[X] Choose Font Here

Thursday, July 25, 2013

၂ နှစ် လေးလ မဟေမာ

ဒီလ ၁၈ မှာ  နှစ် နှစ်လေးလ ပြည့်ပြီးသွားတဲ့  မဟေမာအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင်ပါပဲ ။

ဘယ်ကစပြောရမှန်းမသိလို့ ရန်ကုန်က မောင်လေးတစ်ယောက်ကပို့ပေးလာတဲ့ ဓါတ်ပုံလေးကနေ စပြောမယ် ။














               သမီးလေးရေ ဒီပုံလေးကိုကြည့်ပါဦး ဆိုပြီး သူ့ပုံလေးကို လက်ညှိုးထိုးပြီး ဒါဘယ်သူလေးလဲ ဆိုတော့ လိပ်ပြာလေးလေ မေမေရဲ့ တဲ့ ။ မအေ က မီးမီးပုံ လို့ ဖြေမယ်ထင်နေတာ ။


ဟေမာ့ ဖိုးဖိုး ပြန်သွားတော့ ဒီမှာ သူ့အဖိုးနဲ့ စားအတူ ကစားအတူတူ နေခဲ့တာဆိုတော့ သူ့အဖိုးကိုများ လွမ်းနေ သတိရနေမလားလို့ စိတ်ပူမိသေးတယ် ။ ကလေးဆိုတာ စွဲမိ စွဲရာမဟုတ်လား ။ သူကတော့ ဖိုးဖိုး ရန်ကုန်ပြန်သွားပြီ ဆိုပြီး ပြောနေတာကလွဲလို့ အေးအေးဆေးဆေးပါပဲ ။
အမယ် တနင်္ဂနွေတွေ သူ့အဖိုးဆီ ဖုန်းဆက်တော့ အဟုတ်ကြီး ...ဖိုးဖိုး ဘာစားလဲ မေးသေးတာ ။ သူ့အဖိုးက မုန့်ဟင်းခါး စားတယ် မီးမီးလေးရော စားမလားဆို ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ ဖုန်းပြောတာက ဖြောင့်လို့ ။ လာ ဟေမာ ဖွားဖွား နဲ့ ပြောလိုက်ဦးဆိုရင် တခါတလေ ခေါင်း က ယမ်းသေးတာ ...။


            

ဒီအနွေးထည်လေးပေါ့ သူ သိပ်ကြိုက်တယ်


  ဖေဖေ ရော မေမေပါ သူ့ကိုသိပ်ချစ်ကြမှန်းသိတော့ သိပ်ကိုဗိုလ်ကျတယ် ။ ပြန်လဲပြောတတ်နေပြီရယ် ...
သူ့အဖေ ၀ယ်လာပေးတဲ့ အနွေးထည်လေးကို ကြိုက်လွန်းလို့ မချွတ်ပဲဝတ်ထားတာ ။
ချွတ်ခိုင်းလို့လဲမရ ။
ခန နေတော့ သူ ဘွတ်ဘွတ်ပါတယ်ဆိုလို့ ရေချိုးခန်းထဲခေါ်သွားတော့
သူ့အဖေက အနွေးထည်လေးချွတ်ထားခဲ့ပါလား သမီးရယ် ရေစိုလိမ့်မယ် ဆိုတော့
                 အင်္ကျီကို မ ထားမှာပေါ့ ဖေဖေရဲ့ တဲ့ ချက်ချင်းပြန်ပြောတတ်တယ် ။












                သမီးလေး က မေမေ့ကို သိပ်ချစ်တော့ တခြားကလေးတွေကို ချီတာ မြှူတာ မကြိုက်ဘူး ။ မေမေ မချီနဲ့ မီးမီး ကိုပဲ ချီပါ လို့ ပြောသေးတာ ။
သူ့ အဖေ တောင် မအေနားကပ်တာ မကြိုက်ဘူးရယ် ။


