[X] Choose Font Here

Wednesday, December 28, 2011

ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် (Tag)

 သမီးစံလေးရေ တက်ဂ်ထားတာ ကို သိတာနောက်ကျလို့ တင်တာနောက်ကျပေမဲ့လဲ ဒီရာသီ ဒီမုဒ်တွေ က ရှိနေတုန်းဘဲမို့  ကျေနပ်ပါ လို့ ။ (သတိတရ တက်ဂ်တဲ့ အတွက် ကျေးဇူးပါ ညီမငယ်)

အရင်ဆုံး ခရစ်စမတ် ကာလ ပြီးသွားပြီး 2012 နှစ်သစ်ကို ကူးပြောင်းခါနီး အချိန်ဖြစ်တဲ့အတွက် သမီးစံလေးနှင့်အတူ ဘလော့ဂ်ဂါ များ ၊ဘလော့မရေးသော်လည်း ဒီဘလော့ဂ်လေး ကို လာဖတ်ကြသောဦးဦးဒေါ်ဒေါ်ညီအကိုမောင်နှမများ စိတ်ဧ။်ချမ်းသာခြင်း ကိုယ်ဧ။်ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ကောင်းသော လိုအင်ဆန္ဒများလဲ ပြည့်စုံကြပါစေ လို့ ဆုတောင်းရင်း နှူတ်ခွန်းဆက်လိုက်ရပါတယ်ရှင် ။ (အမ် အငြိမ့်မင်းသမီး ကျနေတာဘဲ)


ခရစ်စမတ် ကာလ မှာ မရိုးနိုင်တဲ့ Jingle Bells ဆိုတဲ့ ချစ်စရာ သီချင်းလေးပါ ။

သမီးစံ ရဲ့ မေးခွန်းလေးတွေ ကို ဖြေပါမယ်။

♥ ခရစ်စမတ် ရောက်ခါနီးရင် စိတ်လှုပ်ရှား ပျော်ရွှင်မိပါသလား။
ပျော်ရွှင်ပါတယ် ။ စိတ်တော့ မလှူပ်ရှားပါ ။


 ♥  ကိုယ့်ရဲ့ အိမ်ကို ခရစ်စမတ် သစ်ပင်၊ decoration ornaments များနဲ့ အလှဆင်လေ့ ရှိပါသလား။

မရှိပါ ။ အယင် ရုံးမှာတော့ ဘော့စ် က ခရစ်ယန် ဖြစ်တဲ့ အတွက် ခရစ်စမတ်ကာလ ရောက်ရင် ရုံးမှာ အလှဆင်ရပါတယ် ။ ခရစ်စမတ် သစ်ပင်လေးရဲ့ အရွယ်အစားအလိုက် သူ့ အပေါ်မှာ လိုက်ဖက်မဲ့ လက်ဆောင်ထုပ်လေးတွေ တပ်ဆင်ရတာ တခြား ရောင်စုံခြူသီးလေးတွေ တပ်ဆင်ရတာ ပျော်စရာပါ ။


 ♥ နှင်းတွေ အေးခဲနေတဲ့ နေရာကို သွားရောက်လည်ပတ်ချင်ပါသလား။ တကယ်လို့ နှင်းတွေကြားမှာ လက်ရှိနေထိုင်နေရင် နှင်းမပါတဲ့ ခရစ်စမတ်နဲ့ နှင်းဖြူဖြူတွေ ကျရောက်နေတဲ့ ခရစ်စမတ် ဘယ်အရာကို ပိုနှစ်သက်မိလဲ (ရွေးချယ်ခွင့် ရှိမယ်ဆိုရင်ပေါ့)။

နှင်းတွေ အေးခဲနေတဲ့ နေရာ ကို သွားလည်ချင်ပါတယ် ။ တကယ်လို့ လက်ရှိနေထိုင်နေတာ က နှင်းတောထဲမှာ ဆိုရင်တော့ နှင်းမရှိတဲ့နေရာ ကို သွားလည်ဖြစ်မှာပါ ။ နှင်းကို မချစ်လို့ မဟုတ်ပါ ။ အားလပ်ရက်မှာ မိသားစု နှင့်အတူ  နေရာဒေသ အညော့င်းအလဲ လေးကို သွားလည်ချင်တာပါ ။


 ♥ ခရစ်စမတ်ပိတ်ရက်ကို ဘယ်လို ဖြတ်သန်းချင်ပါသလဲ။ အဲ့ဒီအချိန်မှာ ခရီးထွက်တတ်ပါသလား။ 

ခရီးထွက်ဖြစ်ပါတယ်။


 ♥ ချစ်တဲ့ခင်တဲ့သူတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးဖြစ်လဲ။

မြန်မာပြည်မှာတော့ ခရစ်စမတ်ရာသီရယ်လို့ တကူးတက မပေးဖြစ်ပါဘူး ။ စလုံးမှာတော့ ချစ်တဲ့ သူငယ်ချင်း ခရစ်စယန် တွေ ကိုတော့ အမှတ်တယအဖြစ် မြန်မာဓလေ့ ချစ်စရာ ကျောက်ပန်းချီကား လေးတွေ ကိုရွေးချယ်ပေးဖြစ်ပါတယ် ။

 ဒါမျိုးလေးတွေပေါ့ ။ သူတို့ ကလဲ အရမ်းဝမ်းသာကြပါတယ်။

♥ ခရစ်စမတ်မှာ အမှတ်တရလေးတွေ ရှိခဲ့ဖူးရင် ပြောပြပေးပါ။ 
မနှစ်က (2010) ခရစ်စမတ်မှာ ကိုယ်ဝန် ခုနစ်လ ရယ်၊ သမီးလေး အဖေ ရယ်၊ ကိုယ့် ရုံးတဖွဲ့ လုံး ရယ် ဘာလီ ကို ခရီးထွက်ခဲ့ ရတာ အရမ်းပျော်ပါတယ် ။ချစ်သူ ခင်သူ တွေ နဲ့ အတူ လှပသာယာ တဲ့ နေရာ ကို လည်ခဲ့ရတာပါ။
ဒီနှစ် (2011) ခရစ်စမတ်မှာတော့ ချစ်သူမပါ ခင်သူတွေနဲ့ ဟောင်ကောင် ကို ခရီးထွက်ခဲ့ပါတယ်။ 
အထူးသဖြင့် ခရစ်စမတ်နေ့ တနေ့လုံး ဒစ်စနေးလန်းမှာ အချိန် ကုန်ခဲ့တာဆိုတော့ ကိုယ်အရမ်းချစ်တဲ့ အရုပ်ကလေးတွေ မြူးမြူးကြွကြွ ကတာ ကို ကြည့်ရတာ စိတ်လှူပ်ရှားရ သလို သမီးလေး ကို အရမ်းလွမ်းတဲ့ စိတ်နဲ့ မျက်ရည်ကျ ရပါတယ်။ ကိုယ့် ကို ကိုယ် သေချာ သိရတာကတော့ ဘယ်လောက် သာယာ လှပ ပါစေ ချစ်တဲ့ သူတွေ အတူမပါဘူးဆို မပျော်နိုင်တာ ကို ပါဘဲ ။


