[X] Choose Font Here

Saturday, November 29, 2014

ဒီဇိုင်းမျိုးဆွေသန်း ရဲ့ မျက်နှာစာအုပ်ပေါ်မှ - ပုဂံနံရံပန်းချီ

မင်္ဂလာပါရှင် ။
ကျမ အနေနဲ့ facebook မှာ  ဒီဇိုင်းမျိုးဆွေသန်း ရဲ့ ဘုရားများအကြောင်း ရေးတာတွေကို စိတ်ဝင်စားနှစ်သက်သဘောကျ ပါတယ် ။ သို့သော် facebook မှာက တစုတစည်းထဲ ဖတ်မယ်ဆို ရှာရခက်တဲ့အတွက် ကျမ ဘလော့လေးမှာ စုစည်းကူးယူဖော်ပြခွင့် ကို ဒီဇိုင်းမျိုးဆွေသန်း ထံမှာ ခွင့်ပြုချက်တောင်းခံ ခဲ့ပါတယ် ။ ဒီ ဓါတ်ပုံများ စာများကို တခုခုအတွက်အသုံးပြု ကူးယူချင်ပါက ဆရာဒီဇိုင်းမျိုးဆွေသန်း ထံသို့သာ တိုက်ရိုက်ခွင့်ပြုချက်ယူရမည် ဖြစ်ပါကြောင်း မေတ္တာရပ်ခံလိုပါတယ်ရှင် ။



ပုဂံဒေသက ကြွင်းကျန်ရစ်ခဲ့တဲ့ နံရံပန်းချီ ဧရိယာကစတုရန်းပေ ၂ သိန်းကျော် ယနေ့ထိကျန်ရှိနေပါတယ်။
      ရှေ့လူတွေချန်ထားရစ်ခဲ့တာကို ကိုယ်လည်းဘာမှမချန်ထားရစ်နိုင်ပါလားလို့ တွေးတောမိရင် သူတို့ချန်ထားရစ်ခဲ့တဲ့ ယဉ်ကျေးမှုအနုလက်ရာတွေကို ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ငါတို့ တစ်ဦးခြင်း စီ မှာ တာဝန်ရှိပါလားလို့ အရင်ဆုံးနှလုံးသွင်းရမှာဖြစ်ပါတယ်။

အဲဒီလိုမဟုတ်ဖူးဆိုရင်တော့ နောက်မျိုးဆက်အတွက်ကိုယ်တိုင်လည်း ဘာမှဂုဏ်ယူစရာမထားခဲ့နိုင်၊ ကိုယ်ဂုဏ်ယူရတဲ့ရှေ့လူတွေချန်ထားခဲ့တာတွေကိုလည်း နောက်လူကိုလက်ဆင့်ကမ်းမပေးနိုင်ဆိုရင်တော့
တာဝန် မဲ့လွန်း ခဲ့ပြီး ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ လူ့လောကကနေပြန်လည်ထွက်ခွာသွားခဲ့ရပြီ ဆိုတာ အလွန်ရှက်စရာ ကောင်းလှပါတယ်။  နောက်လူများက ကဲ့ရဲ့ပြစ်တင်လို့ ဆုံးမှာမဟုတ်တော့ဖူးဆိုတာ  လည်း  နှလုံးသွင်းဆင်ခြင်ရမှာဖြစ်ပါတယ်။

လူ့လောကကိုဝင်ရောက်လာခဲ့ပြီး လောကကောင်းကျိုးကို ဘာမှဖြည့်စွက်မပေးခဲ့နိုင်ဆိုတာထက် ကိုယ့် ပတ်ဝန်းကျင် ကောင်းကျိုးကိုတောင် ဘာမှဖြည့်စွက်မပေးခဲ့နိုင်ပါလားလို့ တွေးမိရင် အပြစ်က ကြီးလွန်းလှတယ်ဆိုတာ အထင်အရှားမြင်တွေ့ရပါလိမ့်မယ်။

