၆ခွဲ ကေဂျီတောင် ရှိနေပေါ့ဟာကို ဒီမအေ ဘယ်တောက်လျှောက်ချီနိုင်ပါ့မလဲတော် ။
အိစ်ကုတ်မှာ ဒီလိုသဲတွေနဲ့ ပေလူးပြီးဆော့ရတာ ကြိုက်တယ်လေ
ပိတ်ရက်တွေဆို နေ့လည်နေ့ခင်း သူ့အဖေ အိပ်ယာက နိုးလာရင် ဖေဖေ အိစ်ကုတ်သွားမယ်နော် နော် နဲ့ ပူဆာသေးတာ ။ အခြေအနေ နဲ့ အချိန်အခါကြည့်ပြီးပူဆာတတ်တယ် ။
ခုလောလောဆယ် သူကြိုက်နေ လိုချင်နေတာတွေက ကပ်ခွာအရုပ်လေးတွေရယ် ။
အောက်ရောက်ရင် အဲဒီဆိုင်ဘက်လက်ညှိုးထိုးတော့တာ ၊ ဆိုင်ရောက်ရင် လူကြီးလေး လို ရပ်မော့ပြီး ငေးနေသေးတာ ။ မအေ က အလွယ်ကြုံရာဖြုတ်ပေးရင် မကြိုက်တာဆို ခေါင်းကိုယမ်း   ကြိုက်တာဆို ပြုံးသွားရော ။
ဟေမာ အဲလို စိတ်တိုင်းကျ ကျေနပ်လို့ ပြုံးသွားရင် ဘယ်လို ချစ်မှန်းမသိ ။ တကယ်တော့ ကိုယ့်သမီးလေးကို ငိုလဲချစ် ရယ်လဲချစ်ရတာပါပဲ ။
အိမ်ရောက်လို့ အိမ်နံရံတွေမှာ ကပ်ခွာလေးနဲ့ လိုက်ကပ်နေပြီဆို သူ့အဖေ နဲ့ တစ်ရန်ပဲ ။ ဖအေ ကလဲ အိမ်နံရံတွေ ပေမှာ ညစ်မှာသိပ်ဆိုးတယ်။ ကလေးရှိတဲ့အိမ်ကတော့ ပေမှာ ညစ်မှာ ပွမှာပဲပေါ့တော် လို့ ပြောရတယ် ။
သူ ပူဆာတာလေးတွေရရင် ဒီလိုပြုံးပြုံးလေး
                 ဟေမာ ကပ်ခွာရုပ်လေးတွေကို သိပ်ကြိုက် သိပ်ကပ်ချင်တဲ့တရားခံက သူတက်နေတဲ့ကျောင်းပေါ့ ။ ကျောင်းက သင်လာတာတွေထဲမှာ အရောင်ခြယ်တာရယ်   နောက် စာရွက်ပေါ်ကို ကော်နဲ့ ဆန်စေ့လေးတွေကပ်တာရော။ တခါတလေ လဲ ငှက်မွှေးလေးတွေကပ်လို့  ။
ကျောင်းကတော့ ဘယ်လို တွေကပ်ခိုင်းတယ်မသိ ဟိုနေ့ကတော့ မဟေမာတို့ အိမ်ငှားကလေးအခန်းထဲ လှစ်ဆိုဝင်ပြီး သွားတိုက်ဆေးဘူး သမလာပါရောလား ။ နောက် မွေ့ယာဘောင်ကို သွားတိုက်ဆေးတွေနဲ့သုတ်ပြီး တစ်ရှုးတွေ မွပြီးကပ်ထားတာဆိုတာ ...
