[X] Choose Font Here

Thursday, July 19, 2012

အာဇာနည် နေ့ နှင့် ရောက်တတ်ရာရာ အတွေးများ

ဗိုလ်ချုပ် အောင်ဆန်း အပါအ၀င် ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဦးရာဇတ်၊ မိုင်းပွန်စော်ဘွား စ၀်စံထွန်း၊ ဦးအုန်းမောင်၊ ရဲဘော်ကိုထွေး  တို့  အာဇာနည် ကိုးဦး မသမာသူတို့၏ လုပ်ကြံမှုကြောင့် ၁၉၄၇ခုနှစ်၊ ဇူလိုင်လ ၁၉ရက်၊ စနေနေ့ နံက် ၁၀နာရီ၃၇မိနစ်တွင် ရန်ကုန်မြို့၌  ကျဆုံး သွားခဲ့တာ ဒီနေ့ ၂၀၁၂ ဂျူလိုင် ၁၉  မှာ ၆၅ နှစ် ရှိခဲ့ပါပြီ ။

ဒီနေ့ မှာ အာဇာနည် ခေါင်းဆောင်ကြီး များကို သွားရောက် ဂါရ၀ ပြု ကြတာ အမြောက်အများ တွေ့ရပါသည် ။ ဖေ့ဘွတ်ပေါ်မှာ မြို့အလိုက် စီတန်း သွားရောက် ဂါရ၀ ပြု တဲ့ ဓါတ်ပုံတွေ အများကြီး တွေ့ရသည် ။ စိတ်အထင် နှစ်စဉ် ဒီရက် မှာ အစဉ်အလာမပျက် ရန်ကုန်မြို့ အာဇာနည် ကုန်းမှာ သွားပြီး မိသားစု ၀င်များ နှင့် နိုင်ငံတော် အကြီးအကဲ များ သွားရောက် ဂါရ၀ ပြုတာ ကလွဲရင် တခြားမြို့ များ မှာ ဒီအစီအစဉ် တွေ မလုပ်ဖြစ်ကြတာ နှစ်ပေါင်းများစွာ ကြာမြင့်နေသလိုပင် ။

ကျမ တို့ ငယ်စဉ်က ဒီလိုနေ့ မနက် ၁၀နာရီ၃၇မိနစ် ဆို စက်ရုံ က ဥသြဆွဲ သည် ။ အဲဒီအချိန် ကျမတို့ လမ်းသွားနေတုန်းဆို စက်ဘီးကို ဗြုန်းဆိုရပ် သတိ အနေအထား ဖြင့် ဦးညွတ် အလေးပြု ကြတာ ၊ကျမ သာမဟုတ် စလေမြို့လေးက လူတိုင်းလိုလို .ထမင်းချက်ချက် ခြံထဲရောက်ရောက် လုပ်လက်စ တွေ ခန ရပ်လို့ .... ။ လူကြီး သူမတွေ လုပ်လို့သာ လိုက်လုပ်တာ နားမလည်သေးသော ကလေးများ က မေးရင်တော့ လူကြီးများက လွမ်းဆွတ် သတိရ စွာ ရှည်ရှည်လျားလျား ရှင်းပြကြသည်သာ ။ ဒီတော့ လူကြီး ကလေး ဒီသမိုင်း ကိုတော့ သိကြရသည်သာ ။ စလေ မြို့လေး မှာ ခုချိန်ထိ ဒီအလေ့အထ ရှိနေသေးလား သေချာ မသိတော့ပါ ။

ကျမ ၁၉၉၃ မှာ မြို့လေး ကိုခွဲခွာလာပြီးနောက် ချောက် ၊ ရန်ကုန် ၊ ကျောက်ဆည် စသဖြင့် ဟိုရောက် ဒီရောက် မြို့များမှာ ဒီအလေ့အထ ကိုမတွေ့ရတော့ပါ ။ သူ့ဌာန သူ့နေရာ အလိုက် ဂါရ၀တော့ ပြုကြမည် ။ ညဘက် သတင်းအစီအစဉ် ကို ကြည့်မိရင်တော့ အာဇာနည် နေ့မှာ  ဘယ်မိသားစု ကဖြင့် ဘယ်သူလာလို့ ဘာပန်းတွေ နဲ့ လုပ်ထားတဲ့ ပန်းခွေ ချသွားတယ် စိတ်ဝင်စားမှူက ဒီလောက်သာဘဲ ...။ ရင် မှ တန်ဘိုးထား မြတ်နိုးမှူ က အကွာ ကြီး ကွာသွားပြီ ။  ဒီနှစ် ဒီနေ့ မှာတော့ လူအများ စုရုံးသွားရောက် ဂါရ၀ ပြုကြတာ တွေ့ရတော့ နောက်မျိုးဆက်လေးတွေ ကျောင်းမတက် တဲ့ သူတွေ လဲ အာဇာနည် တို့အကြောင်း သိနို်င်သေးသည် ဟု ၀မ်းသာရပါသည် ။ ကျောင်းတက်ရင်တော့ သင်ခန်းစာ ထဲပါတော့ပါဦးမှာပင် .ဖျောက်ဖျက်မရတဲ့သမိုင်းမဟုတ်လား ၊ ကျောင်းမတက်သူတွေ သို့ သမိုင်းမသင်တဲ့ ကျောင်းတက်တဲ့ ကလေးတွေ တော့ မသိနိုင် ။ ဒီလိုနဲ့ တစတစ သမိုင်းကော မှာ ကြောက်ရသည်လေ ။

