၂၀၁၃ ဧပြီလ ၁၀ ရက် ၊
၁၃ရ၄ တန်ခူးလဆန်း ၄ ရက်
သင်္ကြန်အကျနေ့
ကျမ ဘလော့ဂ်ကို လာရောက်ဖတ်ရှူကြသော မိတ်ဆွေများနှင့် အားလုံးသော မြန်မာပြည်သူ ပြည်သားအပေါင်းတို့ အတာသင်္ကြန်ကာလများနှင့် ၁၃၇၅ ခုနှစ် တစ်နှစ်ပတ်လုံး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းတို့ နဲ့ ပြည့်စုံကြပါစေ ။ စီးပွားဥစ္စာများ တိုးတက်ကြပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင် ။
မနေ့က သင်္ကြန်အကြိုနေ့က အိမ်မှာ သင်္ကြန်မိုးဇတ်ကားကြည့်ရင်း မုန့်လုံးရေပေါ် နဲ့ ရွှေရင်အေး လုပ်ပြီး အိမ်နီးနားချင်းတွေကိုလဲ ဝေ ၊ ဒီနေ့ တိုပိုင်းရိုး မြန်မာသင်္ကြန် စတုဒိသာအတွက် လုပ်အားပေးကြတဲ့ သူငယ်ချင်းတွေကိုလဲဝေ ၊ အိမ်မှာလဲ စား နဲ့ သင်္ကြန်ရဲ့ အငွေ့အသက်တွေကို ရနိုင်သလောက် ဆွဲယူ ခံစား နေခဲ့ပါတယ် ။
မိတ်ဆွေများလည်း ကျမ ရဲ့ မုန့်လုံးရေပေါ် နဲ့ ရွှေရင်အေး ကို သုံးဆောင်သွားပါဦးနော် ။
[X] Choose Font Here
Sunday, April 14, 2013
Wednesday, April 10, 2013
ဥာတကာနဉ္စ သင်္ဂဟမင်္ဂလာ
၂၀၁၃ ဧပြီလ ၁၀ ရက် ၊
၁၃ရ၄ တပေါင်းလကွယ်နေ့ (ဥပုသ်နေ့)
(၁၆) ဥာတကာနဉ္စ သင်္ဂဟ မင်္ဂလာ
ဆွေဥာများစွာ ထောက်ပံ့ပါ မေတ္တာစီးဆင်းမှာ
ဆွေမျိုးညီအစ်ကို မောင်နှစ်မတွေကို စေတနာ မေတ္တာအရင်းခံပြီး ကူညီထောက်ပံ့နေထိုင်တာ ဥာတကာနဉ္စသင်္ဂဟမင်္ဂလာပဲ ။
ယခုဘ၀ တော်စပ်တဲ့ ညီအစ်ကိုမောင်နှစ်မတွေကို စည်းစိမ်ဥစ္စာနဲ့အထောက်အပံ့ပေးရမယ်။ မိဟောင်း ဖဟောင်း ဆွေဟောင်းမျိုးဟောင်းတွေကိုလည်း မေတ္တာပို့ အမျှပေးဝေပြီး ထောက်ပံ့မှူ ပေးရမယ် ။
ထောက်ပံ့တဲ့နေရာမှာ စည်းစိမ်ဥစ္စာပေးပြီး ထောက်ပံ့တာရှိတယ်။ ကိုယ်ထိလက်ရောက် လုပ်ကိုင်ပေးပြီး ထောက်ပံ့တာရှိတယ်။ နှူတ်နဲ့အားပေးစကားပြောပြီးထောက်ပံ့တာရှိတယ်။ စိတ် နဲ့ မေတ္တာပို့လွှတ် ထောက်ပံ့တာရှိတယ်။