♥ နှစ်သစ် အကြိုညမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်ပါသလဲ။
ချစ်တဲ့ သူတွေ နဲ့ပေါ့ ။ အထူးသဖြင့် သမီးလေး နဲ့ပါ ။ 


 ♥ New Year Eve မှာ countdown ပြုလုပ်လေ့ ရှိသလား။ အမှတ်တရများ ရှိခဲ့ရင် ပြောပြပေးပါ။
မြန်မာပြည်မှာတော့ မှတ်မိသလောက် 1995 ခုနှစ် ဒီဇင်ဘာ 31 ရက်နေ့ ညမှာ စပြီး တီဗွီ က ည 12 နာ၇ီအထိ သီချင်းတွေ လွှင့်ပေးပြီး 12 နာ၇ီလဲ ထိုးရော ဆုတောင်းပြီး အိမ်ကြပါတယ် ။
စလုံး ရောက် ထဲက နှစ်စဉ် Marina Bay ကို သွားပြီး Count Down လုပ်ပါတယ်။ 
မီးပန်းတွေ ကိုကြည့်ပြီး HAPPY NEW YEAR  လို့ အသံကုန် အော်ရတဲ့ အရသာ ကို သိပ်ကြိုက်တယ် ။ (ဒီနှစ်တော့ မသွားဖြစ်တော့ပါဘူး)

♥ နှစ်သစ်ကို ကုန်ဆုံးစေချင်တဲ့ နေရာသီးသန့်မျိုး ရှိပါသလား။ အလည်အပတ် အစီအစဉ် ရှိ၊ မရှိ ဖော် ပြ ပေး ပါ။
နှစ်သစ် ကို ဖြစ်နိုင်ရင် ဘယ်မှ မသွားဘဲ မိသားစု စုံစုံလင်လင် နဲ့ အိမ်မှာ နေချင်ပါတယ် ။ သူတို့ စားချင်တာလေးတွေ စီစဉ်ပေးရင်းနဲ့ ပေါ့ ။ မနက်စောစောထပြီး ဘုရား ကို ပန်း ရေချမ်း ဆွမ်း  နဲ့ သေသေချာချာ ပူဇော်ချင်ပါတယ် ။ အေးအေးဆေးဆေး ဘုရားဖူးရင်း ချစ်သူ ခင်သူ မုန်းသူ အားလုံးကို မေတ္တာပို့ အမျှဝေ ဆုတောင်းပေးချင်ပါတယ်။ 


 ♥ နှစ်သစ်မှာ New Year Resolution အနေနဲ့ ဘာတွေ ဆုံးဖြတ်ချက်ချပြီး အကောင်အထည် ဖော် တတ် ပါ သ လဲ။
အထူးသဖြင့် ဘတ်ဂျတ်ပါ ။ ကိုယ်က ၀န်ထမ်းဘ၀ လစဉ် ရတာတွေ က သေချာ ပြီးသားမို့ တခြား အထူး ပိုကုန်စရာမရှိရင် ဘယ်လောက်စုနိုင်မယ်ပေါ့လေ။ သေချာ ဒိုင်ယာယီမှာ ကုန်ခဲ့ တဲ့ နှစ်တွေ အတွက် ၀င်ငွေ ထွက်ငွေ (ပါစင်နယ် လူမှူရေး) ခွဲခြားစာရင်း လုပ်ပြီးတော့ ယောကျား ကို ပြ နှစ်ယောက်အတူ ဘယ်ဟာ ဘယ်လို ဆိုပြီးဆွေးနွေးဖြစ်ပါတယ် ။ အိမ်ထောင်သက် ခုနစ်နှစ်မှာ လုံးဝ မပျက်ကွက်ခဲ့ပါဘူး ။ သူနဲ့ အတူ ရှိမနေခဲ့ရင်တောင်မှ စာ၊ စာရင်း ကို သေချာ ရေးပေးပါတယ်။


 ♥ နှစ်တစ်နှစ် ကုန်ဆုံးသွားတဲ့ အပေါ် လွမ်းမောတသတာမျိုး၊ အချိန် မကုန်စေချင်တာမျိုး ရှိတတ်ပါသလား။
မရှိပါဘူး ။ ပြီးသွားတဲ့ ဘယ်အရာ ကို မဆို ပြန် တွေးပြီးမခံစားတတ်ပါဘူး ။
(ဒါဟာနေရာ တိုင်းအတွက် မကောင်းပါဘူး ..တခါတလေ ပြီးသွားတာ ကို အဆင်မပြေ ခဲ့တာ ကို တနုံ့၂ နဲ့ ပြန် ပြီး ခံစားတတ်မှသာ သင်ခန်းစာ ပိုယူနိုင်မယ်လို့ ထင်ပါတယ်)


 ♥ နှစ်သစ်ရောက်ရင် ဆွေမျိုး၊ မိတ်ဆွေတွေကို ပို့စ်စကဒ်များ၊ e-card များနှင့် နှုတ်ခွန်းဆက်တာမျိုး ရှိ ပါ သ လား။ 
လွန်ခဲ့တဲ့ ၃ နှစ်မှာတော့ တကူးတက လုပ်ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မလုပ်ဖြစ်ပါ ။ အချိန်မရတာ လဲပါပါတယ်။


♥ ထပ်ပြီး ဖြည့်စွက် ရေးချင်တာက....။
2011 ဟာ ကျမ အတွက် ကံကောင်းတဲ့ နှစ်တနှစ်ပါ ။ သမီးလေးနဲ့ အတူ မနေရတာ ကလွဲရင် ကျန်တဲ့ အစိတ်အပိုင်းတွေ တော်တော်လေး ပြည့်စုံခဲ့ပါတယ်။2012 မှာလဲ ဒီလိုဘဲ မိသားစုစုံစုံ ညီညီ နေရပြီး ကျန်းမာ ပျော်ရွှင် ကံကောင်းချင်ပါတယ်ရှင်။
အထူးသဖြင့် ဒီဘလော့လေး သက်ဝင်လာတဲ့ အတွက် မိတ်ဆွေ တွေ တိုးလာခဲ့ပါတယ်။
ကျမ ရဲ့ မသေမသပ် ဘလော့ဂ်လေး ကို လာဖတ်ကြတာ ကျေးဇူး အရမ်းတင်မိပါတယ်။
ဒီတော့  2012 မှာ မိတ်ဆွေ များ အားလုံး ကျန်းမာပျော်ရွှင်စွာ ဖြင့် ကံကောင်း ကြပါစေ လို့  ဆုတောင်း ရင်း နှစ်သစ် ကို ကြို ဆိုကြပါစို့လားရှင်။


