[X] Choose Font Here

Friday, September 23, 2011

ဧရာဝတီ အတွက် ဆုတောင်း

ကျမတို့ စလေမြို့လေးက ဧရာဝတီမြစ် အရှေ့ဘက် ကမ်းနဖူးမှာ ။
စလေမြို့ အရှေ့ဘက် အစိုးရ၀န်ထမ်းရပ်ကွက် က ဓါတ်မြေသြဇာ စက်ရုံ အမှတ် ၁ နှင့် ၂ ကို မှီတည်နေကြသလို မြို့တွင်းဘက် စီးပွားရေးအလုပ်အကိုင်ကတော့ ဧရာဝတီကို မှီတည်နေရသည်။

စိုက်ပျိုးရေးကို အဓိကထားသော မြန်မာနိုင်ငံတွင် လယ်၊ယာ၊ကိုင်း၊ကျွန်း၊ဥယျာဉ် ဟု ရှိရာ ကျမတို့ စလေမြို့ တ၀ိုက်ကတော့ ကိုင်းနှင့်ကျွန်းကို အလုပ်များသည်။

မြို့မှအထွက် လက်ပန်ကျွန်း ၊ သေခဲလှ၊ ရှင်ခဲလှ ဘက်တွင် ကိုင်းကို အသုံးများသည်။ မိုးတွင်း ကာလ မိုးရေ နှင့် မြစ်ရေ တက်ပြီး သီတင်းကျွတ် ရှင်ပင်စာကြို ဘုရားပွဲကို သွားရာ မြစ်ရေဖွေးဖွေးကို လှေဖြင့်ဖြတ်ကူးရသည် ။ အဲ နတ်တော် ပြာသို ပုန်းမကျီမှောက်တော့ ရွာတွေကို မုန့်စားဘို့လာတော့ မြစ်ရေကျရာ သဲသောင်ပြင်တလျှောက် ခြေကျင်ဖြတ်ရလို့ နေမပူခင်စောစောသွားရသည်။

ကျမတို့ ဘယ်လောက်စောစော သွားသွား ကိုင်းထဲမှာတော့ လူမပြတ် ။ ဟုတ်ပါသည် ။သဘာဝ မြေမှာရေအကျ တင်ကျန်ခဲ့တဲ့ နုံးနှစ်တွေနှင့်မြေအပွ မွမွ (အဲဒါကို ကိုင်းဟုခေါ်သည်)မှာ ကြက်သွန် မြေပဲ စိမ်းစားဥ စတာတွေ စိုက်ကြသည်။ မိုးတွင်းကာလ မြစ်ရေသိပ်မတက်လျှင်တော့ ကိုင်းသမားတွေ စိတ်ညစ်ရသည်။ အညာနေပူပူမှာ မြေအောက် စိမ့်ရေ နည်းတော့ မြစ်ရေတက်ထားမှ အစိုဓါတ်ကလေးရှိသည်တဲ့ ။ မြစ်ရေကဆွဲခေါ်လာသော နုံးကလဲ မြေဆီတက်တယ်ဆိုဘဲ ။

မြစ်အလယ် ပေါ်သော ကျွန်းမှာလဲ ကြက်သွန် စိုက်ကြသည် ။ ကျွန်းဆီကို လှေနှင့်အကူး အပေါ်မှ နေကပူသော်လဲ အောက်က မြစ်အခံကြောင့် အပူကိုမခံစားမိ ။

မိုးတွင်းကာလ မြစ်ပြင်ကျယ်ကျယ် ရေဖွေးဖွေး ဆို သင်္ဘော မော်တော်တွေ က စုန်ဆန်ပြေးကြလေသည်။
နွေဆို ရေနည်းတော့ သောင်တင်မှာကြောက်ရ သည်တဲ့ ၊၊
သင်္ဘောအဆန်လာပြီဆို အညာမှာရှားသည့် ဆန် ၊ အုန်းသီး၊ ငါးပိ ၊ ငါးခြောက် စတာတွေ ၀ယ်ရသည်။ အစုန်မှာတော့ ထညက် ၊မြေပဲ ၊ကြက်သွန်တွေ ပြန်တင်ရတာပေါ့ ။ မိုးရွာလို့ အလုပ်မရှိတဲ့ ကိုင်းသားတွေလဲ ကုန်တင်ချ အလုပ်ရကုန်ရောပေါ့ ။
ဒါတွေက ကျမတို့ ငယ်တုန်းကပါ ။ ခုခေတ်မတော့ လမ်းပန်းဆက်သွယ်ရေးကကောင်းနေပြီ ။ ဘယ်လို ဘဲ ကုန်းလမ်းကောင်းကာင်း ရေလမ်းလောက်တော့ ဈေးမချိုနိုင် ။ ဒီတော့ ဆန်အိတ် ကြက်သွန်စတဲ့ ၀န်ကျယ်တွေကတော့ ရေလမ်းကဘဲ ပြေးလွှားနေရပေမည် ။
ကျမတို့ အရှေ့က မြစ်ရေကို စက်ရုံကတင်ပြီး သန့်စင် အိမ်အရောက် ပိုက်လိုင်းကပို့ပေမဲ့ မြို့တွင်းလူထုကတော့ မြစ်ရေကိုဘဲ တိုက်ရိုက်သုံးရသည်။ ရှိတဲ့အိမ်ကတော့ ရေသည်လှည်းဝယ်ပေသိ အတော်များများကတော့ မြစ်မှာရေချိုးလျှော်ဖွပ် အိမ်သုံးလောက်သာ ထမ်းကြသည်။ မိုးနည်းလို့ မြစ်ကြောင်းကျဉ်းပြီး မြစ်ဝေးရင်တော့ အထမ်းသမားတွေ ပင်ပန်းကြသည်။