ဒီလိုထောက်ပံ့မှူအမျိုးမျိုးရှိရာမှာ ယခုဘ၀တော်စပ်တဲ့ ဆွေမျိုးတွေကိုစည်းစိမ်ဥစ္စာပေးပြီး ထောက်ပံ့ရမယ်။ ကိုယ်ထိလက်ရောက် ကူညီလုပ်ကိုင်ပေးပြီးတော့လည်း ထောက်ပံ့ရမယ် ။ နှူတ်နဲ့အားပေးစကားပြောပြီးထောက်ပံ့ရမယ် ။ မိဟောင်း ဖဟောင်း ဆွေဟောင်းမျိုးဟောင်းတွေ ကိုလည်း မေတ္တာပို့ အမျှအတန်းပေးဝေပြီး ထောက်ပံ့ရမယ် ။
ဗိမ္မိသာရမင်းကြီးဟာ ယခုဘ၀တော်စပ်တဲ့ ဆွေမျိုးတွေကိုလည်း စည်းစိမ်ဥစ္စာနဲ့ ထောက်ပံ့မှူပေးတယ်။ ရှေးဘ၀က တော်စပ်ခဲ့တဲ့ ဆွေမျိုးတွေ ကိုလည်း မေတ္တာပို့ အမျှအတန်းပေးဝေပြီး ထောက်ပံ့မှူပေးတယ် ။
ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်း ဗိမ္မိသာရမင်းကြီးအတုယူပြီး ပြုလုပ်ဆောင်ရွက်ကြမှသာ အနှစ်သာရပြည့်ဝတဲ့ ဥာတကာနဉ္စ သင်္ဂဟ မင်္ဂလာတရားနဲ့ ညီညွတ်မှာပါ။ ညီညွတ်အောင်လည်း နေထိုင်ကြပါလေ ။
ရန်ကုန်မြို့
သမိုင်း အောင်ဓမ္မရိပ်သာ
နာယကဆရာတော် အရှင်တေဇနိယ ရေးသားသော
မင်္ဂလာကြယ်စင်တွေ လင်းလက်စေဘို့

Friday, April 5, 2013
မဟေမာလေး ဘယ်ကိုသွား စာသင်ကျောင်းကိုသွား
ဒီနေ့ 5.4.2013 မှာ မဟေမာလေး ကျောင်းကို စသွားပါတယ်။
ကျောင်းဆိုပေမဲ့ တကယ်က Play Group ပါ ။
Talent Plus Playgroup လို့ ခေါ်ပါတယ် ။
ကျောင်း website ကတော့ www.talentplusgroup.com ပါ ။
တကယ်က ဟေမာ့ကို ကျောင်းစမထားချင်သေးပါဘူး ။
အိမ်မှာ ထိန်းပေးမဲ့သူရှိတာရော အခုမှ ၂ နှစ်ပြည့်ပြီးခါစပဲ ရှိသေးတော့ ငယ်သေးတယ်ဆိုပြီး မထားချင်တာပါ ။
အရင်နေခဲ့တဲ့ အိမ်အောက်က ကျောင်းကိုတော့ ဖြတ်သွားဖြတ်လာရော ၊ ရပ်ကြည့်ဖြစ်တော့ သဘောကျတာရောကြောင့် ထားချင်ပေမဲ့ သူတို့က ထားလို့တော့ရတယ်။ ရီဂျက်စတာလုပ်ထားပါ။ ဒါပေမယ့် ၃ နှစ်ကျော်ကလေးတွေ များတယ်လို့ဆိုပါတယ်။
ဟေမာလေးရောက်ခါစကလဲ သမီးလေး ကျောင်းသွားမလားမေးတော့ မသွားချင်ဘူး ဆရာမကို ကြောက်ကြောက် တဲ့ ။ ဒေါပုံ အိမ်မှာ ခေါင်းရင်းကပ်လျက်ကျောင်းက ဆရာမတွေ ကလေးတွေကို ရိုက်တာမြင်ဖူးတော့ ကြောက်နေတယ်လို့ သူ့အဘိုးက ပြောပါတယ်။