ကဲ တတ်သလောက် မှတ်သလောက် ရေးပေးလိုက်ပါတယ်နော် ။ ချစ်သမီးစံလေး ကျေနပ်ပါ လို့ ။

Thursday, December 22, 2011

ရှင်ပင် မဟာလာဘ မံဘုရားကြီး (စလေ)

ဒီတခါတော့ စလေမြို့တွင်းမှာရှိတဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးလို့ ဆိုတဲ့ မံဘုရားကြီး ကိုသွားလည်ရအောင်နော် ။
 မံဘုရား = ဆင်းတုထုလုပ်ရာမှ ထွက်သောလွှစာ သစ်စ တို့နှင့် ပြုလုပ်ပြီး သင်္ကန်းကို သစ်စေး ၊ သရိုး တို့ဖြင့်ပြုလုပ်ထားသော                                                                 
လို့ အဓိပ္ပါယ်ရ ပါတယ်။ မယ်သံတို့ ငယ်စဉ် ကတော့ နှီးဘုရား ယွန်းဘုရား လို့ ခေါ်ပြီး ခုတော့ မံဘုရားကြီးတဲ့ ။

နှီးဘုရား ယွန်းဘုရား နှင့် မံဘုရား ဆိုတာ အဓိပ္ပါယ်တော့ မတူဘူးလေ ။ သူတို့ က မံ ဆိုတော့လဲ မံပေါ့လေ ။
မြန်မာပြည်မှာ နောက်ထပ် နှိးဘုရားအကြီးတွေ ကလောမှာ တစ်ဆူ ၊ ရန်ကုန် ရမိုင်ခွဲနားမှာ တစ်ဆူ ရှိပါတယ်။
အမြင့် ၁၈ ပေ ၊ ဒူးတော်ပိုင်း ဗျက် ၁၄ ပေ ၆ လက်မ ရှိ ကြီးမားလှတဲ့ ဒီရုပ်ပွားတော်ကြီးဟာ ဧရာဝတီ မြစ်ရေ လျှံတဲ့ အချိန် မြစ်ရေထဲမှာ မျောပါလာတာ ဖြစ်ပါတယ်။ ရေလျှံချိန် ရေစီးနေပေမဲ့ ဘုရားကြီးကတော့ ဆက်မရွေ့ဘဲ တန့်နေပါသတဲ့ ။ ဒီတော့ ဆရာတော် ဦးဗိုင်ဦးစီးပြီး ၀ိုင်းဝန်း ဆယ်ယူ ပူဇော်ထားခဲ့ ပါတယ် ။





ကြည်ညိုစရာ ရှင်ပင်မဟာလာဘ မံဘုရားကြီးပါ ။
၁၉၈၈ မတိုင်ခင် ကာလမှာတော့  စစ်စီးရောင် သုတ်ထားပြီး သင်္ကန်းတော်ကတော့ ယောဂီရောင်ပါ ။ ဒီလို ရွှေဆေးသုတ်ထားတာမဟုတ်ပါဘူး ။ 

ဦးနေ၀င်းလက်ထက်မှာ စလေ က ရှေးဟောင်း ဘုရားတွေဟာ အရောင် ပန်းချီက စ ပြင်ဆင်ခွင့် မရှိခဲ့ပါဘူး ။ ယုတ်စွ အဆုံး ဘုရားပြို အုတ်မှာ ပေါက်နေတဲ့ မြက်ကိုတောင်မှ ဆွဲနှူတ်ခွင့်မရှိပါဘူး ။ ရှေးဟောင်း လက်ရာ အစစ်ဖြစ်စေချင်လို့ပါတဲ့။
တကယ့် ကို စလေဘုရား ဘယ်ဘုရားဖူးဖူး နံရံတွေ က ဘုရားလောင်း ရင့်စဉ်တကျိပ် က ဇာတ်တော်တွေ ရယ် ၊ ကောသလ အိပ်မက် ၁၆ ချက် ရယ် ရေးထားတဲ့ နံရံဆေး ပန်းချီ တွေ ဟာ အသက်ဝင် ခမ်းနားလှပါတယ် ။ သူတို့ အသုံးပြုတဲ့ အရောင်တွေ ကိုက ပြင်ပ မှာ လူတွေအများစု သုံးတဲ့ အရောင်တွေ ဆိုတော့ ပိုပြီးအသက်ဝင်တာပေါ့ ။ 
ခုတော့ ဒီလက်ရာတွေ နေရာမှာ အစားထိုးထားတဲ့ လက်ရာအသစ်တွေ နဲ့ ။စေတီတွေ မှာလဲ ရွှေဆေး သုတ်ထားကြတာများ ကုလားရောင် ဖြဲစပ်စပ်လို မကြိုက်လှပါဘူး ။ အရင် ထုံးဖြူ သုတ်ထားတဲ့ စေတိတော်တွေဟာ အညာနေ နေပူပူ အောက်မှာ ရင်ထဲအေးပြီးကြည်နူးစေပါတယ် ။
ဒီဓါတ်ပုံ ကို စလေ က မောင်လေးတယောက်ပြန်တော့ ရိုက်လာဘို့မှာလိုက်တာ ကိုယ်နဲ့ မရင်းနီးသလို ခံစားရတယ်။




ဒါကတော့ မယ်သံ ရဲ့ ကိုယ့် ငယ်ဘ၀ အမှတ်တရဖြစ်စေချင်လို့ တမင် ဒီအပိုင်းကို ရိုက်ခိုင်းလိုက်တာပါ ။ မံဘုရားကြီး ပလ္လင်တော် ၊ ဘုရား စတာတွေ က ကြီးပြီးအထဲက အခေါင်းကြီး မို့လို့ အတွင်းကိုလူဝင် လို့ရပါတယ် ။ ငယ်ငယ် က နွေရာသီမှာ မင်္ဂလာ ကလေးငယ် ယဉ်ကျေးလိမ္မာ သင်တန်း တက်ရတဲ့အခါ မယ်သံတို့ ကလေးတွေ အထဲဝင် ဆော့ကြပါတယ်။ ကာလသားတွေ လဲ ၀င်အိပ်တာ ဖဲဝိုင်းရိုက်တာ လုပ်ကြတယ်လို့ ဆိုပါတယ် ။ ခုတော့ အဲဒီအထဲဝင်တဲ့ တံခါး ကို သော့ခတ်လိုက်ပါပြီ ။

