[X] Choose Font Here

Thursday, July 12, 2012

ကျန်းမာ ပါစေ ချစ်သော အမေ

ငှက်ကလေးတွေ စိုးစီစီ နေခြည်မိုးသောက်ပြီ

အိပ်ယာထက် မှ ကလေးများ ထကြပါတော့လား ။

စာကျက် စားသောက် ပြင်ဆင်ကွယ်
ကျောင်းကိုသွားရမယ်
စာရေး စာဖတ် စာသင်မယ်
ကြိုးစားကြရမယ် ။

သမီးတို့သားတို့ အတွက် ရယ်
မေမေ မနားရတယ်
ချက်ပြုတ် သိမ်းထုတ် အိမ်အလုပ်
နေ့စဉ် တော်တော် ရှူပ် ။
သို့ပါသော်လည်း မေမေ့မယ်
မမောအား ပေါင် ကွယ် ။

အဆင်သင့်ပြင် စားစရာများ
ကလေးတွေ စားဘို့ထား
သားတို့ သမီးတို့ စားကြတယ်
မေမေ ပီတိကြွယ်
ကလေးတို့ ရဲ့ အပြုံးများ
မေမေ့ အတွက် အား ။    ။

မနက်ဖြန် ဂျူလိုင် ၁၃ မှာ အမေ့ အသက် ၆၇ နှစ်ပြည့်ပြီ ။


ညနေ ရုံးဆင်းလို့ အိမ်ပြန်ပြီဆို ဒီနေ့ အိမ်မှာ ဘာတွေ ဖြစ်လို့ အမေ ကဘာတွေ ပြောမှာပါလိမ့် လို့ တွေးမိသည် ။ အိမ်ရောက် သည် နှင့် တနေ့တာ ရဲ့ အဖြစ်အပျက်တွေ ကို ခရားရေသွန် အဆက်မပြတ် ပြောတာ ကို နားထောင်ရမည် ။ အိမ်မှာက အဖေ နဲ့ သမီးလေး ဘဲ ရှိတာဆိုတော့ အဓိက ဒီနှစ်ယောက်အကြောင်းဘဲပေါ့ ။

 အဖေ နှင့်အမေ က တကျက်ကျက် ၊ အိုးရွဲ့ ကို စလောင်းရွဲ့ နဲ့ ဖုံး ရင်တောင် ဒီအရွဲ့ အစောင်း နှစ်ခု အံဝင် ဂွင်ကျ မှူ ကို ကျမ တို့ ကျေးဇူးတင်ရပါမည် ။ ဒီအံဝင် ဂွင်ကျ မှူကြောင့် အဖေ တို့ အမေ တို့ အိမ်ထောင်သက် ၃၉ နှစ် တိုင် ခဲ့ပြီး ကျမတို့ မောင်နှမ လဲ မိစုံဖစုံ ရှိနေခဲ့တာ မဟုတ်လား ။
တခါ တလေေ တာ့လဲ သူတို့ နှစ်ယောက် ကျမ ကို ပုဏ္ဏားတိုင်ထားကာ တယောက်အကြောင်းတယောက်  ပြောကြတော့ ဒီလောက်မကျေနပ်ကြ ဘဲ ဒီလောက်နှစ်တွေ ကြာအောင် အတူတူ နေနိုင်ကြတာ ကို ကျမ အံ့သြပြီး ပြောတော့ သား သမီးတွေ မျက်နှာထောက်လို့ ပေါ့ ဟု ဖြေသည် ။ ဒါလဲ ဟုတ်တာဘဲ ။
(ဒါပမဲ့ ကျမမီးဖွားတာ ကို စောင့်ရှောက်ဘို့ ရန်ကုန်လာ တုန်းက အဖေ က အမေ့ကို ကျမတို့ နဲ့ အတူနေခဲ့ ၊ သူက တော့ မကွေးအိမ် မှာ ပြန်သွားနေမည် ပြောတုန်းက အမေ က လှတင့်ရှိရင် ကိုလွင်ရှိရမယ် ၊ ကိုလွင်ရှိရာ လှတင့် နေမယ် ဟု ပြတ်ပြတ်သားသား ပြောတဲ့ စကားက ကျမတို့ကြား ရေပန်းစား ဖူး သည်။)