              Giant မှာ ဈေးဝယ်သွားမယ်ဆို ဟေမာ တို့ ရှေ့ဆုံးကထွက်တယ် ။ အမယ် မအေ ကို သတိပေးသေးတာ မေမေ အကြွေနုတ်ပါလား တဲ့ ။ အပြန်ကျရင် အကြွေစေ့ထည့်တဲ့ စက်ကနေ မုန့်ထုတ်ဝယ်ခိုင်းမယ်လေ ။
သူ အပြင်အရမ်းထွက်ချင်နေပြီး မအေ က မထွက်နိုင်ရင် ဖိနပ်စင်က ဖိနပ်ထုတ်ပေးရတာနဲ့ ဓါတ်လှေခါးကို သွားနှိပ်ထားပေးတာနဲ့ ပျာနေတာ ။



မေမေ့ ကို ဘယ်လောက်ချစ်ချစ် အပြင်ထွက်ရင် ဖေဖေ နဲ့သာထိုင်ချင်တာပါတဲ့ ။ ကြည့်ဦး သူ့အဖေ ရုပ်ကြီးကို ပီတိတွေဖြာနေတာ







သူ ကာတွန်းကားလေး ကြည့်ချင်နေလို့ အပြင်မထွက်ချင်ဘူးဆို  မေမေ ချီပါ ၊ မေမေ ချီပါ  နဲ့ ဂျီတိုက်ရော ။ သူ့ ကိုယ်လုံးလေး က ၁၆ခွဲ ကေဂျီတောင် ရှိနေပေါ့ဟာကို ဒီမအေ ဘယ်တောက်လျှောက်ချီနိုင်ပါ့မလဲတော် ။


         



အိစ်ကုတ်မှာ ဒီလိုသဲတွေနဲ့ ပေလူးပြီးဆော့ရတာ ကြိုက်တယ်လေ









ပိတ်ရက်တွေဆို နေ့လည်နေ့ခင်း သူ့အဖေ အိပ်ယာက နိုးလာရင် ဖေဖေ အိစ်ကုတ်သွားမယ်နော် နော် နဲ့ ပူဆာသေးတာ ။ အခြေအနေ နဲ့ အချိန်အခါကြည့်ပြီးပူဆာတတ်တယ် ။

















ခုလောလောဆယ် သူကြိုက်နေ လိုချင်နေတာတွေက ကပ်ခွာအရုပ်လေးတွေရယ် ။
အောက်ရောက်ရင် အဲဒီဆိုင်ဘက်လက်ညှိုးထိုးတော့တာ ၊ ဆိုင်ရောက်ရင် လူကြီးလေး လို ရပ်မော့ပြီး ငေးနေသေးတာ ။ မအေ က အလွယ်ကြုံရာဖြုတ်ပေးရင် မကြိုက်တာဆို ခေါင်းကိုယမ်း   ကြိုက်တာဆို ပြုံးသွားရော ။
ဟေမာ အဲလို စိတ်တိုင်းကျ ကျေနပ်လို့ ပြုံးသွားရင် ဘယ်လို ချစ်မှန်းမသိ ။ တကယ်တော့ ကိုယ့်သမီးလေးကို ငိုလဲချစ် ရယ်လဲချစ်ရတာပါပဲ ။
အိမ်ရောက်လို့ အိမ်နံရံတွေမှာ ကပ်ခွာလေးနဲ့ လိုက်ကပ်နေပြီဆို သူ့အဖေ နဲ့ တစ်ရန်ပဲ ။ ဖအေ ကလဲ အိမ်နံရံတွေ ပေမှာ ညစ်မှာသိပ်ဆိုးတယ်။ ကလေးရှိတဲ့အိမ်ကတော့ ပေမှာ ညစ်မှာ ပွမှာပဲပေါ့တော် လို့ ပြောရတယ် ။



