ငှက်ကလေးတွေ စိုးစီစီ နေခြည်မိုးသောက်ပြီ
အိပ်ယာထက် မှ ကလေးများ ထကြပါတော့လား ။
စာကျက် စားသောက် ပြင်ဆင်ကွယ်
ကျောင်းကိုသွားရမယ်
စာရေး စာဖတ် စာသင်မယ်
ကြိုးစားကြရမယ် ။
သမီးတို့သားတို့ အတွက် ရယ်
မေမေ မနားရတယ်
ချက်ပြုတ် သိမ်းထုတ် အိမ်အလုပ်
နေ့စဉ် တော်တော် ရှူပ် ။
သို့ပါသော်လည်း မေမေ့မယ်
မမောအား ပေါင် ကွယ် ။
အဆင်သင့်ပြင် စားစရာများ
ကလေးတွေ စားဘို့ထား
သားတို့ သမီးတို့ စားကြတယ်
မေမေ ပီတိကြွယ်
ကလေးတို့ ရဲ့ အပြုံးများ
မေမေ့ အတွက် အား ။ ။
မနက်ဖြန် ဂျူလိုင် ၁၃ မှာ အမေ့ အသက် ၆၇ နှစ်ပြည့်ပြီ ။
ညနေ ရုံးဆင်းလို့ အိမ်ပြန်ပြီဆို ဒီနေ့ အိမ်မှာ ဘာတွေ ဖြစ်လို့ အမေ ကဘာတွေ ပြောမှာပါလိမ့် လို့ တွေးမိသည် ။ အိမ်ရောက် သည် နှင့် တနေ့တာ ရဲ့ အဖြစ်အပျက်တွေ ကို ခရားရေသွန် အဆက်မပြတ် ပြောတာ ကို နားထောင်ရမည် ။ အိမ်မှာက အဖေ နဲ့ သမီးလေး ဘဲ ရှိတာဆိုတော့ အဓိက ဒီနှစ်ယောက်အကြောင်းဘဲပေါ့ ။
အဖေ နှင့်အမေ က တကျက်ကျက် ၊ အိုးရွဲ့ ကို စလောင်းရွဲ့ နဲ့ ဖုံး ရင်တောင် ဒီအရွဲ့ အစောင်း နှစ်ခု အံဝင် ဂွင်ကျ မှူ ကို ကျမ တို့ ကျေးဇူးတင်ရပါမည် ။ ဒီအံဝင် ဂွင်ကျ မှူကြောင့် အဖေ တို့ အမေ တို့ အိမ်ထောင်သက် ၃၉ နှစ် တိုင် ခဲ့ပြီး ကျမတို့ မောင်နှမ လဲ မိစုံဖစုံ ရှိနေခဲ့တာ မဟုတ်လား ။
တခါ တလေေ တာ့လဲ သူတို့ နှစ်ယောက် ကျမ ကို ပုဏ္ဏားတိုင်ထားကာ တယောက်အကြောင်းတယောက် ပြောကြတော့ ဒီလောက်မကျေနပ်ကြ ဘဲ ဒီလောက်နှစ်တွေ ကြာအောင် အတူတူ နေနိုင်ကြတာ ကို ကျမ အံ့သြပြီး ပြောတော့ သား သမီးတွေ မျက်နှာထောက်လို့ ပေါ့ ဟု ဖြေသည် ။ ဒါလဲ ဟုတ်တာဘဲ ။
(ဒါပမဲ့ ကျမမီးဖွားတာ ကို စောင့်ရှောက်ဘို့ ရန်ကုန်လာ တုန်းက အဖေ က အမေ့ကို ကျမတို့ နဲ့ အတူနေခဲ့ ၊ သူက တော့ မကွေးအိမ် မှာ ပြန်သွားနေမည် ပြောတုန်းက အမေ က လှတင့်ရှိရင် ကိုလွင်ရှိရမယ် ၊ ကိုလွင်ရှိရာ လှတင့် နေမယ် ဟု ပြတ်ပြတ်သားသား ပြောတဲ့ စကားက ကျမတို့ကြား ရေပန်းစား ဖူး သည်။)
တကယ်တော့ အမေ က အဖေ့ ကိုရော သားသမီး မြေးတွေ ကိုရော သူ မချစ်တာ မဟုတ် ။ ချစ်သည် ။ ချစ်တာမှ အပင်ပန်းခံ ပြီး ကို ချစ်သည် ။ ဘာမဆို အဖေ နှင့် ကျမတို့ ကြိုက်သည် ထင်လျှင် မဖြစ်မနေ စီစဉ်ပေးသည် ။ သို့သော် အထင် သည် အထင်သာဖြစ်သည် မသေချာ ။ အမေ က အထင်တလုံး နှင့် ပင်ပင်ပန်းပန်းစီစဉ်ပြီးသောအခါ ကျမတို့ က မကြိုက်ဘူးဆို ဒေါသ ထွက်တော့သည် ။ အမေ ဒေါသ အိုးကွဲ ပြီး စကားလုံးတွေ နှင့် ပစ်ပေါက်ရင်း ကြိုးအစထွက်သလို ဆွဲပြီး ရှေးဖြစ်နှောင်းဟောင်းတွေ ပါ ထွက်လာသောအခါ အဖေရယ် ကျမတို့ မောင်နှမရယ် အားလုံး စက်ကွင်း ကနေ မလွတ်တော့ ။ အားလုံးတန်းစီ ပြောပြီးလို့ အမေ ကျေနပ်သွားချိန်မှာ ခံစားပြီး ကျန်ခဲ့ရသူ တွေက ကျမတို့ သုံးယောက်သာဖြစ်သည် ။ အမေ ကတော့ သူမကျေနပ်တာ သာ သူသိပြီး သူများတွေ ဘယ်လို ခံစားရမည် ကို မတွေးမိသူသာ ဖြစ်သည် ။