စလေနှင့် ဧရာဝတီ ၊ ဧရာဝတီနှင့် စလေ ခွဲခြားဘို့ ခက်ချေသည် ။

ဒါတင်မက စလေရဲ့ ရာဇ၀င် ကလဲ ဧရာဝတီ နှင့် တွဲထားသည် ။
စလေမင်းခွေး အိပ်မက်ကောင်း မက်ပြီး ဗေဒင်က ဘုရင် ဧကန်ဖြစ်လိမ့်မည် တခြားလာဒ်များပယ်ပါဟော လို့ လှေလှော်ရင်း ဆယ်မိတဲ့ ရွှေလင်းပန်း ၇ ချပ် ပုံပြင် ၊ မြတ်မုနိ ဘုရား ရခိုင်ကပင့်အလာ ဆက်ပင့်မရဘဲ ရပ်တန့် သည်ဟုဆိုကာ တည်ရသော မြစ်ဆိပ်မှဘုရား ရခိုင်ဘုရား (စလေသူ၊သား များကတော့ စလေမဟာမြတ်မုနိက အစစ်ဆိုဘဲ) ၊ ပန်းမြိုင်လည်မှ ဥယျာဉ်မှူး မှာ ကျော်ဟိန်း မော့ကြည့် ဖူးတဲ့ မှော်စွန်းဘုရား (စလေမှ ချောက်အထိ ဧရာဝတီ မြစ်ကိုးကွေ့ မှာ မှော် စွန်း ကိုးခု ရှိပြီး မှော်စွန်းတိုင်းမှာ ဘုရား ကိုးဆူ တည်ထားပါသည်) စသဖြင့် ဘုရား၊ရာဇ၀င်၊စီးပွားရေး....... အားလုံး က ဧရာဝတီနှင့် ဆက်စပ်နေသည်။

မေမေ က သမိုင်းဆရာမ ဆိုတော့ ရာဇ၀င်ခင်းကျင်းပြောပြခဲ့ရာ ဧရာဝတီ အကြောင်းလဲပါသည် ။

ဒီတော့ ကျမအတွက်တော့ ဧရာဝတီအလှသည် စလေမြို့ လေးတွင်သာ အမှတ်တရမဟုတ် ။
အထက်ဆို စစ်ကိုင်း အသွား ဧရာဝတီ ကိုဖြတ်ရတော့လည်း မှတ်မှတ်ရရ ၊ ပခုက္ကူ က သယ်ရင်းတို့ဆီအလည်သွားလဲ ချင်းတွင်းမြစ်စခွဲရာနေရာထိ မြစ်ပေါ်ပုံကို မှတ်မှတ်ရရ သွားကြည့်သည်။ (အဲဒီမှာ ဟင်္သာတွေ မလှတာစတွေ့တာ)။ ညောင်ဦးမှာ ဘူးဘုရား၊မကွေးမှာမြသလွန် ဖူးတော့လဲ ဘုရားတံတိုင်းကိုမေးတင်ပြီး ဧရာဝတီကို မျှော်ကြည့်ရပြန်သည်။ ရွှေစက်တော်အသွား မင်းဘူးကို ဇက် ဖြတ်တော့ရော ၊ အဘိုးအဘွားဆီ ကံမ အသွား ပြည်မှနေ မော်တော်စီးတော့ရော ဒီဧရာဝတီနှင့် အတူ ဆက်စပ်သော လူတွေ အကြောင်း အမေပြာပြ သမျှ နားထောင်ကာ ငေးမောရခဲ့သည်။

ဒါတောင်ကျမ ဧရာဝတီ စခဲ့ရာ မြစ်ဆုံဒေသ ဆုံးသွားရာ မြစ်ဝကျွန်းပေါ်ဒေသသို့ မရောက်ဘူးသေး ။
ဧရာဝတီကိုချစ်သောကျမ ရေဆုံးရေဖျားရောက်အောင်သွားမည်လို့ မှန်းထားခဲ့ပေမဲ့ ........................................