ကိုယ့်ကိုလဲမြင်ရော စပ်ဖြီးဖြီးနဲ့ သူလုပ်တတ်တယ်ဆိုတဲ့ အထာနဲ့လေ ။ ဒီမှာတော့ ရှော့ ဖြစ်သွားလို့ ခနနေမှ အသက်ရှုပြီး ၀က်တစ်ရှုးနဲ့သုတ် အိပ်ယာခင်းတွေ လဲ နဲ့ အတော် အမောဆို့သွားတယ် ။
သူ့အဖေ စိတ်တိုင်းကျ သုတ်ထားတဲ့ နံရံက apple white လေးဟာလဲ အခုတော့ ရောင်စုံခဲတံ တွေနဲ့ ခြစ်ထားလို့ ကြောင်ခြစ်ရောင်ဖြစ်နေပြီ ။
                   အော် ကိုယ့်သမီးလေး ဒီမှာ ကစားဖို့ အဖော်မရှိ အပေါင်းမရှိ လို့ ကစားမှ ကစားဖြစ်ပါ့မလားရယ်လို့ စိတ်မကောင်းဖြစ်ရတဲ့ အဆင့်ကို မရောက်လိုက်ဘူး ။ မိန်းကလေးရယ်လို့ သူဆော့သမျှ လိုက်သိမ်းရတာ ဂျင်ခြေကိုလည် လို့ရယ် ။
ဟော သူ တစ်ရှူးတွေ ထုတ်ပြီးဖွထားတယ်လို့ ပြန်ထည့်နေတုန်း ၊ ၀က်တစ်ရှုးတွေ ဘူးထဲကထုတ် တစ်ရွက်ချင်းဖြတ်နေ ။ ပြန်ကောက်သိမ်းတုန်း နောက်ဖေး လှစ်ဆိုထွက်သွား အမှိုက်ပုံးသွားဖွင့် ။ တခုစီထုတ် အောက်ပစ်ချ၊ ထမင်းစေ့လိုစေးကပ်ကပ်ဆို အောက်ချ ခြေထောက်နဲ့ နင်း ပွတ် ၊ အဲဒီခြေထောက်နဲ့ ဧည့်ခန်းကိုပြန်ဖြတ် တအိမ်လုံးစေးကပ်ကပ် နဲ့ ။
အိမ်ရှေ့မှာရှင်း ကြမ်းပြန်တိုက်တုန်း အိမ်ခန်းထဲမှာပိတ်ထား တံခါးကို တ၀ုန်းဝုန်းထုပြီးအော် ၊ မီးခြစ်ပုံးအိမ်လေးမှာ အိမ်နားနီးချင်း အားနာပေမယ့် မတတ်နိုင်  မောရင်တိတ်သွားလိမ့်မယ်ဆိုတဲ့ထုံးနှလုံးမူပြီး ဆက်ရှင်း ။  ခနနေလို့ အသံတိတ်သွားတော့ အော် ငါ့သမီးလေး မောသွားရှာပြီထင်ပါရဲ့လို့ တံခါးသွားဖွင့်ကြည့်လိုက် အ၀တ်ဗီရိုကိုဖွင့် ခေါက်ထားတဲ့ အ၀တ်တွေ ကို ဆွဲချ တစ်ထည်ချင်းဖြန့်ကြည့်ထား ပွလို့ ။
အမယ်မင်း တတ်လိုက်တဲ့ငါ့သမီး ..လူနဲ့ မျောက်နဲ့ များစပ်ကျထားသလားအောင်းမေ့ရ တယ် ။
နေမကောင်းသလိုမို့ရုံးလေးတစ်ရက်မသွားမိပါတယ် ထမင်းတောင် စားချိန်မရှိလိုက်ဘူး ငါ့နှယ် ။ ဖျားချင်တာတွေလွင့်စင်ပြီး ကိုယ်တွေလက်တွေ နာကျန်ခဲ့ပါရောလား ။
ဒါတောင် မနက်က မေမေနဲ့ပဲနေမယ် ကျောင်းမသွားဘူးဆိုတာကို ဇွတ်လိုက်ပို့လိုက်လို့ ကျောင်းချိန် တစ်နာရီခွဲမှာ ရေလေးချိုး ကော်ဖီလေးသောက်လိုက်ရလို့သာ ။
                     သူ့ကို ကျွေးမွေး ရေချိုးပေးပြီး အိပ်သွားတော့လဲ အော် ကိုယ့်သမီးလေး ချစ်စရာဆိုပြီး ပွေ့ဖက်ထားချင်မိသေးတယ် ။