သူ ပူဆာတာလေးတွေရရင် ဒီလိုပြုံးပြုံးလေး





                 ဟေမာ ကပ်ခွာရုပ်လေးတွေကို သိပ်ကြိုက် သိပ်ကပ်ချင်တဲ့တရားခံက သူတက်နေတဲ့ကျောင်းပေါ့ ။ ကျောင်းက သင်လာတာတွေထဲမှာ အရောင်ခြယ်တာရယ်   နောက် စာရွက်ပေါ်ကို ကော်နဲ့ ဆန်စေ့လေးတွေကပ်တာရော။ တခါတလေ လဲ ငှက်မွှေးလေးတွေကပ်လို့  ။
ကျောင်းကတော့ ဘယ်လို တွေကပ်ခိုင်းတယ်မသိ ဟိုနေ့ကတော့ မဟေမာတို့ အိမ်ငှားကလေးအခန်းထဲ လှစ်ဆိုဝင်ပြီး သွားတိုက်ဆေးဘူး သမလာပါရောလား ။ နောက် မွေ့ယာဘောင်ကို သွားတိုက်ဆေးတွေနဲ့သုတ်ပြီး တစ်ရှုးတွေ မွပြီးကပ်ထားတာဆိုတာ ...
ကိုယ့်ကိုလဲမြင်ရော စပ်ဖြီးဖြီးနဲ့ သူလုပ်တတ်တယ်ဆိုတဲ့ အထာနဲ့လေ ။ ဒီမှာတော့ ရှော့ ဖြစ်သွားလို့ ခနနေမှ အသက်ရှုပြီး ၀က်တစ်ရှုးနဲ့သုတ် အိပ်ယာခင်းတွေ လဲ နဲ့ အတော် အမောဆို့သွားတယ် ။
သူ့အဖေ စိတ်တိုင်းကျ သုတ်ထားတဲ့ နံရံက apple white လေးဟာလဲ အခုတော့ ရောင်စုံခဲတံ တွေနဲ့ ခြစ်ထားလို့ ကြောင်ခြစ်ရောင်ဖြစ်နေပြီ ။


                   အော် ကိုယ့်သမီးလေး ဒီမှာ ကစားဖို့ အဖော်မရှိ အပေါင်းမရှိ လို့ ကစားမှ ကစားဖြစ်ပါ့မလားရယ်လို့ စိတ်မကောင်းဖြစ်ရတဲ့ အဆင့်ကို မရောက်လိုက်ဘူး ။ မိန်းကလေးရယ်လို့ သူဆော့သမျှ လိုက်သိမ်းရတာ ဂျင်ခြေကိုလည် လို့ရယ် ။
ဟော သူ တစ်ရှူးတွေ ထုတ်ပြီးဖွထားတယ်လို့ ပြန်ထည့်နေတုန်း ၊ ၀က်တစ်ရှုးတွေ ဘူးထဲကထုတ် တစ်ရွက်ချင်းဖြတ်နေ ။ ပြန်ကောက်သိမ်းတုန်း နောက်ဖေး လှစ်ဆိုထွက်သွား အမှိုက်ပုံးသွားဖွင့် ။ တခုစီထုတ် အောက်ပစ်ချ၊ ထမင်းစေ့လိုစေးကပ်ကပ်ဆို အောက်ချ ခြေထောက်နဲ့ နင်း ပွတ် ၊ အဲဒီခြေထောက်နဲ့ ဧည့်ခန်းကိုပြန်ဖြတ် တအိမ်လုံးစေးကပ်ကပ် နဲ့ ။
အိမ်ရှေ့မှာရှင်း ကြမ်းပြန်တိုက်တုန်း အိမ်ခန်းထဲမှာပိတ်ထား တံခါးကို တ၀ုန်းဝုန်းထုပြီးအော် ၊ မီးခြစ်ပုံးအိမ်လေးမှာ အိမ်နားနီးချင်း အားနာပေမယ့် မတတ်နိုင်  မောရင်တိတ်သွားလိမ့်မယ်ဆိုတဲ့ထုံးနှလုံးမူပြီး ဆက်ရှင်း ။  ခနနေလို့ အသံတိတ်သွားတော့ အော် ငါ့သမီးလေး မောသွားရှာပြီထင်ပါရဲ့လို့ တံခါးသွားဖွင့်ကြည့်လိုက် အ၀တ်ဗီရိုကိုဖွင့် ခေါက်ထားတဲ့ အ၀တ်တွေ ကို ဆွဲချ တစ်ထည်ချင်းဖြန့်ကြည့်ထား ပွလို့ ။
အမယ်မင်း တတ်လိုက်တဲ့ငါ့သမီး ..လူနဲ့ မျောက်နဲ့ များစပ်ကျထားသလားအောင်းမေ့ရ တယ် ။