မေမေ က ကျမ ကို ဒီအမိမြန်မာဧ။် အဓိကရ မြစ်အကြောင်းကို လူတွေရဲ့ ဘ၀ ၊ စီးပွားရေး စသဖြင့် ဆက်စပ်ရှင်းပြသလို ကျမ သမီးလေး ကိုပြောခွင့်မှကြုံပါတော့မလား ။

ကျမ ကဒီလိုဘဲ တွေးပြီးဝမ်းနည်းရုံ ရှိသေးသည်၊ဟိုမှာ တကယ့်ကို ဆက်စပ်မှီတည်ပြီး အသက်ဆက်နေရရှာသော လူတွေမှာ ဘယ်လောက်တောင်သောကရောက်နေရမှာပါလိမ့် လို့ ဆက်ပြီးတောင်မတွေးရဲ ။

မြန်မာပြည်ဧ။် အထက် အညာမြေလတ် အောက် မြစ်ဝ ကျွန်းပေါ် ၊ 80% မကသော မြန်မာပြည်သူ၊သားများဧ။် အားထားရာ မြစ်ဧရာဝတီ ကြီး ကျန်းကျန်းမာမာ အဓွန့် ရှည်ပါစေကြောင်း၊ နိုင်ငံတည်သရွေ့ မပျောက်ပျက် ပါစေကြောင်း ဆုတောင်း ရပါသည်။

ကျမ နှင့် အတူ ဆုတောင်းမည့်သူတွေ အများသားမို့ လောကပါလ နတ်မင်းကြီးများ ကြားသိပါစေသားးးးးးးးးး

10 comments:

  1. လောကပါလ နတ်မင်းကြီးတွေ အိပ်ပျော်မနေမှဖြစ်မယ်
    အမိဧရာအတွက် တိုင်းသူ ပြည်သားအာလုံးမှာ တာဝန်ရှိပါတယ်

    စာရေးကောင်းတယ် နောက်လဲ ဖတ်ချင်ပါသေးတယ်
    သမီးလေးကို ဧရာဝတီအကြောင်း ဆက်လက်ပြောပြနိုင်ပါစေ

    ခင်မင်စွာဖြင့်
    seesein

    ReplyDelete
  2. ညီမ နဲ့ အတူ ဆုတောင်းပေးပါကြောင်း

    ကျေးဇူးညီမ
    အမရွှေစင်

    ReplyDelete
  3. မမစစ ကျေးဇူးအထူးပါ ။
    စာကောင်း ပေမွန်များကို မျှဝေနေတဲ့ မမတို့ ညီအမ စေတနာ မေတ်တာကိုလဲ ကျေးဇူးတင်လျှက်ပါ။ လာဖတ်ပေမဲ့ ကွန်မက်ကောင်းကောင်းမရေးတတ်လို့ မရေးခဲ့တာပါ။

    ReplyDelete
  4. ရွာဆော်ကြီး မမရွှေစင် အားလုံးအတွက် တကယ့်ကိုကျေးဇူးပါရှင်။

    ReplyDelete
  5. ဧရာဝတီကြီးကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဆက်ရှင်သန်နေမှာပါ
    သဘာဝ ရဲ့မြစ်တစ်စင်းကိုး
    သဘာဝကိုဖျက်ရင် သဘာဝကလည်း ပြန်ဖျက်တတ်တယ်၊

    ReplyDelete
  6. ဟုတ် ကိုတည်ငြိမ်အေး ... သဘာဝရဲ့မြစ်တစင်း ကို ဆက်ပြီးရှင်သန်နေရအောင် ဆုတောင်းနေပါတယ်။
    လာဖတ်တာရော ကွန်မက်ရောအတွက်ကျေးဇူးပါနော်။

    ReplyDelete
  7. လောကပါလ.နတ်မင်းကြီး ကြားသိပါစေ။
    ထပ်တူဆုတောင်းပေးပါတယ်ရှင်။
    ဧရာဝတီကြီး အဓွန့်ရှည်ကာ
    ဆက်လက်စီးဆင်းနိုင်ပါစေရန်
    ဆုတောင်းပေးလျှက်ပါရှင်
    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  8. ညီမက ဧရာဝတီနဲ့ လက်ပွန်းတတီးရှိသူမို့ ညီမရေးတဲ့ ဧရာဝတီက သိပ်အသက်ဝင်လှတယ်... ဘာပဲပြောပြော ဒီနေ့တော့ တို့အားလုံးရဲ့ ဧရာဝတီတိုက်ပွဲအတွက် ဝမ်းသာနေတယ်...း)

    ဒီနေ့ မန္တလေးပဲကြော် ကြော်ဖြစ်မယ် ညီမရေ... အခု ပဲပြုတ်နေတယ်...း))

    ReplyDelete
  9. မမသက်ဝေ လာလည်တာ ကျေးဇူးလဲတင် ၀မ်းလဲသာ ။

    ReplyDelete