ညနေ သူ့အဖေ ပြန်လာတော့ ၀မ်းသာအားရနဲ့ ဖေဖေပြန်လာပြီ ဖေဖေပြန်လာပြီဆိုပြီး ပြေးကြိုတော့ အော် ငါ့သမီးလေး ဖအေကိုလဲ ချစ်ရှာတယ် ၀မ်းသာအားရပြေးကြိုရှာတယ်လို့ အတွေးမဆုံးသေး ဖေဖေ့ဖုန်းရော ဖေဖေ့ဖုန်းရော နဲ့ တန်းတောင်းတော့တာပဲ ။
သူ့အဖေ ကို အမောပြေ ပန်းသီးလေးစိတ်ကျွေးတော့ ဘေးကနေ ၀င်တီးနေတာ အဟုတ် ။ စပျစ်သီးရှိသေးတယ် စားမလားလို့မေးတော့ အဲဒါ မီးမီးဟာ မစားနဲ့ လို့ အော်တော့ အင်းးး ကြီးလာရင်တော့ အားကိုးရမယ့် သမီးလေးပေပဲလို့  တွေးမိတယ် ။
ဒီလို ဒီလိုတွေ ရေးလို့ ဟေမာလေး ကို သိပ်သိပ်ကဲတယ်လို့ မမြင်ကြပါနဲ့နော် ။
ညဘက် အိပ်လို့ချမ်းရင် သမီး ရယ်ချမ်းလိုက်တာဆို စောင်ကိုမနိုင်မနင်းမပြီး ခြုံပေး တာတို့ ။ ရေသောက်ချင်လိုက်တာဆိုရင် အပြင်ထွက်ပြီး တွေ့တဲ့သူကို ရေဘူးမထည့်ခိုင်းပြီး အခန်းထဲ ရေယူလာပေးတာတို့ ။ ဖုန်းလာနေရင် မေမေ ဖုန်းလာနေတယ်ဆိုပြိး လာပေးတာတို့ လုပ်နေပါပြီ ။
Wednesday, June 26, 2013
ထင်လာတဲ့ အက်ကြောင်း
                     ဒေါသထွက်ထွက်နဲ့ ထမင်းကိုနယ်နေတော့ ထမင်းက စိစိမွမွကြေနေပြီ ။ဆက်ပြီး စားချင်စိတ်မရှိတော့ ။ ဒါနဲ့ လက်ကိုထပြီးဆေးလိုက်သည် ။
ညကျရင်တော့ ၀မ်းဟာတာနဲ့ အိပ်ပျော်ပါ့မလားတွေးမိပြန်သည် ။
ကိစ္စမရှိ ။ အိပ်ယာဝင်ခါနီးမှ မိုင်လိုတစ်ခွက်သောက်လိုက်မည် ။
စိတ်မပါ လက်မပါ ရှိပေမယ့် စားပွဲပေါ်မှ ဟင်းများကို ဘူးထဲထည့်တန်တာထည့် ရေခဲသေတ္တာထဲထည့် စားပွဲရှင်းရင်း ပန်းကန်တွေဆေးရပေဦးမည်။
                    အိမ်ထောင်သည်ဘ၀ ဒေါသထွက်တော့လဲ မိန်းမတွေသာ ပင်ပန်းတာပါပဲလား လို့ တွေးမိပြန်တော့ လုပ်ကိုင်နေရင်းကို ဒေါသက ထပ်ထွက်လာပြန်သည် ။
                                     တကယ်ဆို လူတိုင်း လူမှူရေးရှိကြတာ နားလည်သည်။
ညနေစာ အိမ်မှာမစားဖြစ်ဆိုစောစောပြောပါတော့လား ။ ဒါဆို ကိုယ်လဲ ရုံးက အိမ်ပြန်ရောက် ကသောကမျောချက်စရာမလိုတော့ ။ ကိုယ့်အတွက်သက်သက်ဆို အသုတ်လေးပဲ သုတ်စားစား လွယ်တာလေးသာ လုပ်ဖြစ်မည်ပေါ့ ။
                                     အခုတော့ အိမ်မှာ ကြက်သားချည်းပဲရှိတော့ အသားချည်းဆို သူမကြိုက်တတ်တာမို့ ဘူးသီးနဲ့ ရောဖို့ လမ်းမှာ ဘူးသီးကို ရှာဝယ်လာရသေးသည်။