   ရှေ့လူတွေက ယဉ်ကျေးမှုခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့လို့ယဉ်ကျေးမှုအားကောင်းမောင်းသန်တဲ့ လူမျိုး လို့ ခေတ်ကမ္ဘာမှာ အထိုက်အလျောက်တင့်တယ်ခွင့်ရတဲ့သက်တမ်းက ကုန်ဆုံးပါတော့မယ်။
မြန်မာမပါပဲ လည်နေတဲ့ကမ္ဘာလို့ အလွယ်မြင်နိုင်ပါတယ်၊ သဘာဝအရင်းအမြစ်ကိုပဲ ထုတ်ရောင်းစားတာ ကုန်တော့ လူသားအရင်းမြစ်ကိုထုတ်ရောင်းတာ ထိပ်ဆုံးကရှေးဟောင်းပစ္စည်းနဲ့ ယဉ်ကျေးမှု လက်ရာ ကိုထုတ်ရောင်းတာ ခဏနေရင်လံကွတ်တီနဲ့မြန်မာတွေဖြစ်ဖို့လက်တစ်ကမ်းပဲလိုတာ ပုဂံက မရွှေ့ မပြောင်းနိုင် တဲ့ ယဉ်ကျေးမှုအနုပညာလက်ရာတွေကြောင့်ပါလားလို့ နားလည်ရင် မှီနိုင်ပါသေးရဲ့လို့ပဲပြောချင်ပါတယ်။

အနည်းဆုံး ဆီးဂိမ်းပိတ်ပွဲမှာ နိုင်ငံခြားသတင်းဌာနကကြေငြာသွားတဲ့ကြီးမားတဲ့ ယဉ်ကျေးမှု ရင်းမြစ်   တွေနဲ့ အိပ်ပျော်နေတဲ့ giant တွေရဲ့နိုင်ငံလို့ပြောဆိုမှုက နောက်တစ်ကြိမ်ဆိုရင် ဘယ်လိုကြေငြာ မယ် ဆိုတာ မှန်းကြည့်လို့ရပါလိမ့်မယ်။

အခုပုဂံမှာ ကြွင်းကျန်ရစ်တဲ့ ဧရိယာစတုရန်းပေ နှစ်သိန်းကျော်ထဲက အနည်းငယ်အကြောင်း ကျွန်တော်သိသလောက်ပြောပါမယ်


 ပုဂံက နံရံပန်းချီ( ၁ )  ( November 23 2014 on FB)

