ဟေမာ လေး ညနေတိုင်သွားကစားတဲ့ Play Ground မှာ သူ့သူငယ်ချင်း ယူကွတ် ဆိုတဲ့ ကုလားလေး က ဒီကျောင်းကို တက်တာကို မြင်တော့ သူလဲတက်ချင်တယ် လို့ ပြောလို့ အချိန်ကလဲ တစ်နာရီခွဲထဲဆိုတော့ စထားမယ် စိတ်ကူးပါတယ်။
မနေ့က 4.4.2013 သွားစုံစမ်းတော့ ဒီနေ့လာတက်လို့ရပါပြီတဲ့ ။ ယူကွတ် နဲ့တော့ section မတူဘူး ။
ယူကွတ်က 9:00am to 10:30am ဖြစ်ပြီး ဟေမာက 11:00am to 12:30am section မှာပဲ ရမယ်ဆိုတော့ မထူးဘူး ဆိုပြီး အပ်လာခဲ့ပါတယ် ။
ဟေမာ့ ရဲ့ data တွေ ကို Form ဖြည့်၊ လာကြိုမယ့်သူရယ် မိဘတွေရဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ရယ်၊ နောက် မိဘတွေရဲ့ အိုင်စီ မိတ္တူရယ်၊ ကာကွယ်ဆေးထိုးထားတဲ့ ဆေးလက်မှတ် မိတ္တူတွေရယ် ပေးရပါတယ်။
ကျောင်းလခ က S$130.00 ပါ ။ စစချင်း ကျောင်းလခ ၂ လ စာရယ်၊ ယူနီဖောင်း နဲ့ အိတ်အတွက် S$45.00 ရယ် ။ နောက် ကျောင်းမှာကစားတဲ့ ပစ္စည်းလေးတွေ ၃လစာအတွက် S$50.00 ၊ စုစုပေါင်း S$355.00 ပေးခဲ့ရပါတယ်။
သမီးလေး မနက်ဖြန် ကျောင်းသွားရမယ်နော် ဆိုတော့ ပျော်နေတယ်။ ညကျ ခါတိုင်းကြည့်နေကျ Old MacDonald မကြည့်တော့ဘဲ အေ ဘီ စီ ဒီ သီချင်းခွေလေး ဖွင့်ပြပါတယ် ။ သူ့အဖေ ကတော့ Play Group ဆိုတော့ အတူတူ ကစားရုံပါ ၊ စာ မသင်ပါဘူး ဆိုပေမဲ့ ကျောင်းတက်တာ ဆိုတာလေးတွေကို မျက်စေ့ယဉ်အောင်လို့ပါ ။
ဒါတောင် ဟေမာ့က အိမ်မှာ ဗမာလိုပဲ ပြောကြတော့ ဗမာစကားပဲ နားလည်နေ ပြောတတ်နေတော့ ကျောင်းမှာ ဆရာမတွေရော၊ တခြားကလေးတွေက အင်္ဂလိပ်လို သို့ တရုတ်လို ပြောကြမှာမို့နားလည်ပါ့မလား စိတ်ပူနေတာနဲ့ မနက်ကျ ကိုယ်တိုင်ပဲ ကျောင်းလိုက်ပို့မယ်ဆိုပြီး ခွင့်ယူလိုက်ပါတယ်။
ဒါက ကျောင်းသွားခါနီးပုံပါ ။ ယူနီဖောင်းက မရသေးဘူး ။ ယူနီဖောင်းက အဖြူနဲ့ အနီဆိုတော့ အိမ်အ၀တ်အစား အဖြူနဲ့ အနီကိုရွေးပြီးဝတ်ပေးထားပါတယ်။
ကျောပိုးအိတ်ထဲမှာတော့ ရေဘူးရယ်၊ ဒိုင်ပါရယ်၊ wet tissue ရယ် ထည့်ပေးထားပါတယ်။