                          ကြက်သားနဲ့ ဘူးသီးကိုအရေစပ်စပ်လေးချက်ပြီး ငါးပိမီးဖုတ်သုတ်မယ်ဆိုပြီး ဟင်းအိုးတည် ကြက်သွန်လှီး နောက်မှ သံပုရာသီးကိုရေခဲသေတ္တာထဲ ကုန်းကွ ရှာနေတုန်း ဒီညနေ သူငယ်ချင်းကလှမ်းချိန်းလို့ အိမ်ပြန်မစားဘူးဆိုပြီးဖုန်းဆက်တော့ ဒေါသက ထွက်ထွက်နဲ့ ဘုတော မိလိုက်တော့သည် ။
ဘုတောမိလိုက်တော့ သေချာတာက စောစောပြန်လာရင် နာညီးချိန်ပိုကြာမည် မို့ နောက်ကျမှ ကုပ်ချောင်းချောင်းနဲ့ပြန်လာတော့မည် ။
                        အိမ်မှာမျှော်မယ့် မိန်းမ မရှိတိုင်း ရုံးတက်ရက် ကြားရက်မချန် စိတ်ကူးရရင် ရသလို ဂတီးဂတီးချိန်းတတ်သော သူငယ်ချင်းများကို အပြစ်တင် လွှဲချစရာအကြောင်းမရှိ ။ သူတို့ကတော့ စိတ်အား လူအားတာရော စိတ် ဟာ တာ ရောနဲ့ လှမ်းခေါ်ကြမည်သာ ၊ နောက်ငဲ့ကြည့်စရာမှ မရှိဘဲ ။ ကိုယ့်မှာက ကိုယ့်အခြေအနေ နဲ့ ကိုယ်။ ငြင်းရမှာ အားနာတယ်ဆို အိမ်ကလူကိုတော့ အားမနာသည့် သဘော ။
                        တွေးရင်း တွေးရင်း နဲ့ အိမ်ထောင်သည်ဘ၀ မှာ သူကိုယ့်ကို ထည့်မစဉ်းစားဘဲ လုပ်ချင်ရာလုပ်တတ်သည့်အကြောင်းများ အထူးသဖြင့် အပေါင်းအသင်း ကိုအားနာပြီး ကိုယ့်ကိုအားမနာသည့် အကြောင်းများကို ပြန်စဉ်းစားစရာမလိုပဲ တရေးရေးပေါ်လာ စိတ်နာနေမိသည် ။
                    ဒီလို ဒီအကြောင်းတွေကြောင့်ပဲ အိမ်ထောင်သည်တွေဟာ ချစ်လို့ယူယူ ဘာကြောင့်ယူယူ ကြာလာတဲ့အခါ စိတ်ကသိကအောင့်တွေဖြစ်လာ ၊ နောက်တဖြည်းဖြည်းနဲ့ တစ်အိမ်ထဲနေပေမယ့် စိတ်ရော ကိုယ်ပါ ဝေးကွာလာကြတာဖြစ်မည်။
                           ဒီတလော  http://www.burmeseclassic.com/ က စာအုပ်စင်မှာလဲ ကိုယ်တို့ငယ်နုစဉ် ကနာမည်ကြီးစာအုပ်ဆရာနွမ်ဂျာသိုင်းရဲ့ ဒေါင်းယဉ်ပျံဘုံနဘေးမှာ ကိုတင်ထားတာတွေ့ရသည် ။
အိမ်ထောင်သည်ဘ၀ ကြာလာသောအခါ ငြီးငွေ့လာတဲ့ယောကျားက ပြင်ပမှာအသစ်အသစ်လေးတွေကိုခံစားချင်တဲ့သဘောကို ရေးထားတဲ့စာအုပ်ဖြစ်သည်။
                            တိုက်တိုက်ဆိုင်ဆိုင် အမစုချစ်ကလဲ ( https://www.facebook.com/notes/suuchit-thu/%E1%80%A1%E1%80%B1%E1%80%90%E1%80%BC%E1%82%95/673609409322771 ) ဒီညနေပဲ အတွေ့ဆိုသော နုတ်စ်လေးရေးသေးသည်။