ကျမ အသက်အရွယ် အရ သေခြင်းတရား အကြောင်း အနည်းအပါး တီးခေါက်ထားရာ တွေးမိသည်က "ဇော" ၊ ကျမ တို့ အားလုံး ချစ်ခင်ရတဲ့ ခေါင်းဆောင်ကြီး  ဘယ်လိုများ သေသွားခဲ့ပါသလဲ ။ လုပ်စရာ တွေ အများကြီး ရှိသေးတယ်ရယ် လို့ နောက်ဆံ များ ငင်သွားပါသလား ၊ သူ့လို ကိုယ်ကျိုးအတွက်မကြည့် အများ အကျိုး အတွက် လုပ်နေသူ ကိုပင် ဒီလို ကြံစည်သူ ရှိပါသေးလား ဟု သံသယ နှင့် ၀မ်းနည်း နာကြည်းခဲ့လေသလား ဒါမှ မဟုတ် ဘာဆို ဘာမှ တွေးတော နိုင်ချိန် မရအောင် နာကျင်မှူ ခံစားခဲ့ရပါသလား ။ ဒါမှ မဟုတ် ဒီနာကျင်မှူတွေ ကိုဘဲ  ခန္ဒာ ကပါ လို့ ရုပ်နှင့် နာမ် ခွဲခြား ၀ိဥာဏ် သက်သက်သာသာ ထွက်သွားလေ ခဲ့သလား ။
ဘာ ဘဲ ဖြစ်ဖြစ် အများပြည်သူ တို့ လေးစားမြတ်နိုးရ ပါသော အာဇာနည် ကြီးများ အားလုံး ကောင်းရာ သုဂတိ ရောက် ကြမည် ဟု ကျမ ယုံကြည်ပါသည် ။

ကျမ ကတော့ အာဇာနည် နေ့ရယ်လို့ မဟုတ်ပေမဲ့ ရွှေတိဂုံ ဘုရားရောက်လို့ အချိန်ရသေးရင် မြောက်ဘက် မုဒ် မှ ဆင်း သွေးဆေးကန်း ဘေးကနေ အာဇာနည် ဗိမာန် ဘက်လဲ သွားဖြစ်ပါသည် ။ သွားရင် သတိထားမိတာ က အစောင့် စစ်သားတွေ ကိုပါ ။ သတိအနေအထားနဲ့  တွေ့ရသော စစ်သား လေးယောက် ၊ ဘာလို့ သတိ အနေအထားဖြင့် တချိန်လုံးနေဘို့ လိုအပ်တာလဲ လို့ ကျမ လက်တောက်လောက် အသိဥာဏ်ဖြင့် လိုက်မမှီနိုင် ၊ ဒါပေမဲ့ ကျမ မှာ မြင်တိုင်း မသက်မသာ ခံစားရမြဲ ။ (ဒါပေမဲ့ ကျမ စောင့်ကြည်တာကလဲ တနာရီတောင် မရှိခဲ့ပါ)

ရေပွက်ပမာ တခဏတာ အသက်ရှင် နေရတဲ့ ဘ၀ တွေမှာ မနက်ဖြန် ဆိုတာ ဘယ်သူမှ အစိုးမရနိုင် ။ နောက်နေ့အတွက် ရေရှည်အတွက် ဆိုတဲ့ မျှော်လင့်ချက်တွေ နဲ့ ရုန်းကန်လှူပ်ရှား စိတ်ဇောကပ် ကာမောနေသူများ မှာ အများအပြား ။ သူတို့ ကိုလဲ  မှားတယ် ဟု မဆိုသာ ၊ ကိုယ်တိုင်လဲ ဒီလိုလူစားထဲ မပါဘူး မပြောနိုင် ။ ဘုရားဟော အလယ်အလတ် လမ်းစဉ် ကို လိုက်နာ ကျင့်သုံးနိုင် ရင်တော့ အကောင်းဆုံး ။

ကျမ တို့ အခုလို သူ့ကျွန်ဘ၀ မှ လွတ်မြောက်ခြင်း ၊ လွတ်လပ်စွာ နေထိုင်နိုင်ခြင်းတို့ အတွက် အသက်စွန့် ကျိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ အာဇာနည် ခေါင်းဆောင် ကြီးများ အား ဂါရ၀ ပြု သည့် ဒီနေ့ လို လွတ်လပ်ရေး ကျောက်တိုင်များမှာ ပန်းခွေချ ခြင်း သံဃာတော်များအားဆွမ်းကျွေး အမျှဝေခြင်း ၊ နံရံကပ်စာဆောင် များ ၊ ကလေးများအား အာဇာနည်နေ့ လေ့လာရေး ခရီး ပို့ခြင်း စသည့် လှူပ်ရှားမှူ များအတွက် များစွာ ၀မ်းမြောက်မိပါသည် ။

No comments:

Post a Comment