 
ပုဂံဒေသမှာကြွင်းကျန်ရစ်တဲ့နံရံပန်းချီဧရိယာက စတုရန်းပေ ဧရိယာ ၂ သိန်းကျော်ကျန်ရစ်တယ်၊
စိတ်ဝင်စားလို့လေ့လာချင်ရင် လွယ်ကူတဲ့နည်းရှိပါတယ်၊ အရင်ဆုံးက ခေတ်တွေခွဲထုတ်လိုက်ပေါ့ ၁၁ရာစု၊ ၁၂ ရာစု နဲ့ ၁၃ ရာစု(၃) ခေတ်ပေါ့၊ 
အစောဆုံးနဲ့ လက်ရာအကောင်းဆုံး၊ ဆေးသားကောင်းမွန်စွာအကျန်ရှိဆုံးတွေက ပုထိုးသားများ၊ အပါယ်ရတနာ၊  နဂါးရုံ၊ အာနန္ဒာ၊မြင်းကပါက ဂူပြောက်ကြီးတို့ဖြစ်တယ်။
ရဲလိုအော်ကာလို့ခေါ်တဲ့ မြေဝါရောင်များများ၊ အနီ၊ အနက်နဲ့ နီညိုရောင် တွေဖြစ်တယ်၊ တစ်ဖက်ကလည်းအဲဒီဂူဘုရားတွေက အမိုးနိမ့်နိမ့်နဲ့ ကုတ်ဝတ်ဝတ် တည်ဆောက်ထားပြီး အလင်းရောင် နည်းလို့ အပျက်အစီးနည်း တယ်လို့ပြောရမယ်။
အာနန္ဒာကဆေးရေးပန်းချီကတော့ ခေတ်အဆက်ဆက် ဂေါပကကျေးဇူးနဲ့  ထုံးသုတ်ပေးခဲ့တော့ နံရံပန်းချီ အားလုံးတစ်လက်မမျှ မကျန်အောင်ပျက်စီး ဆုံးရှုံးခဲ့ရပေမယ့် အခုရက်ပိုင်းတွေမှာပဲ ယူနက်စကိုက နည်းပညာ နဲ့ ထုံးတွေကို ချွတ်ပေးတဲ့ ပရောဂျက်စတင်ပြီးမကြာခင်မှာပဲ နံရံပန်းချီတစ်ချို့ပေါ်ထွက်လာ
ပြီဖြစ်တယ်။
     နံရံပန်းချီအားလုံးက ဗုဒ္ဓ အတ္ထုပတ္တိဆိုင်ရာ ပန်းချီတွေပဲဖြစ်တယ်၊ အိန္ဒိယ အာဂျန္ဒာ လှိုဏ်ဂူ က  ရေးဆွဲနည်းကနေမြစ်ဖျားခံခဲ့တာဆိုတော့ ဗုဒ္ဓဘာသာဝင်ရောက်လာခြင်းနဲ့အတူ ပန်းချီ   ရေးဆွဲနည်း လည်းဖွံ့ဖြိုးလာခဲ့ တာလို့ ပြောလို့လည်းရပါတယ်။
သဘာဝကရတဲ့ပစ္စည်းတွေနဲ့ ရေးဆွဲဖို့ဆေးတွေကိုရရှိခဲ့တယ်၊ ကျောက်စာမှတ်တမ်းတွေအရ ပန်းချီ   ရေးဆွဲဖို့ ဆေးတွေထုတ်ပေးတဲ့စာရင်းတစ်ချို့တွေ့ ရတယ်၊ ပန်းချီဆရာ တွေကိုပေးဖို့ အခကြေးငွေ စာရင်းတွေ့ရတယ်၊ ဗောဓိကျောင်း ကျောက်စာအရ ပန်းချီဆရာကြီး စိတ္တရာဗိစည် နဲ့  အဖွဲ့ လို့   တွေ့ ရတဲ့အတွက် ပန်းချီဆရာတစ်ဦးနာမည်ကိုသိရတယ်။
ပုဂံခေတ်နံရံပန်းချီတွေကတစ်ဆင့် ပုဂံခေတ်ရဲ့ လူမှုရေး၊ ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှု၊ စစ်ရေး   နိုင်ငံရေး များစွာသောအကြောင်းအရာတွေကို ခြေရာခံလို့ရမယ်။
အဲဒီနံရံပန်းချီတွေဟာ နိုင်ငံရဲ့ အမျိုးသားရတနာစာရင်းမှာ ထိပ်ဆုံးကရှိနေတဲ့ ဂုဏ်ယူဖွယ်ရာအကောင်းဆုံး ပစ္စည်းတွေပဲဖြစ်ပါတယ်။


 ပုဂံက နံရံပန်းချီ ( ၂ )( November 23 2014 on FB)