သူတို့ယောကျားတွေမှာသာ အတွေ့တွေ အငွေ့တွေ ခံစားချင်ခံစားမည် ၊ ကိုယ်တွေမှာတော့ အလုပ်အပူ ၊ သားသမီးအပူ၊ မိဘဆွေမျိုးအပူ  အို နောက်ဆုံး အစားပူအသောက်ပူမီးဖိုချောင်အပူနဲ့ ပူလွန်းလို့ ဘာအတွေ့မှကို မလိုချင်တော့ပြီ ။
အတွေ့ နုတ်စ်လေးအောက်မှာ အဲလို အိမ်ထောင်ရေးတွေဖြစ်ကြ ပျက်ကြ အက်ကြောင်းထင်ကြတဲ့ အကြောင်းတွေ ခုတလော ခဏခဏကြုံရတာကို ကိုယ်က ကွန်မန့်ရေးမိတော့ တခြားတစ်ယောက်က ဒီအရွယ် ဒီအသက်တန်းရောက်လာတာမို့ ဒီသတင်းတွေကြားရချိန်တန်လာပြီ လို့  ပြန်ရေးတော့ ဟုတ်ပေသား လို့ ကိုယ့်အရွယ် ကိုယ့်အသက်ကို ပြန်ဆန်းစစ်ရသည်။
အို အက်တာ ကွဲတာ ကတော့ အသုံးများအကိုင်ကြာ ဖြစ်တော့ဖြစ်မည်သာ။ ဆက်သုံးလို့ ရမည် မရမည်တော့ အတူကိုင်ကြသူတွေရဲ့ တန်ဖိုးထား ရိုသေမှူအပေါ်မူတည်ပါလိမ့်မည်။
Saturday, June 22, 2013
မယ်သံ နဲ့ ဆန်အကြောင်း သောင်းပြောင်းထွေလာ
               ဒီရက်တွေထဲ စင်္ကာပူမှာ အင်ဒိုနီးရှားက တောတွေမီးရှို့လို့ ရောက်လာတဲ့ မီးခိုးငွေ့တွေများလွန်းလို့ အပြင်မထွက်ချင်ခါမှ အိမ်မှာဆန်က ကုန်နေပြန်ရော ။
ဝယ်နေကျ Giant က ဝေးလို့ နီးနီးနားနား အိမ်အောက်က ကုန်စုံဆိုင်လေးကပဲ ၀ယ်တော့မယ်ဆိုပြီး သွားကြည့်လိုက်တော့ ဆန်အမျိုးအစား သိပ်မကြိုက်တာနဲ့ မ၀ယ်ပဲ ပြန်တက်လာတယ်။
ညဘက် ရှိတာလေးနဲ့ စားပြီး မနက်မှ မနက်ဈေးက ၀ယ်ပါ့မယ်လေ ဆိုပြီး ။
               အိမ်ပြန်ရောက်တော့ ဘေးခန်းက မောင်လေးတွေကလဲ သူတို့လဲဆန်ကုန်လို့ သွားဝယ်မယ် မှာမလားတဲ့ ။ တော်ကြာ သူတို့ဝယ်လာလဲ ကိုယ်မကြိုက်ရင် ခက်တယ်ဆိုပြီးမမှာတော့ပဲ သူတို့ဝယ်လာတဲ့ထဲကပဲ ယူချက်လိုက်တယ်။ ချက်ပြီးတော့ ထမင်းကစေးနေတော့ မမှာဖြစ်တာပဲ ကောင်းသေးရဲ့ တွေးမိတယ်။
            မနက်ဈေး လဲ သွားပြီး ကိုယ်စားနေကျ AAA အေသုံးလုံး တံဆိပ် တွေ့လို့ဝယ်မယ်လဲဆိုရော အတူပါတဲ့ညီမက မနေ့ညက ဘေးခန်းက၀ယ်လာတာလဲ ဒီတံဆိပ်ပဲဆိုလို့ တခြားဆန်ကို ထပ်ကြည့်တယ်။ ၅ ကေဂျီပဲဝယ်ပါ့မယ်လေ ဆိုပြီး ခါတိုင်းဈေးကြီးလို့ မစားတဲ့ Royal Umbrella တံဆိပ်ကို ၀ယ်လာခဲ့တယ်။  S$15.50 တဲ့ ။
အော် ဈေးအတော်တက်သွားပါလားဆိုပြီး လွန်ခဲ့တဲ့ ၅ နှစ်လောက်က S$11.80 ဆိုတာကို မှတ်မိတယ်။