တကယ်တော့ အမေ က အဖေ့ ကိုရော သားသမီး မြေးတွေ ကိုရော သူ မချစ်တာ မဟုတ် ။ ချစ်သည် ။ ချစ်တာမှ အပင်ပန်းခံ ပြီး ကို ချစ်သည် ။ ဘာမဆို အဖေ နှင့် ကျမတို့ ကြိုက်သည် ထင်လျှင် မဖြစ်မနေ စီစဉ်ပေးသည် ။ သို့သော် အထင် သည် အထင်သာဖြစ်သည် မသေချာ ။ အမေ က အထင်တလုံး နှင့် ပင်ပင်ပန်းပန်းစီစဉ်ပြီးသောအခါ ကျမတို့ က မကြိုက်ဘူးဆို ဒေါသ ထွက်တော့သည် ။ အမေ ဒေါသ အိုးကွဲ ပြီး စကားလုံးတွေ နှင့် ပစ်ပေါက်ရင်း ကြိုးအစထွက်သလို ဆွဲပြီး ရှေးဖြစ်နှောင်းဟောင်းတွေ ပါ ထွက်လာသောအခါ အဖေရယ် ကျမတို့ မောင်နှမရယ် အားလုံး စက်ကွင်း ကနေ မလွတ်တော့ ။ အားလုံးတန်းစီ ပြောပြီးလို့ အမေ ကျေနပ်သွားချိန်မှာ ခံစားပြီး ကျန်ခဲ့ရသူ တွေက ကျမတို့ သုံးယောက်သာဖြစ်သည် ။ အမေ ကတော့ သူမကျေနပ်တာ သာ သူသိပြီး သူများတွေ ဘယ်လို ခံစားရမည် ကို မတွေးမိသူသာ ဖြစ်သည် ။

တကယ်တော့ ကျမတို့ မိသားစု မှာ အပင်ပန်းဆုံး နှင့် အပင်ပန်းအခံနိုင်ဆုံး က အမေ သာဖြစ်သည် ။ အခု အသက် အရွယ်မှာ ပင် သမီးဖြစ်သူ ကျမထက် ပို အပင်ပန်းခံချင် သူဖြစ်သည် ။  အမေ က သမီးဖြစ်သူ ကျမ ကို ညှာ လို့ ကျမအလုပ်သွားချိန်တွေမှာ အိမ်အလုပ်တွေ ပြီးအောင် လုပ်ထားသည် ။ စိတ်ဆောင်လို့သာ လုပ်ထားသည် တကယ်က ခန္ဓာ က မလိုက်နိုင်တော့ ။ သွေးတိုး ဆီးချို ရှိနေသည့်အတွက် အစားလဲ ဆင်ခြင်ရသည် ။ အမေ က အစားမက် တဲ့သူ ၊ အချို အငံ အစပ် ကြိုက်တတ်သူ ဇြစ်ရာ ခုလို ဟိုဟာ မစားရ ဒီဟာ မစားရ ဆို ကျမလဲ စိတ်အတော်မကောင်း ။ တကယ်ဆို ခုလို ကျမ တတ်နိုင်နေချိန် မှာ အမေ ဆန္ဒရှိ ရာ စားချင်ရာ ကို ကျွေးချင်သည် ။

သားသမီးများ မိဘ ကိုကျေးဇူး ဆပ်ချင်လျှင် မိဘ များ တရားဓမ္မ အေးရိပ်မှာ  ၀ိပဿနာ အားထုတ် ဘို့ အားထုတ်ခွင့် ရဘို့စီစဉ်ပေး ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည် ဟု ဆိုကြသည် ။

အမေ့ မှာ သူမ ရဲ့ နုပျိုစဉ် အရွယ်ကောင်း ကိုလဲ ကျမ တို့ အတွက်ပေးဆပ် ခဲ့ရသည် ။ ခု အချိန် ထိ လဲ ကျမ အတွက် လုပ်ပေးနေရတာ ကို ကျမ စိတ်မကောင်း ။ အမေ့မေတ္တာကို အမှီပြု ၍ ကျမ ရယူနေသည် က မနည်းတော့ ။ ကျမ ဒိထက် အခွင့်အရေး မယူသင့်တော့ ။သား သမီး မြေး များ အတွက် အမေ့ ကို ဒီထက် စိတ်မပူစေချင်တော့ ။ အမေ့ အတွက် ကျမ စဉ်းစားရဦးမည် ။ အခု ဆို အမေ အိုလာပြီ ။ ခန္ဓာ နာလာချိန် မှာ တရား ကို သိပြီး သည်းခံနိုင်တဲ့ အလေ့အကျင့် ရှိဘို့ လိုပါသည် ။ အမေ့ ရဲ့ ကိုယ်ပိုင် ဘ၀ အတွက် ကိုယ်တိုင်ကြိုးစားဘို့ အခွင့်အရေး ကျမတို့ ပေးရမည် ။ အခုတောင် အတော် နောက်ကျနေပြီ ၊ အမေ့ ကို ဒီထက် ပိုနောက်မကျစေချင်တော့  ။
ကျမ အတွက် အမေ အချိန်ပေးစရာမလိုအောင် စီစဉ် တဲ့အခါ ကျမ က အမေ့ ကို မလိုအပ်တော့ဘူး လို့ တွေးပြီး စိတ်ငယ် ၀မ်းမနည်းဘဲ အမေ့ ကိုယ်တိုင် အတွက် အချိန်ရပြီ ဟု ၀မ်းသာ စေချင်ပါသည်။