ဗုဒ္ဓစာပေဆိုတာ ပိဋကစာပေပါပဲ။
ပါဠိဘာသာသက်သက်နဲ့စီကုံးထားတယ်၊ အဲဒီပိဋကစာပေကို ထေရဘာသာဝင်တွေက ဘီစီ ( ၅ )ရာစုမှ ( ၁)ရာစုကုန်ခန့်အထိ နှုတ်တက်အာဂုံဆောင်ကျက်မှတ်ပြီးထိမ်းသိမ်းထားခဲ့ကြပါတယ်၊သီဟိုဠ်ကျွန်းသို့ (၁) ဘီစီရာစု ကုန်ခါနီးရောက်မှ စာပေအဖြစ်ရေးသားမှတ်တမ်းတင်ခဲ့ကြပါတယ်။
အဲဒီပိဋကစာပေကို
၁ - ပိဋကအားဖြင့်ခွဲခြင်း
၂ - နိကာယအားဖြင့်ခွဲခြင်း
၃ - အင်္ဂအားဖြင့်ခွဲခြင်းဆိုပြီး ( ၃ )မျိုးခွဲခြားပြီးမှတ်လေ့ရှိပါတယ်။
ပိဋကအားဖြင့်ခွဲခြင်းက ဝိနယပိဋက၊ သုတ္တ( သုတ္တန္တ)ပိဋက၊ အဘိဓမ္မပိဋက ဆိုပြီး ကျွန်တော်တို့ အလွယ်ခွဲပြီးမှတ်လေ့ရှိတာက သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ဆိုတဲ့ ပိဋကတ်သုံးပုံပေါ့။
အလွယ်နားလည်အောင်ပြောတော့ ဝိ+နီ= ဆောင်ခြင်း၊ သံဃာ့ဂိုဏ်းဆိုင်ရာ ကျင့်ထုံးဥပဒေပေါ့။
သုတ္တ(သုတ္တန္တ) ပိဋက ဆိုတာက ဟောကြားချက်ပေါ့၊
မြတ်စွာဘုရားသခင်ရဲ့ ဟောကြားဆုံးမတော်မူခဲ့တဲ့ ဗုဒ္ဓဝစန တွေကို သုတ်တရားစုလို့ခေါ်ခြင်းပါ။
ဗာရာဏသီပြည် မိဂဒါဝုန်တော၌ ရှေးဦးဟောကြားအပ်တဲ့ ဓမ္မစင်္ကြာတရားမှ အစပြူ ပြီး ၄၅ နှစ်တာ ကာလ ပါတ်လုံး သတ္တဝါတို့ရဲ့လွတ်မြောက်လမ်းအတွက် ဟောကြားခဲ့တဲ့ ပရိနိဗ္ဗာန် စံလုနီး   နောက်ဆုံးဟောကြားချက်အထိတိုင်သော  တရားဒေသနာတော်တွေကို သုတ္တ၊ သုတ္တန် တရားအစု လို့ခေါ်ပါတယ်။
အဘိဓမ္မာပိဋက ဆိုတာကတော့ သုတ္တပိဋကတို့မှာတွေ့ ရှိပြီးတဲ့ ဓမ္မတို့ထက်အကြောင်းအရာ၊ အနက်အဓိပ္ပါယ်   အယူအဆဖွင့်ဆိုချက်များမှာ၌ သာလွန် နက်နဲသောကြောင့် အဘိဓမ္မ လို့ခေါ်ဆိုခြင်းပါပဲ၊
မြတ်စွာဘုရားသည် သတ္တမဝါသို့ရောက်သော် မယ်တော်အမိနတ်သားကို အကြောင်းပြု ပြီး မယ်တော် သန္တုဿိတ  နတ်သားနှင့်တကွ နတ်ဗြဟ္မာများ အား ဝါတွင်းသုံးလကာလပတ်လုံး အဘိဓမ္မာဒေသနာတော် ကို ဟောကြား တော်မူ၏။
နတ်တို့အားဟောကြားခဲ့သော အဘိဓမ္မာတရားတော်ကို ရှင်သာရိပုတ္တရာ မထေရ် အားလည်းဟောကြား နည်းပေးတော်မူခဲ့တယ်၊   ရှင်သာရိပုတ္တရာ မထေရ်က မိမိရဲ့တပည့်ရဟန်း ငါးရာကို တစ်ဖန်ပြန်   ဟောတော်   မူခဲ့ပါတယ်၊    ဤသို့ဖြင့် နတ်ပြည်တွင်ဟောကြားခဲ့တဲ့ အဘိဓမ္မာဒေသနာတော်များဟာ
ရှင်သာရိပုတ္တရာနှင့် တပည့်ရဟန်း ငါးရာကိုအကြောင်းပြုပြီး  လူ့ပြည်မှာလည်း စည်ပင်ပြန့်ပွားလာပါတယ်၊ အဲဒီအဘိဓမ္မာကို ကျမ်းအားဖြင့် ( ၇ ) ကျမ်း ခွဲထားပါတယ်။
ပုဂံကနံရံပန်းချီတွေမှာ အဲဒီပိဋကသုံးပုံ၊ သုတ္တန္တပိဋကထဲက ထုတ်နှုတ်ပြီး အရေးဆွဲခဲ့ဆုံးပဲဖြစ်တယ်။


 ပုဂံကနံရံပန်းချီ ( ၃ )  ( November 23 2014 on FB)