စင်္ကာပူလဲ အခြေခံကုန်ဈေးနှူန်းတွေ ထိန်းထားတယ်သာဆိုတယ်။ ဈေးတွေကတော့ တက်နေတာပဲ ။
ဒီလို ဆန်ကို ဟိုဆန်မှ ဒီဆန်မှ လို့ ဂျီးများနေတဲ့ ကိုယ့်ကိုကိုယ်လဲ စိတ်ကသိကအောင့် ဖြစ်မိတယ်။
တကယ်ဆို ကိုယ်တို့ငယ်တုန်းက ၀န်ထမ်းဆန် စားခဲ့ရတာပါ ။
မှတ်မိသေးတယ် အဲဒီတုန်းက အဖေ့အတွက်စက်ရုံကရတဲ့ ဆန်က သမဆိုင်ကို ကုန်ထုတ်စာအုပ်လေးနဲ့ သွားတန်းစီရတာကို ။ ဆန်ရယ် တခါတလေ ဆပ်ပြာတို့ နို့ဆီ သကြားလေးလဲရတတ်တယ် ။
သမဆိုင်နဲ့ စာကြည့်တိုက်က ကပ်လျက်ဆိုတော့ တန်းစီရတာ လူများပြီဆို သိပ်ပျော်တာ ။ အဲ လူတန်းစီရတာမဟုတ်ပဲ စာအုပ်ထပ်ပြီးတန်းစီရတာ ။
ကြာကြာစောင့်ရလေ စာအုပ်ပိုဖတ်ရလေပေါ့ ။
အမေတို့ ပညာရေးကရတဲ့ ဆန် ကတော့ ကျောင်းစာရေးကြီးအိမ်ကို သွားယူရတာမှတ်မိတယ်။
 ကိုယ်က မိန်းကလေးပေမယ့် စက်ဘီးနဲ့ တလွှားလွှားဆိုတော့ အမေ က လက်တိုလက်တောင်း ခိုင်းစရာရှိရင်  ကိုယ့်ကို အလွယ်ခိုင်းတတ်တယ်။
 အဲဒီအခါ စာရေးကြီးဖို့ လဘက်ရည်ဖိုးတွေ ဘာတွေ ပေးရတာမှတ်မိတယ်။
 ဆန်ကောင်းလေးရအောင်လို့ ပါ။
များသောအားဖြင့် အဖေ ရတာတွေက ငကျွဲဆန် နဲ့ အမေက ဧည့်မထ တို့ ငစိန်ဆန်တို့ ရတတ်တယ်။ ဧည့်မထ ဆို အကျေများတော့ အိမ်ရောက်ရင် စကာချ စကွဲထွက်လာရော၊ နောက် ကျန်တဲ့ထဲက ဆန်ကို ပြာလိုက်ရင် ထွက်လာတဲ့ ဆန်လတ်ကျိုးကို သိမ်းထား ကျန်တဲ့ဆန်ကို ငကျွဲနဲ့ ရောစားပေါ့ ။ ငစိန်ဆန်ဆိုရင်တော့ သွားဖွပ်ပြီးမှ စားနိုင်တယ်။
မိုးတွင်းရတဲ့ဆန်ဆိုရင် တော့ အောက်စော်တွေနံလို့ နေလှန်းရသေးတာ ။
နောက် ဆန်ရွေးရသေးတယ်။ ဆန်ထဲမှာပါတဲ့ မျက်စေ့တို့ ခဲလေးတွေ နုံးခဲလေးတွေ စပါးလုံးလေးတွေကို ရွေးရသေးတာ ။ တစ်ဗန်းပြီး တစ်ဗန်း ညောင်းနေအောင်ရွေးရတယ်။ အိမ်တွေမှာ ဆန်ကော တို့ ဆန်ကာတို့ဆိုတာ မရှိမဖြစ်ပေါ့ ။
                     ကြည့်ပါဦး ထမင်းတစ်နပ်စားရဖို့ ဘယ်လောက်အချိန်ပေးရသလဲဆိုတာ ။ဒါတောင် စိုက်ပျိုးရိတ်သိမ်းကြိတ်လှေ့ ဆိုတဲ့ အဆင့်တွေက ကိုယ်လုပ်ရတာမဟုတ်ဘူးရယ် ။
၁၉၉၈ အရေးအခင်းတွေ ဖြစ်တော့ ဆန်တစ်ပြည် ( နို့ဆီ၈လုံးပါ) ကို တစ်ဆယ်ကျပ် ကျော်တောင်ဖြစ်သွားတာ ။ အရေးအခင်းမတိုင်ခင်မှာ ဆန်တစ်ပြည်မှာ ၂.၅၀ကျပ် လောက်ရှိရာက တစ်ဆယ်ကျော်ဖြစ်သွားတော့ လူတွေ ငတ်လိုက်ကြတာဆိုတာ ..သုံးမျိုးစပ်ဆန်တွေ ဘာတွေပဲ စားကြရတော့တာ ။