ငယ်ငယ်က ဥပုသ်နေ့မှာ လူကြီးတွေ ဒီဘုရားသွားဖူးမယ်ဆို မယ်သံတို့ က အတော်ပျော်ပါတယ် ။ ဘုရားပတ်ဝန်းကျင် ကျယ်ပြီးအေးချမ်းတာ အပြင် အနီးနား ဇရပ်တွေပေါ် မှာ ကုသိုလ်ပြုကြတဲ့ မြန်မာ စားစရာတွေပေါတာကိုး ။ သစ်ရိပ်တွေအောက် ဇရပ်တွေအောက်မှာ လူကြီးမိဘတွေနဲ့ပါလာတဲ့ ကလေးတွေ စုပြီးဆော့ကြ မောသွားရင် ဇရပ်တွေလည်ကြည့်ပြီး ကိုယ်ကြိုက်တဲ့ မုန့် ဆိုရင် တက်စားကြနဲ့ ။ ဒီလို ဘ၀ မျိုး နောက်တခေါက်ရဘို့ ဆိုတာမပြောနဲ့ ရှိခဲ့ဘူးတာတောင် အိပ်မက်လား လို့ ထင် ရမလို နှစ် ၃၀ အတွင်း ခေတ်ကြိးပြောင်းလိုက်တာ ။



ဒီ ပုံကတော့ မံဘုရားကြီးဝန်းကျင်မှာရှိတဲ့ စေတီငယ်လေးတွေနဲ့ ဇရပ်တွေပါ ။ အယင် ဒီရှေ့နားမှာ ဗဟိုလ်စည်ကြီးရှိပါတယ်။ ရှေးမြန်မာတွေ အချိန်သိရအောင် တီးတဲ့ စည်ကို မျှော်စင် နဲ့ဆောက်ထားတာပါ ။ တမြို့လုံး ကြား၇အောင် ထင်ပါရဲ့ ။ 
ခုတော့ ရှိမရှိ မသိတော့ပါ ။ ဓါတ်ပုံရိုက်ပေးတဲ့ သူက လဲ မေးကြည့်တော့ မရေမရာ ။ သူလဲ ဝေးကွာနေတာ ကြာပြီဘဲလေ ။
နောက်တခေါက်တော့ မံဘုရားရောက်တုန်း အနီးနားမှာ ရှိတဲ့ ဦးပုည နေခဲ့တဲ့ တိုက်နဲ့ ပေစာတွေ ထားတဲ့ ပိဋကတ်တိုက် ကို သွားမယ်လေ ။
မိတ်ဆွေတို့ ရော နေကပူ ဖုန်ကထူနဲ့ ပျင်းနေကြပြီလား ။ ဆက်လိုက်ကြဦးမလား ............................

Wednesday, December 21, 2011

ယုံကြည်မှူတည်ဆောက်ခြင်း (သို့မဟုတ်) ပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံခြင်း ..ရွှေကူမေနှင်း

ယုံကြည်မှူ မရှိတော့ဘူး ဆိုတဲ့အခါ
စီးပွား အကြီးမားဆုံး လုပ်ငန်းကြီးလညိး
ပျက်စီးသွားနိုင်တယ်။
စည်းစိမ်ချမ်းသာ.....
ခေါင်းဆောင်မှူ.....
မိတ်ဆွေအပေါင်းအသင်း.....
အနက်ရှိုင်းဆုံးအချစ်.....
အားလုံး ပျက်စီးနိုင်ပါတယ်။

ယုံကြည်မှူတည်ဆောက်ခြင်း

ဆရာက ဟောပြောချက် ယုံကြည်မှူတည်ဆောက်ခြင်း နိဒါန်းမှာယုံကြည်မှူ မရှိကြလို့ဖြစ်နေတဲ့ အဖြစ်အပျက်တခုလို စပြောပါတယ် ။ ဂျာနယ်တစောင် မှာဖတ်ရတဲ့ဆောင်းပါးထဲမှာဆေးရုံက လူနာကိုမယုံ၊လူနာကဆေးရုံကိုမယုံဖြစ်နေတဲ့အကြောင်းပါ။ လူ့အသက်ကိုကယ်ရတဲ့ဆေးရုံဆေးခန်းတွေမှာတောင် တစ်ဖက်ကိုတစ်ဖက် ယုံကြည်မှူနည်းပါးတဲ့သာဓကဖြစ်ပါတယ်။ဒါကြောင့် ယုံကြည်မှူဆိုတဲ့ကိတ်စဟာ သာမန်မဟ်ုတော့ဘဲ အရေးကိတ်စကြီးကြီးမားမားဖြစ်နေပြီလို့မှတ်ချက်ပေးပါတယ်။

          ယုံကြည်မှူလျော့ပါးနေတဲ့ကိစ္စကို ဘယ်လိုပြန်ကုစားရမလဲ။
             ယုံကြည်မှူတည်ဆောက်ခြင်းကို ဘယ်လိုစတင်ကြမလဲ။
              အမှန်တော့ ယုံကြည်မှူဆိုတာ လက်ခံလိုက်ဖို့ ပါပဲတဲ့။

လက်ခံလိုက်ရင် ဒါဟာယုံကြည်မှူတည်ဆောက်ခြင်းရဲ့ အစပါပဲတဲ့။

ဒီနေရာမှာ ကျွန်မ စဉ်းစားမိတာက အိမ်ကကလေးတွေ ကျူရှင်အပြန်နောက်ကျနေတယ်ဆိုပါစို့။ဘာလို့နောက်ကျသလဲမေးမယ်။ ကျူရှင်လွှတ်တာ နောက်ကျလို့ပါလို့ဖြေတာကို  ဟုတ်ရဲ့လား။မလိမ်နဲ့နော်။ ကျူရှင်ကိုဖုန်းဆက်မေးရမလား စသဖြင့်သံသယတွေရှိနေရင် နှစ်ဖက်ယုံကြည်မှူမရနိုင်ပါဘူး။

သြော် ...ဟုတ်လား ။အေးအေး လို့ လက်ခံလိုက်ရင်တော့ ကလေးပြောတာကို လက်ခံလိုက်တဲ့အတွက် ပြသနာမရှိဘူး။ တကယ်လည်းသံသယမထားဘဲလက်ခံလိုက်ရမှာပါ။ နောင်သူပြောတာဟုတ်မဟုတ် စုံစမ်းရင် ပေါ်မှာပဲ ။ လောလောဆယ်တော့ သူပြောတာကို လက်ခံလိုက်ခြင်း ၊တကယ်လည်းလက်ခံခြင်းဖြစ်ရင် ဒါဟာယုံကြည်မှူတစ်ခုရလိုက်နိုင်ပါတယ်။