အဲဒီသုတ္တပိဋကကို ထေရဝါဒစာပေတွေမှာ နိကာယအားဖြင့်( ၅ ) စုဖွဲ့ပြီးဖော်ပြပါတယ်၊ နိကာယ၊ နိကာယ်ဆိုတာ အစုအပေါင်းဆိုတဲ့အဓိပ္ပါယ်ပါပဲ၊   သုတ္တပိဋက ကိုခွဲတဲ့ နိကာယ်ငါးရပ်က
၁ - ဒီဃနိကာယ်
၂ - မဇ္ဈိမနိကာယ်
၃ - သံယုတ္တနိကာယ်
၎ - အဂုင်္တ္တရနိကာယ်
၅ - ခုဒ္ဒကနိကာယ် တို့ဖြစ်တယ်။

ပုဂံကနံရံပန်းချီတွေက နောက်ဆုံးနိကာယ်ဖြစ်တဲ့ခုဒ္ဒကနိကာယ်ကျမ်းလာတွေကိုအများဆုံးထုတ်နှုတ်ရေးဆွဲခဲ့တာဖြစ်ပါတယ်။



 ပုဂံကနံရံပန်းချီ ( ၄ ) ( November 23 2014 on FB)

မြင်းကပါဂူပြောက်ကြီးဘုရားမှ နံရံပန်းချီ ၊ ရာဇကုမာရ်ရဲ့ ကုသိုလ်ပါ။























ခုဒ္ဒကနိကာယ် ဆိုတာ နှောင်းသောအစုကြီး ပါတဲ့၊ရှေ့ကနိကာယ်ကြီးလေးရပ်တို့နောက်မှ ထပ်မံ ဖွဲ့စည်းသောအစုဖြစ်တဲ့အတွက် နှောင်းသောအစုလို့အဓိပ္ပါယ်ရတဲ့   ခုဒ္ဒကနိကာယ်လို့ အမည်ပေးတယ်     လို့လည်းယူဆနိုင်ပါတယ်။

သုတ္တပိဋက ရဲ့ ပဉ္စမနဲ့နောက်ဆုံးအစုဖြစ်တဲ့ ခုဒ္ဒကနိကာယ်ကိုကျမ်းပေါင်း( ၁၅ )ကျမ်းနဲ့ခွဲထားပါတယ်၊ သီဟိုဠ်မူက အဋ္ဌကထာဆရာ ရှင်မဟာဗုဒ္ဓဃောသရဲ့ မူအတိုင်းပဲဖြစ်ပြီး ပညာရှင်သုတေသီတွေရေတွက်ပုံနဲ့ လည်းသဘောညီတဲ့(၁၅)ကျမ်းပဲဖြစ်ပါတယ်။

ခွဲခြားပုံက
၁ - ခုဒ္ဒကပါဌ
၂ - ဓမ္မပဒ
၃ - ဥဒါနပါဠိ
၎ - ဣတိဝုတ္တက
၅ - သုတ္တနိပါတ
၆ - ဝိမာနဝတ္ထု
၇ - ပေတဝတ္ထု
၈ - ထေရဂါထာ
၉ - ထေရီဂါထာ
၁၀ - ဇာတက
၁၁ - နိဒ္ဒေသ
၁၂ - ပဋိသမ္ဘိဒါမဂ္ဂ
၁၃ - အပဒါန
၁၄ - ဗုဒ္ဓဝံသ
၁၅ - စရိယာပိဋက တို့ပဲဖြစ်ပါတယ်။

အဲဒီ (၁၅)ကျမ်းထဲကမှ ( ၁၀ ) ကျမ်းကို ပုဂံခေတ်က နံရံပန်းချီတွေရေးဆွဲခဲ့တာပါ။
အဲဒီ ( ၁၀ )ကျမ်းက
၁၊ ခုဒ္ဒကပါဌ၊ ၂၊ ဓမ္မပဒ၊ ၃၊ ဝိမာနဝတ္ထု၊ ၄၊ ပေတဝတ္ထု၊ ၅၊ ထေရဂါထာ၊ ၆၊ ထေရီဂါထာ၊
၇၊ ဇာတက၊ ၈၊ အပဒါန၊ ၉၊ ဗုဒ္ဓဝံသ၊ ၁၀၊ စရိယာပိဋက။ တို့ပဲဖြစ်ပါတယ်။



ပုဂံကနံရံပန်းချီ ( ၅ ) ( November 24 2014 on FB)