လူးရယ် ဆပ်ရယ် ပြောင်းရယ်ဆိုပြီး သုံးမျိုးရောချက်တော့ အရောင်က နီတျာတျာနဲ့ အရသာက ဖွယ်တယ်ကြမ်းတယ်။
 ပြောင်းဆိုတာ နှံစားပြောင်း က အနှံတွေက ရတာပေါ့ ။ ကျောင်းသွားတဲ့ လမ်းဘေးကွင်းပြင်မှာ ပြောင်း တွေစိုက်ထားရင်ချိုးပြီး အရိုးတံကို စုတ်တော့ ကြံလို ချိုမြမြရယ် ။
ကိုယ်တွေက ၀န်ထမ်းမိသားစု မို့ သုံးမျိုးစပ် စားတဲ့ထိတော့မရောက်ခဲ့ပါဘူး ။
သုံးမျိုးစပ်က တန်းချက်ပြီးတန်းစားနိုင်ရင်တော့ မဆိုးလှပါဘူး ။ အေးသွားရင်တော့ မာပြီးခဲနေရော  ။
အမေ ကတော့ နီးစပ်ရာတွေကို သူစုထားတဲ့ ဆန်ကွဲတွေပေးပစ်တာအမှတ်ရတယ်။ ဆန်ကွဲလေးရရင်ကို သူတို့မှာပျော်လို့ ။ အဲဒီတုန်းက ကိုယ်နဲ့ ခင်မင်ရာ စလေနီးနားက ရွာတွေမှာဆို ပုံမှန် ဆန်ကွဲ ဆန်လတ်တို့ စားကြတယ်။ငွေတတ်နိုင်တောင် လမ်းပန်းဆက်သွယ်ရေးမကောင်းသေးတော့ ဆန်ထွက်တဲ့အရပ်လဲမဟုတ်တော့ ဆန်ရှားတာပေါ့ ။
၁၉၉၀ နောက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေး သာလာတယ်။
 စလေ စက်ရုံကားလဲ တညင်(သန်လျင်) တို့ဘာတို့ဆီသွားတော့ ရန်ကုန်ကနေ ဆန်အိတ်တွေမှာစားကြတယ်။ အဲတော့မှ ပေါ်ဆန်းတို့ ဘာတို့ကို ကောင်းကောင်းစားရတာ။
 ဒါတောင် အမေက မီးတုံးဆန်ပါမှာပြီး အိမ်မှာ နေ့စဉ်စားတာမီးတုံး ဆန် ဧည့်သည်တွေဘာတွေလာရင် ပေါ်ဆန်း ဆိုပြီး ချက်သေးတာ ။
ဝန်ထမ်းဆိုတော့လဲ ထွာစားရသေးတာပေါ့ ။
ထွာစားလို့သာ စားတာရယ် အဲဒီတုန်းက ငွေရေးကြေးရေးတော့ မပါးရှားတော့ဘူး ။
 ၁၉၉၀ မှာ အဖေရယ်ပြန်တမ်းဝင်အရာရှိဖြစ်တော့ ပြောင်းရတဲ့အိမ်က ခြံအကျယ်ကြီးရယ် ရေမီး ၂၄ နာရီမို့ တခြံလုံး ပန်းပင် သီးပင်စားပင်တွေကို စီးပွားဖြစ်စိုက်တော့ နေ့စဉ်ဝင်ငွေရရှိနေတာရယ်။
၁၉၉၅ မှာ ဂျီတီအိုင်ပြီးတော့ ရန်ကုန်မှာ အလုပ်လုပ်တော့ ဆိုဒ်ထဲက ကျွေးတဲ့ ဆိုဒ်ထမင်း ဆိုဒ်ဟင်းတွေစားရတော့ သူများတွေ ညီး ကြတယ်။
 ကိုယ်ကတော့ ဆန်ကလဲ အညာလောက်မကြမ်းတာရယ် ငါးပိရေ တို့စရာကြိုက်တော့ အဆင်ပြေပါတယ်။ ၂၀၀၀ လောက်မှာ ကျောက်ဆည်ကို ကျောင်းတက်ဖို့ သွားတော့ အဲဒီမှာ စားရတဲ့ မနော်ဆန် ကျတော့ ကြွက်သွားလေးလို သေးသေးအိအိလေး။
 ဧရာပဒေသာဆိုတဲ့  ဆန်ကိုတော့ အရမ်းကြိုက်သွားတာ အိအိစင်းစင်းလေးရယ် ပေါ်ဆန်းလိုလဲမအီဘူး ။