                      အဲဒီနောက် ဒီလိုကိတ်စသေးသေးကို လက်ခံလိုက်ပြီးယုံကြည်မှူရပြီဆိုရင် တိုးချဲ့ ဖို့လိုပါတယ်တဲ့။ထပ်ထပ်ပြီးယုံကြည်ရမယ်။ယုံကြည်မှူတွေကိုထိန်းသိမ်းစုဆောင်းထားရပါမယ်တဲ့။ပျက်သွားရင်ပြန်တည်ဆောက်ဖို့လိုပါတယ်တဲ့။ယုံကြည်မှူရပြီးသမျှကို မပျက်အောင်လုပ်ရပါမယ်တဲ့ ။ ဒီလိုပြန်တည်ဆောက်ဘို့ဆိုရင်အချိန်အများကြီးလိုပါတယ်။ ယုံကြည်မှူဆိုတာ တည်ဆောက်တဲ့အချိန်ကြာပြီးပျက်ဘို့ကျတော့ခဏလေးပဲလို့လည်းဆိုပါတယ်။
                      ယုံကြည်မှူမရှိရင်ဘာမှလုပ်လို့မရဘူး။ နိုင်ငံအချင်းချင်းပဲဖြစ်ဖြစ်၊အဖွဲ့အစည်းအချင်းချင်း၊လူပုဂ္ဂိုလ်ဆစ်ဦးချင်းပဲဖြစ်ဖြစ်၊ယုံကြည်မှူမရှိရင်ဘာမှလုပ်လို့မရပါဘူးတဲ့။ယုံကြည်မှူဟာအဓိကပါပဲ။
ယုံကြည်မှူလျော့ပါးနေတာဟာ အထူးအဆန်းတောင်မဟုတ်တော့ပါဘူး။ နေရာတကာမှာယုံကြည်မှူနည်းနေတယ်။လူတစ်ဦးနဲ့တစ်ဦး မယုံကြတော့ဘူး။ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ လူ့အဖွဲ့အစည်းအချင်းချင်း မယုံကြဘူး။ဒီပစ္စည်း အတုလား၊အစစ်လား၊ဈေးနှူန်းမှန်သလား စသဖြင့်မယုံရဘူး။ ဒီလိုနေရာတိုင်းမှာ ယုံကြည်မှူနည်းပါးလာတာကို သုတေသနပြုထားတာရှိပါတယ်။
                  အမေရိကန်မှာ သတင်းမီဒီယာတွေကို ဘယ်လောက်ယုံကြည်ပါသလဲလို့မေးခွန်းမေးတဲ့အခါ...သတင်းမီဒီယာကို ယုံကြည်တဲ့သူ ၂၂%ပဲ ရှိပါတယ်တဲ့။အဲဒီနိုင်ငံမှာပဲ နိုင်ငံရေးပါတီတွေကို ယုံကြည်ပါသလားလို့ မေးခွန်းမေးတဲ့အခါ ယုံကြည်မှူရာနှူန်းဟာ ၈% ပဲရှိသတဲ့။  အစိုးရကို ယုံကြည်မှူက ၂၇% ရှိတယ်။ ကုမ္မဏီကြီးတွေမှာကျတော့ ၁၂%ပဲရှိတယ် လို့ သိရပါတယ်။
                   နောက်တစ်ခါ မိမိကလွဲပြီးတခြားသူတွေကို ဘယ်လောက်ယုံကြည်မှူရှိသလဲ လို့ မေးခွန်းမေးပြီး သူတေသနလုပ်ခဲ့ပါတယ်။ အဲဒီကိတ်စမှာတခြားလူကိုယုံကြည်မှူ အမေရိကမျှာ ၂၄% ရှိတယ်။ အာဖရိကမှာတော့ ၁၈% ပဲရှိတယ်။ဗြိတိန် မှာ၂၉% ရှိတယ်။ အရင်နှစ်ပေါင်း ၄၀ တုန်းက သုတေသနမှာတော့ ဗြိတိန်မှာ တခြားလူကိုယုံကြည်မှူဟာ ၆၀% ရှိခဲ့တာမို့ အခုအများကြီးလျော့သွားခဲ့ပါပြီ ။ အဲဒီနိုင်ငံတွေ နဲ့စာရင် ဥရောပျွိုင်ငံများမှာတော့ ၆၈% ရှိနေတာ သိရပါတယ်။

                  မိသားစုအတွင်းပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ်၊အားကစားလုပ်တာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှူမရှိဘူးဆိုရင် ဘာမှအောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး။ အဖွဲ့အစည်းတွေမှာလည်း ယုံကြည်မှူဟာ အရေးကြီးပါတယ်။

အဖွဲ့အစည်းတွေမှာယုံကြည်မှူဘယ်လောက်ရှိကြောင်း သူတေသနပြုချက်က စိတ်ဝင်စားစရာပါ ။

                 အဖွဲ့အစည်းတစ်ခုထဲမှာ ၀န်ထမ်းတွေက လူကြီးကို ဘယ်လောက် ယုံကြည်သလဲလို့မေးခွန်းအဖြေပြုစုတဲ့အခါ ကိုယ့်လူကြီးကို ယုံကြည်မှူရှိတဲ့လူ ၅၁% ရှိပါတယ်တဲ့ ။ လူကြီးတွေကို သိက္ခာရှိတယ်လို့ ယုံတဲ့လူက ၃၆% ရှိပြီး လူကြီးတွေဟာမဟုတ်တာလုပ်နေတယ်လို့ ယုံတဲ့လူက ၇၆% တောင်ရှီသတဲ့။

အဲသလောက် မယုံမကြည်ဖြစ်နေကြတာပါ ။

ဒီလို မယုံမကြည် ဆက်ဆံရေးကို ပြန်ပြီးထိန်းမတ်ဘို့ဆိုတာဟာ ယုံကြည်မှူကို မဖြစ်မနေ တည်ဆောက်ရပါလိမ့်မယ်။ ပျက်သွားရင် ပြန်တည်ရပါလိမ့်မယ်။တစ်ချိန်လုံးထိန်းသိမ်းနေဖို့ လိုပါတယ်။ အဖွဲ့အစည်းတစိခု ဟာ မယုံကြည်ခြင်းနဲ့ ပြိုကွဲသွားနိုင်ပါတယ် ။

အဖွဲ့အစည်းတင်မကပါဘူး။ လူမှူပေါင်းသင်း ဆက်ဆံရေးမှာ မိသားစုအချင်းချင်း ၊လင်နဲ့မယား စသဖြင့် ကွဲကြတာဟာ တစ်ဦးကိုတစ်ဦး မယုံကြည်ကြတော့လို့ပါပဲ။

ယုံကြည်မှူအရေးကိစ္စကြီးဟာ လူ့အသိုင်းအ၀ိုင်းအလွှာတိုင်းမှာ သက်ရောက်မှူတွေရှိနေတယ်။