            ခရစ်နှစ် ၁၁၁၃ ခုနှစ်တွင် ရေစက်သွန်းချလှုဒါန်းပူဇော်ပြီး တည်ဆောက်ခဲ့သော ရာဇကုမာရ် ၏  မြင်းကပါအရပ်ရှိ ဂူပြောက်ကြီးစေတီတွင် ပုဂံခေတ်နံရံဆေးရေးပန်းချီ ဆရာက  ကောက်ကြောင်း ပန်းချီ   ရေးဆွဲနည်းဖြင့် မျက်နှာခံစားမှုရသပေါ်လွင်အောင်ရေးဆွဲထားပုံ။








ပုဂံကနံရံပန်းချီ ( ၆ )( November 24 2014 on FB)






အာဂျန်တာလှိုဏ်ဂူ ( Ajanta Caves ) မှ လာခဲ့သည်တဲ့။
ပုဂံဒေသဆီ ကို အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်နယ်မှာရှိတဲ့ အဂျန်တာလှိုဏ်ဂူ နံရံပန်းချီတွေရဲ့ ရေးနည်း ( Fresco ) လို့ခေါ်တဲ့ အင်္ဂတေ ပေါ်ရေးနည်း ဟာ ဗုဒ္ဓဘာသာဝင်ရောက်လာခြင်းနဲ့အတူ ဝင်ရောက်လာခဲ့
တယ်    လို့ ပညာရှင်တွေက ယူဆကြပါတယ်။

    ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံလွန်တော်မူပြီး နှစ်ပေါင်း ၃ဝ၀ ခန့်လောက်က ဟိုက်ဒြာဘတ်နယ်ရဲ့ သာယာအေးငြိမ်းလှတဲ့      တောကြီးထဲမှာ ဝါဂိုရာမြစ်ကို မိုးလျှက် တည်ရှိတဲ့ သဘာဝ   ကျောက်တောင်  ကြီးအတွင်းမှ  အာဂျန်တာဂူများ ထဲမှာ ဗုဒ္ဓ ရဟန်းတော် များက  တောရဆောက်တည် တရားအားထုတ်ရာ ကနေ ဗုဒ္ဓရုပ်ပွားတော်များကို အံ့သြဘွယ် ထွင်းထုထားခဲ့ပြီး ဗုဒ္ဓဝင်နံရံပန်းချီ များကို    ရေးဆွဲ  ချန်ထားခဲ့ကြပါတယ်။
အဲဒီ အာဂျန်တာဂူက ရေးနည်းတွေက ပုဂံဒေသကို ပံျ့နှံ့ခဲ့တယ်လို့ အဆိုရှိကြ ပေမဲ့ အနော်ရထာ လက်ထက်မှာ မြေစိုက်စေတီများသာရှိသည်မို့ လှိုဏ်ဂူတွေ တည်ဆောက် ခဲ့တဲ့ အာနန္ဒာလို ဂူပုထိုးတွေက ကျန်စစ်သားလက်ထက်မှာမှ များများပေါ်ပေါက်လာတာဖြစ်လို့ ၁၂ ရာစုနှောင်းပိုင်းမှာ စတင်တွေ့ရှိရမှာဖြစ်
ပါတယ်။
      ၁၂၊ ၁၃ ရာစု ဝန်းကျင်မှာ ပေါ်ပေါက်ခဲ့တဲ့ သဗ္ဗညု၊ စူဠာမဏိ၊ ထီးလိုမင်းလို၊ ကန်တော့ ပလ္လင်တို့လို   ပုဂံဘုရားများဟာ        မြင့်မြင့်မားမားနဲ့ မီးလျှံကြီးတွေ ကောင်းကင်မှာ ထိုးတက်နေသလို ဝင့်ကြွားလှပြီး အဲဒီစေတီတွေနဲ့အတူ မြန်မာ တွေရဲ့ ပုံကျ ပန်းကျရှေးရိုးပန်းချီကိုလည်း ကိုယ်ပိုင်ရရှိခဲ့ကြပြီဖြစ်ပါတယ်။
          ပုဂံထက်ရှေးကျတဲ့ ပျူ တွေမှာလည်း ဘောဘောကြီး၊ ဘုရားမာ တို့လို စေတီ များစွာကျန်ရစ်ခဲ့သလို ခင်ဘကုန်းကရခဲ့တဲ့ ပျူ စာ နဲ့ ရွှေ ပေချပ်တွေမှာလည်း ''ယေ ဓမ္မာ ဟေတုပ္ပဘဝါ'' အစချီတဲ့ အတွက် ပုဂံမတိုင်ခင်မှာပဲ  မြန်မာတွေရဲ့ ဧရာဝတီ မြစ်ကမ်းပါးပေါ်ကို ဗုဒ္ဓဘာသာ ရောက်ရှိပြီးဖြစ်ပါတယ်။
ဗုဒ္ဓ ဘာသာဝင်ရောက်လာခြင်းနဲ့ အတူ နံရံပန်းချီရေးနည်းဟာ အတူတွဲပြီး ပုဂံကို ရောက်လာတယ် ဆိုတာကိုတော့  ဆက်လက် စောကြော သုတေသန လုပ်ကြရဦးမှာ ဖြစ်ပါတယ်။