တကယ်တော့ ကျမတို့ မိသားစု မှာ အပင်ပန်းဆုံး နှင့် အပင်ပန်းအခံနိုင်ဆုံး က အမေ သာဖြစ်သည် ။ အခု အသက် အရွယ်မှာ ပင် သမီးဖြစ်သူ ကျမထက် ပို အပင်ပန်းခံချင် သူဖြစ်သည် ။ အမေ က သမီးဖြစ်သူ ကျမ ကို ညှာ လို့ ကျမအလုပ်သွားချိန်တွေမှာ အိမ်အလုပ်တွေ ပြီးအောင် လုပ်ထားသည် ။ စိတ်ဆောင်လို့သာ လုပ်ထားသည် တကယ်က ခန္ဓာ က မလိုက်နိုင်တော့ ။ သွေးတိုး ဆီးချို ရှိနေသည့်အတွက် အစားလဲ ဆင်ခြင်ရသည် ။ အမေ က အစားမက် တဲ့သူ ၊ အချို အငံ အစပ် ကြိုက်တတ်သူ ဇြစ်ရာ ခုလို ဟိုဟာ မစားရ ဒီဟာ မစားရ ဆို ကျမလဲ စိတ်အတော်မကောင်း ။ တကယ်ဆို ခုလို ကျမ တတ်နိုင်နေချိန် မှာ အမေ ဆန္ဒရှိ ရာ စားချင်ရာ ကို ကျွေးချင်သည် ။
သားသမီးများ မိဘ ကိုကျေးဇူး ဆပ်ချင်လျှင် မိဘ များ တရားဓမ္မ အေးရိပ်မှာ ၀ိပဿနာ အားထုတ် ဘို့ အားထုတ်ခွင့် ရဘို့စီစဉ်ပေး ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည် ဟု ဆိုကြသည် ။
အမေ့ မှာ သူမ ရဲ့ နုပျိုစဉ် အရွယ်ကောင်း ကိုလဲ ကျမ တို့ အတွက်ပေးဆပ် ခဲ့ရသည် ။ ခု အချိန် ထိ လဲ ကျမ အတွက် လုပ်ပေးနေရတာ ကို ကျမ စိတ်မကောင်း ။ အမေ့မေတ္တာကို အမှီပြု ၍ ကျမ ရယူနေသည် က မနည်းတော့ ။ ကျမ ဒိထက် အခွင့်အရေး မယူသင့်တော့ ။သား သမီး မြေး များ အတွက် အမေ့ ကို ဒီထက် စိတ်မပူစေချင်တော့ ။ အမေ့ အတွက် ကျမ စဉ်းစားရဦးမည် ။ အခု ဆို အမေ အိုလာပြီ ။ ခန္ဓာ နာလာချိန် မှာ တရား ကို သိပြီး သည်းခံနိုင်တဲ့ အလေ့အကျင့် ရှိဘို့ လိုပါသည် ။ အမေ့ ရဲ့ ကိုယ်ပိုင် ဘ၀ အတွက် ကိုယ်တိုင်ကြိုးစားဘို့ အခွင့်အရေး ကျမတို့ ပေးရမည် ။ အခုတောင် အတော် နောက်ကျနေပြီ ၊ အမေ့ ကို ဒီထက် ပိုနောက်မကျစေချင်တော့ ။
ကျမ အတွက် အမေ အချိန်ပေးစရာမလိုအောင် စီစဉ် တဲ့အခါ ကျမ က အမေ့ ကို မလိုအပ်တော့ဘူး လို့ တွေးပြီး စိတ်ငယ် ၀မ်းမနည်းဘဲ အမေ့ ကိုယ်တိုင် အတွက် အချိန်ရပြီ ဟု ၀မ်းသာ စေချင်ပါသည်။
သြော် တကယ်တော့ အမေ့ အတွက် ကိုယ်ပိုင် အချိန် များများ ကျန်အောင် ၊ ကျန်သော အချိန် မှာလဲ စိတ်သွားတိုင်း ကိုယ်ပါ နိုင်ပါစေ ရန် အမေ့ကို ကျန်းမာ အသက်ရှည်စေ လို လှသည် ။
(စား ၀တ် နေရေး အမေ မကြောင့်ကြ ရ စေရန် ကျမ ကြိုးစားပါမည် ။ အမေ့ အတွက် ကြောင့်ကြခြင်း အနှောင်အဖွဲ့ ကင်း၍ လက်ကျန်အချိန်တွေ မှာ တရားဓမ္မ နှလုံးသွင်း ငြိမ်းချမ်းပါစေ ၊ ကျန်းမာ အသက်ရှည်ပါစေ ချစ်သော အမေ။)