ရုံးဌာနတွေထဲမှာ၊ အဖွဲ့အစည်းတွေထဲမှာ လူတစ်ဦးချင်းဆီမှာ သက်ရောက်နေတာပါ ။တကယ်တော့ ယုံကြည်မှူဆိုတာ တင်းမာတဲ့ အရာမဟုတ်ပါဘူး ။ အပျော့ပါ ။ သင်ယူသင့်ပါတယ်။၏ယုံကြည်မှူဟာ အေ၇းကိစ္စကြီးဖြစ်နေပြီဆိုရင် တစ်ခုခုလုပ်ရပါတော့မယ်။ နည်းပညာတွေ ပညာရှင်တွေဟာ အရေးပါပါတယ်။ ဒါပေမဲ့ အဲင်္ဒီနည်းပညာတွေကို ယုံကြည်မှူပေါင်းထည့်ဖို့က အရေးကိစ္စတစ်ခုဖြစ်နေတယ်။
ယုံကြည်မှူပေါင်းထည့်ဘို့ဆိုတာ မိမိ ကိုယ်မိမိ ပထမ ယုံကြည်ရပါမယ်။

နောက်တစ်ခုက သူတစ်ပါးကို ယုံကြည်ရမယ်။ဥပမာ...မိမိယုံကြည်တဲ့လူတစ်ဦးကို တွေးကြည့်ပါ ။

သင်ဘယ်သူ့ကို ယုံသလဲ ။သင့်သားကိုလား။ သင့်အမေကိုလား။
ဒီနေရာမှာ ဆရာက မှတ်သားစရာ ဟာသလေးတစ်ခု ပြောပြခဲ့ပါတယ်။ လူနာတစ်ယောက်ရှိတယ်။ အဲဒီလူနာရဲ့ဆရာဝန်က *ကဲ...ခင်ဗျား နောက် ၅မနစ်ကျရင် သေလိမ့်မယ်။ ခင်ဗျား ဘယ်သူ့ကို ဖုန်းဆက်ချင်လဲ *လို့ ပြောသတဲ့။
လူနာက ငါဘယ်သူ့ကို ဆက်ရမလဲစဉ်းစားတာပေါ့။

သူမှာခဲ့စရာတွေ ရှိမှာပေါ့။၏သူစဉ်းစားနေတာ ၅မိနစ်ရှိတော့မယ်။ ဒါနဲ့ ဆရာဝန်က ဘာဖြစ်လို့ ခုထိမဆက်သေးတာလဲပြောပြီး လူနာလည်းသေရော ဆိုပါတော့ ။ လူတွေဟာ တကယ် မိုးထဲရေထဲကျရင် ယုံကြည်စွာ မှာကြားရမယ့်လူ ရှားတယ်။ အထက်က ဥပမာလေးဟာ မှတ်သားစရာပါ ။

အမှန်တော့ ယုံကြည်တယ် ၊ မယုံကြည်ဘူးဆိုတာ ခံစားလို့ ရပါတယ်။
ယုံကြည်မှူကို ဘယ်လိုခံစားရလဲ ။ အလိုလို သိနိုင်ပါတယ်။
အဲဒီအခါ ကိုယ်ယုံကြည်တယ်ဆိုတာ သူ့ကိုဘယ်လိုပြောမလဲ။
ဘယ်လောက်မြန်မြန် ပြောနိုင်မလဲ။

ဒီယုံကြည်မှူနဲ့ ဆက်ဆံခြင်းက သင့်ကို ဘယ်လောက်ပျော်ရွှင်စေသလဲ။ အဲဒါလေးတွေ ဆန်းစစ်ကြည့်ရင် ယုံကြည်မှူ၇ှိတာဟာ ကောင်းမွန်ကြောင်း ထင်ရှားလာပါလိမ့်မည်။

အဲဒါနဲ့ ပြောင်းပြန် စဉ်းစားဖို့လဲရှိတယ်။

သင်မယုံကြည်နိုင်တဲ့လူကိုစဉ်းစားကြည့်ပါ။ 

သင်ဘယ်လိုခံစားရသလဲ။
ကိစ္စတွေ ဘယ်လောက်မြန်မြန် ပြီးနိုင်သလဲ။
အဲဒီဆက်ဆံရေး က ပျော်စရာကောင်းသလား။
လူတွေက အကြောင်းရင်းကိုမစဉ်းစားဘူး ။ မယုံတာကို ယုံအောင် မဖန်တီးဘဲ အုပ်ချုပ်တာနဲ့ တလွဲလုပ်နေကြတယ်။

ယုံကြည်မှူမရှိရင် အလုပ်တွေ ကြန့်ကြာပါတယ်။

ဥပမာ လေယာဉ်စီးတဲ့အခါ...
အရင်က အမေရိက သွားလေယာဉ်စီးရတာ စစ်ဆေးမှူခဏလေးပဲ။ အခုဆိုရင် စစ်ဆေးလိုက်တာအမျိုးမျိုး။ ဒါ ဘာကြောင့်လဲ။ မယုံလို့ ။

လောကကြီးမှာ အလုပ်တွေ နှေးသွားတယ် ၊ ကြာနေတယ် ဆိုတာဟာ ကုန်ကျစရိတ်ကို တက်စေပါတယ်။

ယုံကြည်မှူမရှိဘူးတော့ဘူးဆိုတဲ့အခါ...

စီးပွားအကြီးမားဆုံးလုပ်ငန်းကြီးလည်းပျက်စီးသွားနိုင်တယ်။
စည်းစိမ်ချမ်းသာ....
ခေါင်းဆောင်မှူ....
မိတ်ဆွေအပေါင်းအသင်း....
အနက်ရှိုင်းဆုံးအချစ်....
အားလုံးပျက်စီးနိုင်ပါတယ်။

လူတွေက ယုံကြည်မှူဆိုတာကို နားမလည်ကြဘူး။ ဥပေက္ခာပြုကြတယ်။ အထင်သေးကြတယ်။ မလိုဘူးလို့ထင်ကြတယ်။ ဒိတော့ ဥပေက္ခာမပြုကြဘို့လိုပါတယ်။လက်လျှော့လိုက်ရင် တည်ဆောက်လို့ မ၇နိုင်တော့ပါဘူး။   

Tuesday, December 20, 2011

ခရစ်စမတ်အငွေ့အသက်များ (ကသုတ်ကရက်)