ပုဂံကနံရံပန်းချီ စာ အမှတ်( ၆ ) မှာပဲရပ်ပါတယ်၊
ကျန်တာက တစ်ဆူခြင်းစီနဲ့ ပုဂံအကြောင်းက စိတ်ကူးတည့်သလိုပြောပါမယ်။
ပုဂံကနံရံပန်းချီတွေအတွက် ရှေ့ကပညာရှင်တွေ အလုပ်လုပ်သွားတာ အံ့သြယူရပါလိမ့်မယ်။
အကျယ်တဝင့် လေ့လာလိုသူတွေအတွက် မြန်မာပညာရှင်တွေအလုပ်လုပ်သွားတဲ့စာအုပ်တွေက တစ်ဆူခြင်းစီအပြည့်အစုံ လုပ်သွားတာတွေ့ရပါလိမ့်မယ်၊
အဲဒါတွေက
- မြင်းကပါဂူပြောက်ကြီး - ဦးကျော်ငြိမ်း( လက်ထောက်ညွှန်ကြားရေးမှုး၊
အငြိမ်းစား၊ ရှေးဟောင်းသုတေသန)
- အပါယ်ရတနာလှိုဏ်ဂူဘုရား - အငြိမ်းစားကျောက်စာဝန်သီရိပျံချီ ဦးမြ
- လောကထိပ်ပန် စေတီ - ဦးဘရှင် တို့
စာအုပ်တွေမှာ အဲဒီစေတီတွေနဲ့ ပါတ်သက်လို့ပြည့်စုံစွာ သုတေသနလုပ်ထားခဲ့တာကြာပြီဖြစ်ပါတယ်။
နံရံပန်းချီလေ့လာလိုသူတွေက သူတို့ပြောပြီးသားကိုပြန်မပြောကြပဲ အချက်အလက်အသစ်နဲ့ နည်းလမ်းကျတဲ့ အယူအဆအသစ်ကို ရှာကြံကြရမှာ ဖြစ်ပါတယ်။
လေ့လာလို၊ စာရေးသားလိုသူများအတွက် ဓါတ်ပုံပေးဖို့အသင့်ရှိပါကြောင်း။




2 comments:

  1. တစ်စုတစ်ဝေး တစ်နေရာထဲမှာ ကြည့်ခွင့် ဖတ်ခွင့် မှတ်သားခွင့်ရတဲ့အတွက် ကျေးဇူးပါ သန္တာရေ။ စကားမစပ် သန္တာ့ပို့စ်လေးကို ကော်ပီယူသွားတယ်နော် ...

    ReplyDelete
  2. ကွတ်ထဲက ဘော်ဒါဂျီး ... ၊ လာဖတ်သွားတယ်။ ကြားထဲမှာ ဘလော့ဂ်မရေးဖြစ်တာ နှစ်နဲ့ချီ ကြာသွားတော့ ဘယ်သူတွေရဲ့ဘလော့ဂ် ဘယ်ဝှာနာမည်တွေမှန်း မသိတော့ဘူး။ အခုတောင် မျက်စိလည်လမ်းမှားပြီး ရောက်လာတာ။

    ReplyDelete