သြော် တကယ်တော့ အမေ့ အတွက် ကိုယ်ပိုင် အချိန် များများ ကျန်အောင် ၊ ကျန်သော အချိန် မှာလဲ စိတ်သွားတိုင်း ကိုယ်ပါ နိုင်ပါစေ ရန် အမေ့ကို ကျန်းမာ အသက်ရှည်စေ လို လှသည် ။

(စား ၀တ် နေရေး အမေ မကြောင့်ကြ ရ စေရန် ကျမ ကြိုးစားပါမည် ။ အမေ့ အတွက် ကြောင့်ကြခြင်း အနှောင်အဖွဲ့ ကင်း၍  လက်ကျန်အချိန်တွေ မှာ တရားဓမ္မ နှလုံးသွင်း ငြိမ်းချမ်းပါစေ ၊ ကျန်းမာ အသက်ရှည်ပါစေ ချစ်သော အမေ။)

9 comments:

  1. မိသားစုတွေအပေါ်မှာမိခင်တွေဟာနည်းမျိုးစုံနဲ့ပေးဆပ်နေကြတာမိခင်မေတ္တာပါ.
    မမမယ်သံရဲ့ မေမေ အသက်ရာကျော်ရှည်ပါစေ
    ဒီသားသမီးဒီမြေးတွေနဲ့ ပျော်ရွှင်ကျန်းမာစွာတရားဘာဝနာတွေကိုအားထုတ်ရင်းနေထိုင်သွားနိုင်ပါစေ
    ..
    ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ အန်တီ

    ချစ်ခင်လျှက်

    မဒိုးကန်

    ReplyDelete
  2. ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေ အန်တီ။

    ReplyDelete
  3. Nice post....happy 67th B'day to Aunty.

    ReplyDelete
  4. Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog

    ReplyDelete
  5. ကိုယ်တိုင်လည်း မိခင်ဘဝကို ရယူထားတာကြောင့် မိခင်တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့မေတ္တာကို သန္တာအပြည့်အဝနားလည်နေပြီလေ။
    မိခင်တစ်ယောက်အပေါ်တာဝန်ကျေတဲ့သမီးကောင်းမို့ အခက်အခဲပေါင်းများစွာကို လွယ်လွယ်ကူကူ ရင်ဆိုင်ကျော်ဖြတ်နိုင်မှာပါ။
    သန္တာမေမေနဲ့သူချစ်တဲ့မိသားစု ဘဝခရီးလမ်းတစ်လျှောက်အေးချမ်းစွာရပ်တည်ရင်း စစ်မှန်တဲ့တရားဓမ္မများဆည်းပူးနိုင်ပါစေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. အမေများအားလုံး ကျန်းမာချမ်းသာကြပါစေ...
    သက်ကျော်ရာကျော်ရှည်ကြပါစေ....
    မယ်သံမေမေ အန်တီလည်း ကျန်းမာချမ်းသာပါစေ..

    ReplyDelete
  7. ဒီတစ်ပုဒ်က နှလုံးသားကို လာထိတယ်.. ဖတ်ပြီး ထိုင်ငိုင်နေမိတယ်..

    မယ်သံ့မေမေ.. ကျန်းမာပျော်ရွှင်အသက်ရှည်ပါစေ....

    ReplyDelete
  8. ကူးကူးလှိုင်November 13, 2012 at 6:55 PM

    အမေ့ကို မလိုအပ်တော့ဆိုပြီး အားငယ်သွားမှာစိုးရတယ်ဆိုတဲ့အချက်လေးကို သတိပြုမိသွားတယ်အစ်မ အမေတိုင်းအသက်ရှည်ကျန်းမာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်...

    ReplyDelete
  9. ဟိုးအဝေးဆုံးတစ်နေရာကနေ ချစ်မေမေ့ကို ရှိခိုးကန်တော့ပါ၏..။ မေမေကျန်းမာချမ်းသာပါလေစ..။

    ReplyDelete