နေမကောင်းသလိုမို့ရုံးလေးတစ်ရက်မသွားမိပါတယ် ထမင်းတောင် စားချိန်မရှိလိုက်ဘူး ငါ့နှယ် ။ ဖျားချင်တာတွေလွင့်စင်ပြီး ကိုယ်တွေလက်တွေ နာကျန်ခဲ့ပါရောလား ။

ဒါတောင် မနက်က မေမေနဲ့ပဲနေမယ် ကျောင်းမသွားဘူးဆိုတာကို ဇွတ်လိုက်ပို့လိုက်လို့ ကျောင်းချိန် တစ်နာရီခွဲမှာ ရေလေးချိုး ကော်ဖီလေးသောက်လိုက်ရလို့သာ ။

                     သူ့ကို ကျွေးမွေး ရေချိုးပေးပြီး အိပ်သွားတော့လဲ အော် ကိုယ့်သမီးလေး ချစ်စရာဆိုပြီး ပွေ့ဖက်ထားချင်မိသေးတယ် ။

ညနေ သူ့အဖေ ပြန်လာတော့ ၀မ်းသာအားရနဲ့ ဖေဖေပြန်လာပြီ ဖေဖေပြန်လာပြီဆိုပြီး ပြေးကြိုတော့ အော် ငါ့သမီးလေး ဖအေကိုလဲ ချစ်ရှာတယ် ၀မ်းသာအားရပြေးကြိုရှာတယ်လို့ အတွေးမဆုံးသေး ဖေဖေ့ဖုန်းရော ဖေဖေ့ဖုန်းရော နဲ့ တန်းတောင်းတော့တာပဲ ။
သူ့အဖေ ကို အမောပြေ ပန်းသီးလေးစိတ်ကျွေးတော့ ဘေးကနေ ၀င်တီးနေတာ အဟုတ် ။ စပျစ်သီးရှိသေးတယ် စားမလားလို့မေးတော့ အဲဒါ မီးမီးဟာ မစားနဲ့ လို့ အော်တော့ အင်းးး ကြီးလာရင်တော့ အားကိုးရမယ့် သမီးလေးပေပဲလို့  တွေးမိတယ် ။

ဒီလို ဒီလိုတွေ ရေးလို့ ဟေမာလေး ကို သိပ်သိပ်ကဲတယ်လို့ မမြင်ကြပါနဲ့နော် ။
ညဘက် အိပ်လို့ချမ်းရင် သမီး ရယ်ချမ်းလိုက်တာဆို စောင်ကိုမနိုင်မနင်းမပြီး ခြုံပေး တာတို့ ။ ရေသောက်ချင်လိုက်တာဆိုရင် အပြင်ထွက်ပြီး တွေ့တဲ့သူကို ရေဘူးမထည့်ခိုင်းပြီး အခန်းထဲ ရေယူလာပေးတာတို့ ။ ဖုန်းလာနေရင် မေမေ ဖုန်းလာနေတယ်ဆိုပြိး လာပေးတာတို့ လုပ်နေပါပြီ ။


15 comments:

  1. ချစ်စရာ ဟေမာလေး တော်တော်တောင် အားကိုးနေရပြီ... အဲ့အရွယ် မြန်မြန် ရောက်ချင်နေမိတယ် မမသံရေ အဖေတွေက သမီးကို ချစ်တာတော့ တူတယ် မမသံရေ။

    ပူးတေ

    ReplyDelete
    Replies
    1. အင်း
      ဒီလိုပဲပြောကြတာပါပဲ ပူးတေရယ်
      စိတ်ကတော့ ဘယ်အရွယ်ဖြစ်၂မောနေရတာပါပဲ