ကျောက်ဆည်ကနေ စလေကို ကျောင်းပိတ်ရက်တွေပြန်တော့ အိမ်မှာ ထမင်းစ စားရပြီဆို အဲဒီထမင်းကို မွှေနေတာ မွှေနေတာ မစားချင်သေးလို့ ၊ နောက်တော့လဲ စားကျင့်ပြန်ရသွားတာပါပဲ ။
         နောက်ရန်ကုန် ပြန်ရောက်လာလို့ ပေါ်ဆန်းပြန်စားလဲ ဧရာပဒေသာလောက်တော့ မကြိုက်တော့ဘူး ။
၂၀၀၄ မှာ အိမ်ထောင်ပြုတော့ ပေါ်ဆန်း ကောင်းကောင်းတစ်အိတ်ကို ၁၁၇၀၀ကျပ် ၂၀၁၁ ဟေမာ့မွေးဖို့ပြန်တော့ တစ်အိတ် ၃၈၀၀၀ကျပ် ဆိုတဲ့ဆန်က အဲလောက်မကောင်းတော့ဘူး ။
 ရောက်တုန်းရောက်ခိုက် နေ့စဉ် ခိုလေးတွေ စာလေးတွေ ကျွေးချင်လို့ တော်ရိလျော်ရိဆန် ရှာဝယ်တော့တောင် တစ်ပြည်ကို တစ်ထောင်အောက် လျော့တဲ့ဆန် မရှိဘူး ။
           အမျိုးသားကတော့ ဆန်ထွက်တဲ့အရပ်ကဆိုတော့ ဆန်ကောင်းလဲကြိုက် ရွေးလဲဝယ်တတ်တယ် ။ သူ ခွဲခြားပြမှ ပုသိမ်ကပေါ်ဆန်းက ပိုအိပြီးအနံ့ပိုမွှေးတာတို့ ၊ ဆန်ကျော မာတော့ အချက်ခံတာတို့ ။ ဆန်ကို ဖိလိုက်လို့အမှုံလေးတွေထွက်လာရင် ဆန်ကဟောင်းနေပြီ တစ်အိတ်လုံးဝယ်လို့ ကြာရှည်စားမယ်ဆို ပိုးထိုးလာမယ်တို့ ၊ဆန်အိတ်ထဲလက်ထိုးကော်ပြီး ဆန်ကမစင်ဘူး ပိုးဟပ်ချေးပါတယ်တို့ နဲ့ ရွေးတော့ ကိုယ်လဲ နောက်ဆို သူ့ပဲရွေးခိုငးဝယ်ခိုင်းတာ ဒီစင်္ကာပူထိ အကျင့်ပါနေရော ။
စင်္ကာပူမှာ ဆန်က ထိုင်းကသွင်းတာ အိအိစင်းစင်းပေမယ့် ကျောက်ဆည်က ဧရာပဒေသာကပဲ ပိုကောင်းတယ်လို့ ထင်မိတယ်။ ဒီကဆန်တွေက လက်နဲ့ ထိကိုင်ရွေးမရပေမယ့် အမျိုးသားကတော့ ပလတ်စတစ်အိတ်အပြင်ကကြည့်ပြီး ဆန်အရောင်က အဖြူကြည်တင်မဟုတ် အ၀ါလေး သန်းနေရင် ဆန်မညီတော့ ချက်ရင်ရေချိန်ထည့်ရခက်တယ် ဘာညာပေါ့လေ ။ ကိုယ်ကတော့ ဈေးနှုန်းကြည့်တယ် ။
သူ ကတော့ ကိုယ် ဧရာပဒေသာကို အသဲစွဲ ပြောလွန်းလို့ စားကြည့်ချင်တယ်ဆိုပဲ ။ ကိုယ်ကတော့ ကျောက်ဆည်မှာ ဧရာပဒေသာဆန်တင်မဟုတ်ဘူး တခြားအသီးအနှံတွေ နဲ့ဒေသစာတွေ ၊ တောတောင် ဆည် နဲ့ ဘုရားတွေ သာယာလွန်းလို့ အဲဒီအရသာတွေ ခံစားရအောင် ၂လတန်သည် ၃လတန်သည် သွားနေချင်သေးတာ ။
            အော် ကိုယ်လဲ အယင်တုန်းက သာမန်လူတန်းစား အခုလဲ သာမန်လူတန်းစား ၊ ဒါတောင် အစားအသောက်အနေအထိုင်ဟာ နေရာဒေသ နဲ့ အလေ့အထ အလိုက်ပြောင်းလဲ လာလိုက်တာ လို့ ကိုယ့်ဟာကိုယ် အံ့သြောနေမိသေးတော့တယ် ။