နိုဝင်ဘာ လ မကုန်ခင်ကထဲက ခရစ်စမတ်အတွက်ပြင်ဆင်ကြတာ ..သွားလေရာ ဟိုနား ဒီနားမှာ  ခရစ်စမတ်သစ်ပင်တွေ အလှအပတွေနဲ့ ။
ကိုယ်ကတော့ တကယ့်ခရစ်စမတ်ကာလ ကိုမရောက်သေးဘူးရယ်လို့ နောက်ပြီး နေ့ခင်းဘက်တွေ ဘဲ ဖြတ်သွားဖြတ်လာလုပ်တော့ အော် သူတို့ ပြင်ဆင်နေကြပြီ ဆို ဒီလောက်ဘဲ ။
ဒီနေ့တော့ ဆိုဒ် ကိုအသွား မိုးဖွဲလေးတွေ ကျနေတုန်း လူတွေ လူတွေ ဒါ့ပုံ ရိုက်နေကြတာတွေ့တော့ ကိုယ်လဲရိုက်ချင်သွားတယ်။
ဆမ်းမားဆက်မှာတော့ ဆင်တွေခေတ်စားတယ် ။
(ဒီတော့ဘာဖြစ်လဲ  ..ကျောက်ဆည် ကို လွမ်းသွားတာပေါ့ ။)

ဆင်လေးကောင်...မိုး၇ွာထားတော့ မြက်ခင်းပေမဲ့အောက်မှာ ဗွက်ထနေတယ် ။  ငုတ်တုတ်ထိုင်နေတဲ့ ဆင်နီတာရဲ လေးနားမှာ မိန်းကလေးတယောက် ဒါ့ပုံရိုက်ဘို့ ....း)


 တကောင်ထဲ ...ဒါပေမဲ့ ဆင် ၊ ဆင်မှ ဆင်ဖြူကြား....း)


ချောကလက် ခရစ်စမတ် သစ်ပင်(မပြီးသေးဘူးထင်ပါရဲ့ မီးအလှဆင်တာ တွေ ဘာတွေ မတွေ့ဘူး ။မတွေ့ဆို လမ်းတဘက်က ဖုန်းလေးနဲ့ လှမ်းရိုက်တာကိုး ...း)




နေ့စဉ် ရုံးအသွားဖြတ်သွားရတဲ့နေရာ...သူများတကာတွေ ခရစ်စမတ်ရော မမတ်ရော ဒါ့ပုံတွေ ရိုက်ကြတာ ။  ကိုယ်ကတော့ အဲနားရောက်ရင် တရုတ်စကားပန်းအကြွေ လေးထဲမှာ အနာမပါ လန်းဆန်းနေတာလေးများ ရှိနေမလားလို့ အမြဲခေါင်းငုံ့ ရှာမိတယ် ။ စင်စင်ပြောတဲ့ အ၀ါရောင် ငှက်ကလေးရဲ့ ဥသြလို့ မြည်သံလေး နားစွင့်ရင်းပေါ့ ။

ခရစ်စမတ်မှာ ရက်ဖဲလ် ဟိုတယ် က မနှစ်ကလဲ ဒီ ဒီဇိုင်းဘဲ ။ ဒီနှစ်လဲ မပြောင်းလဲ သော အနီ စိမ်းကြား အခွေကြီး ဆိုတော့ ဟင် ဘာကြီးမှန်းလဲ မသိဘူး ရယ်လို့ ခံစားနေတာ ..ဟိုနေ့ က ရုံးအပြန်နောက်ကျ လို့ မီးထွန်းမှ အတော့် ကို လှတာပါ ။ 

ဒါကတော့ မနှစ်က ပုံပါ ။ ခရစ်စမတ်ဆိုတော့ ဆန်တာကလော့စ် လဲပါရမယ်လေ  နော်...း)
ညဘက်မီးထွန်းတဲ့ ရှူခင်းလေးထည့်ချင်လို့ မနှစ်က ပုံလေးဘဲ ပြန်ထည့်ရရော ။ ဒီနှစ် ညဘက်မှ မထွက်ဖြစ်သေးတာ.......................။


ကိုယ်လို ဘဲ ခရစ်စမတ် ကိုလာလည်တဲ့သူတွေ ။ သူတို့များမကြောက်တတ်ဘူးဗျား လူတွေကြားဒီတိုင်းဘဲ ..ပေါင်မုန့်ကားလေးစီးပြီးတော့ အင်္ကျီဆင်တူ နဲ့ လာကြတာ ပျော်စရာကြီး အနီးကပ်ကြည့်ချင်လို့ အနားသွားတော့ပြုံးပြပြီး လက်ကမ်းပေးတယ် ။ အမြန်လက်ဆွဲနှူတ်ဆက်လိုက်တာပေါ့ ။ (ဒါ့ပုံရိုက်ပေးမဲ့သူမရှိတာ နာဒယ်ကွာ)

Saturday, December 10, 2011

နယုန်လပြည့်နေ့

နယုန်လပြည့် မဟာသမယနေ့

ဒီနေ့ လပြည့် နေ့ဆိုတော့ ဘုရားကို မျက်နှာသစ်တော် ရေ (သုံးတော်ရေ) ၊ ဘုရားပန်း ၊ ဆွမ်းတော် ၊ သစ်သီးဆွမ်း၊ ကော်ဖီ အချိုရည် ၊သောက်တော်ရေ ကပ်ပါတယ် ။ ရုံးမလာခင်ပေါ့ ။
ကျမ က လပြည့် မွေး သူက လကွယ်မွေး ဆိုတော့ အဲဒီ နှစ်ရက် ကို ဆွမ်းကပ်နိုင်အောင် ကြိုးစားပါတယ် ။ နေ့စဉ်ကတော့ ရုံးမလာခင် ဘုရားကို မျက်နှာသစ်တော် ရေ (သုံးတော်ရေ) ၊ကော်ဖီ ၊မုန့် ၊သောက်တော်ရေ ကပ်ပါတယ် ။

သူက နတ်တော်လကွယ်မှာ မွေးတာ ဆိုတော့ ဒီနေ့ နတ်တော်လပြည့် လို့လဲပြောရော ဟာ သူ့မွေးနေ့ လို့ ပြောတာ မဟုတ်ဘူးလေ လကွယ်မှ ဆိုတော့ တခါတလေ လဲ လပြည့် ဖြစ်ချင်တယ်လို့ပြောပါတယ် ။
တကယ်တော့ လပြည့်ဆိုတိုင်း လကွယ်ဆိုတိုင်း ကံ အဆိုးအကောင်းကွာတာမဟုတ်ပါဘူး ။
ကံ ဆိုတာ အလုပ်ဖြစ်ပြီး အတိတ်က ပြုသောအလုပ်နဲ့ အခု ခုလုပ်သော အလုပ် လို့ဘဲကွာတာပါ ။ အတိတ် က အလုပ်ကောင်း နည်းခဲ့တယ်ထင်ရင်တော့ အခု ကောင်းတာတွေ များများလုပ်ရမှာပါ ။