      Delete
  2. ကလေးဆိုတာ ဒီအရွယ်အဲ့လိုပဲ ဆော့ကျ တာပဲ ကလေးရှိတာကိုက အိမ့်ဆည်းလည်းလေး သူပုံလေးတွေဆွဲ တတ်နေတာကိုက ချစ်စရာကောင်းတယ် ကပ်ပစေ အရုပ်တွေ နောက်ကျမှ ဆေးအသစ်ပြန်သုတ်
    ပိုးပိုး

    ReplyDelete
    Replies
    1. အမလေး မယ်ပိုးရေ
      ညီမလေးဆီ ဟေမာ့ကို တလလောက်ပို့ထားလိုက်မှ ဟွင်း

      Delete
  3. ဟေမာ သိပ်တတ်နေပြီ ..။


    မယ်ဆင်

    ReplyDelete
    Replies
    1. မှုံ့လိုပဲ တူတူပဲ မယ်ဆင်ရေ

      Delete
  4. ကူးကူးလှိုင်July 26, 2013 at 10:48 AM

    ဖိနပ်ထုတ်ပေးထားတယ် ဓာတ်လှေကားခလုတ်သွားနှိပ်ထားတယ် ဆိုတာလေး သဘောကျနေတာ သူ ဘယ်လောက်တောင် အပြင်ထွက်ချင်နေလဲဆိုတာလေး မျက်စိတဲမှာ မြင်လာတယ် အစ်မရေ...

    ReplyDelete
    Replies
    1. ဟုတ်ပ ကူးကူးရယ်
      အဲဒီရက်က မီးထိုးတွေနဲ့မို့ အောက်မဆင်းရတာကြာသွားတော့လေ

      Delete
  5. အသဲတုံးလေး..
    အဖေနဲ့အမေ မပြောနဲ့ ကိုယ်တောင်ချစ်တယ်..း))

    ReplyDelete
    Replies
    1. တကယ်ကြီး
      ဟီးဟီး သမီးလေးကိုချစ်တယ်ဆိုတော့ မအေ၀မ်းသာ ပါးစပ်ပိတ်မရ

      Delete
  6. ဟေမာ တော်တော်ဆော့တာပဲ...ချစ်ချာလေး...

    ReplyDelete
    Replies
    1. တကယ်ဆော့တယ် ကျော့ရေ

      Delete
  7. သမီးလေးက ချစ်စရာ ကောင်းလိုက်တာ...၊ သူ့ရဲ့ အပြုအမူတွေ၊ စကားတတ်တာတွေ ဖတ်ရတော့ ဒီအဖေနဲ့ ဒီအမေ အရည်ပျော်မယ်ဆိုလည်း ပျော်လောက်စရာ ပါပဲလေ..၊း)
    မိဘရဲ့ မေတ္တာကို အခုလို အပြည့်အဝရတဲ့ ကလေးတွေက သူ့ကိုယ်သူ ယုံကြည်မှုအပြည့်၊ မိဘအပေါ် ယုံကြည်မှု အပြည့်၊ သူ့ ပတ်ဝန်းကျင်အပေါ် အမြင်ကြည်ပြီး နှစ်လိုစိတ် အပြည့်နဲ့ ကြီးပြင်းလာကြတယ်၊ မသန္တာရဲ့ သမီးလေးအကြောင်းကို ကြည်နူးစိတ်နဲ့ ဖတ်သွားခဲ့ပါတယ်ဗျာ...။

    အပေါ်ဆုံးက မိသားစု ကယ်ရီကေးချား ပုံလေးကိုလည်း သဘောတွေ ကျသွားခဲ့တယ်...။း))

    ReplyDelete
  8. ဟ ဟ မီးချစ်ကလဲ မိန်းကလေးပဲလိုချင်တာ မမရေ.. ဟေမာလေးလို့ ဆော့တဲ့တတ်တဲ့သမီးလေးသာဆိုရင်တော့ မီးချစ် ထမီကပ်ပါ့မလားပဲ.. ဒါပေမဲ့ ချစ်တယ် :D

    ReplyDelete
  9. သမီးလေးက ချစ်စရာကောင်းလိုက်တာ....
    မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းတွေမှာ ပြုံးပြီးဖတ်သွားမိတယ်... :)

    ReplyDelete