ကျမ တို့ မြန်မာ မှာတော့ နယုန်လပြည့် ဟာ မဟာသမယနေ့ ဖြစ်ပါတယ်။

မဟာဆိုတာက၊ကြီးမြတ်ခြင်း၊ကြီးကျယ်ခြင်း၊ထူးမြတ်ခြင်းတဲ့၊ သမယ၊ဆိုတာကတော့၊အခါကာလ၊အချိန်တဲ့၊ ဒီတော့ကား..မဟာသမယ၊ကြီးကျယ် ထူးမြတ်တဲ့အချိန်ကာလ လို့ ဆိုလိုပါတယ် ။၊

နယုန်လပြည့်နေ့ရဲ့ကြီးကျယ်ထူးမြတ်ပုံ၊မဟာသမယလို့အမည်တွင်ပုံ၊မဟာသမယနေ့ဖြစ်ပေါ်လာပုံ

မြတ်ဘုရားရှင်လက်ထက်က..ကပိလ၀တ်ပြည်သားတွေနှင့်၊ကောလိယပြည်သားတွေပြဿနာဖြစ်ကြပါတယ်။၊ ဖြစ်စကတော့နှစ်ပြည်ထောင်လယ်သမားတွေပါ။ ၊လယ်ယာမြေစိုက် ချိန်မှာရေလိုကြတော့
နှစ်ပြည်ထောင်အလယ်ဗဟိုကနေစီးနေတဲ့ ရောဟိနိမြစ်ရေ ကို သူအရင်သုံးမည်၊ငါအရင်သုံးမည် ဆိုပြီး လုကြတာပါ ။၊နှစ်စဉ်နှစ်တိုင်းတော့အဆင်ပြေပါရဲ့၊ ဒီနှစ်မှာတော့ မိုးခေါင်တော့ အဆင်မပြေ
နိုင်တော့ပါ ။
လယ်သမားတွေဖြစ်တဲ့ပြဿနာက၊လယ်သမားတွေတင်မပြီးဘဲ နှစ်ပြည်ထောင်မင်းညီမင်းသားတွေဆီရောက်သွားပါတယ်။
၊ဒီတော့လဲပြဿနာ ကကြီးသထက်ကြီးပြီးနှစ်ပြည်ထောင်စစ်ခင်းရမယ့်အခြေအနေရောက်လာပါတယ်။
တဘက်နှင့်တဘက်အလျှော့မပေးကြပဲ၊သွေးချောင်းစီးစစ် ပွဲကြီးစစ်ခင်းဖို့စိုင်းပြင်ကြပါတော့တယ်။၊

ဒီနှစ်ပြည်ထောင်ဆိုတာကလဲ၊သူစိမ်းတွေမဟုတ်ကြဘဲ၊၀မ်းကွဲညီကို တူဝရီးတွေပါ ။

မြတ်ဘုရားရှင်ရဲ့ဆွေမျိုးရင်းခြာတွေဆိုတော့ဘုရားရှင် က ငြိမ်းချမ်းရေးတရား၊စေ့စပ်ရေးတရား ဟောကြားခဲ့ပါတယ်။

ဒီလိုဟောတဲ့နေရာမှာ၊မြတ်ဘုရားရှင်က၊သာဓကတွေအနေနဲ့၊
1။ ။ဝက်ဝံနှင့်ရုက္ခစိုး၊ရန်ငြိုးထားရာကနှစ်ဦးလုံးပျက်စီးကြရပုံ၊
2။ ။အကြာက်ကြီးပြီး၊စဉ်းစားဆင်ခြင်ဝေဘန်မှုမရှိတဲ့။ယုန်တကောင်စကား
ကြောင့်၊ ဥသျှစ်သီးကြွေတာကို၊ကမ္ဘာပြိုတယ်မှတ်ပြီပြေးကြလို့၊တိရိစ္ဆာန်
တွေဒုက္ခတွေ့ကြရပုံ၊
3။ ။တဖက်သားကိုအားနည်းတယ်ထင်ပြီးအထင်သေးအနိုင်ယူလိုပါကလွယ်
ကူသည့်ကိစ္စမဟုတ်၍အထင်မသေးသင့်ကြောင်းကို၊အားကြီးတဲ့ဆင်ပြောင်
ကြီးကိုနှံစုတ်ငှက် မအနိုင်ယူနိုင်ခဲ့သည့်သာဓကရှိပုံ၊
4။ ။ငှက်များရဲ့အချင်းချင်းမညီညွတ်မှုကြောင့်၊ ငှက်မုဆိုးရဲ့ပိုက်ကွန်မှာငှက်
များအမိခံ ကြရပုံ၊
5။ ။သစ်ပင်များတစုတဝေးတည်းတည်ရှိနေမှုကြောင့်၊လေဒဏ်မိုးဒဏ်ကိုမပြို
မလဲ၊ ကြံ့ကြံ့ခံနိုင်ပုံ၊
6။ ။မိမိစိတ်၊မိမိကိုယ်ကိုထိန်းသိမ်းနိုင်ပါကအရာရာအောင်မြင်နိုင်ပုံ၊ ဥပမာ(၆)ရပ်ပြ ပြီးတရားရေအေး၊၊စေ့စပ်ရေးတရားဟောကြားခဲ့ပါတယ်။

ဒီတော့မှနှစ်ပြည်ထောင်သားတွေဟာ၊အမှန်မြင်၊အမှားပြင်လို့ငြိမ်းချမ်းရေးရခဲ့ကြပါတယ်။
နှစ်ပြည်ထောင်ကမင်းသားပေါင်း(၅၀၀)ငါးရာ၊သာသနဘောင်ဝင်ပြီးတရားအားထုတ်လိုက်တာ၊ရဟန္တာတွေ
တောင်ဖြစ်သွားပါတယ်။
စင်္ကြာဝဠာကနတ်ဗြဟ္မာတွေနဲ့သတ္တ၀ါတွေကလဲလာ ရောက်တရားနာယူကြရာကတရားထူးတွေရကြပါတယ်။
ဒါကြောင့်ထူးခြားတဲ့နေ့၊ထူးမြတ်တဲ့နေ့၊ကြီးကျယ်မြင့်မြတ်တဲ့နေ့၊ မဟာသမယနေ့လို့ တွင်ပါတယ် ။

ဒီလိုထူးခြားတဲ့ကိစ္စတွေနှင့်ပြည့်စုံနေတဲ့နယုန်လပြည့်နေ့မှာ…ထပ် လောင်းထူးခြားစေခဲ့တဲ့အဖြစ်အပျက်တခုကတော့၊သာသနာတော်ကိုအားဖြည့်ပေးမယ့်ဘိက္ခုနီသာသနာပေါ်လာဖို့စတင်အခြေပျိုးခဲ့တာပါပဲ ။

မှတ်ချက် ။ အချက်အလက် များကို ပဒိုင်းကျင်း ရွာမှ မှီငြမ်းပါတယ် ရှင်။ http://madinekyinn.blogspot.com/2008/06/blog-post_20.html