ကျောင်းစတက်တက်ချင်း ၃ ရက်ကိုတော့ အမေတွေ အခန်းထဲ လိုက်နေလို့ရပါတယ်တဲ့ ။
ဒါက ကျောင်းတံခါးပါ ။ အလုံပိတ်ထားပြီး အထဲကိုမြင်ရတဲ့ ပြူတင်းပေါက်လဲမရှိလို့ သိပ်တော့ သဘောမကျပါဘူး ။
ကျောင်းခန်းထဲ ၀င်ပြီဆိုရင် ဖိနပ်ချွတ် ( ဆရာမတွေက ဖိနပ်မချွတ်ပေးပါဘူး) ၊ နောက် ခုံလေးမှာ တစ်ယောက်စီသွားထိုင် လက်ကို ဆပ်ပြာနဲ့ ပွတ်ခိုင်းပါတယ်။ နောက် ကိုယ်ပူ တိုင်းပါတယ် ။ မဟေမာတို့ သူများလုပ်တဲ့အတိုင်း သူလိုက်လုပ်ပြီး အေးဆေးပါပဲ ။
နောက်တော့ အလယ်မှာ ဖယောင်းပုဆိုး ခင်းထားတဲ့အပေါ်သွားထိုင်ကြတော့ ဟေမာလဲ လိုက်သွားထိုင်ပါတယ် ။ ကစားစရာ အရုပ်တွေချပေး တော့ ကလေးတွေ ဆော့တဲ့သူ ဆော့ ၊ ဟေမာက မဆော့ဘဲ ထိုင်ကြည့်နေပါတယ်။(မျက်နှာကတော့ ခပ်တည်တည်ပဲ)
နောက် အုန်းမှူတ်ခွက်ဆံပင် နဲ့ တရုတ်မလေးက ဟေမာ့ကို ခေါ်ပြီးဆော့ပြနေပါတယ်။
နောက်တော့ လူစစ်ပါတယ် ။ ဟေမာ့ အလှည့်လဲရောက်ရော ဆရာမက ခေါ်တော့ သူက ကြည့်ရုံပဲကြည့်နေတာ၊ လက်ထောင်မပြတော့ သူ့ဘေးက တရုတ်မလေးကပဲ ဟေမာ့လက်ကိုဆွဲပြီးထောင်ပြပါတယ် ။ နောက် ဟေမာ က အသစ်ဆိုတော့ ဆရာမက အားလုံးနဲ့ Hi 5 ! လုပ်ခိုင်းပါတယ် ။ ဟေမာ ကတော့ ခပ်တည်တည်ပဲ မလုပ်ဘဲနဲ့ ကြည့်နေတယ်။ ဘေးက တရုတ်မလေးကပဲ ဟေမာ့လက်လေးကိုဆွဲဖြန့်ပြီး ဆရာမနဲ့ လက်ဝါးချင်းရိုက်ပေးလိုက်တော့ သဘောပေါက်သွားတယ်နဲ့ တူပါတယ်။ နောက် ကလေးလေးတွေကိုတော့ လက်ဝါးချင်းပြန်ရိုက်တယ် ။
(အိမ်မှာ ဟေမာ့ကို လက်ဝါးချင်းရိုက်တဲ့ အလေ့အကျင့်လဲမရှိဘူး။ တရုတ်မလေးကို ကျေးဇူးတင်လိုက်တာ)
နောက် အေ ဘီ စီ ဒီ စာလုံးလေးတွေနဲ့ အရုပ် တွဲထားတဲ့ ကတ်လေးတွေကို ကျောက်သင်ပုန်းမှာ တစ်ခုချင်းချိတ်ပြီး သီချင်းဆိုကြတယ်။
အင်တာနက်ကနေ ကြည့်နေကျဆိုတော့ ဟေမာ နဲ့ မစိမ်းပါဘူး ။ ဒါပေမဲ့ အိမ်မှာ အင်တာနက်ကနေ ဖွင့်ရင်း ဟေမာက လိုက်ဆိုရုံမဟုတ်ဘဲ လူကပါ လိုက်လှူပ်နေကျဆိုတော့ ကျောင်းမှာ ဆရာမတစ်ယောက်ထဲ မတ်တပ်ထ လှူပ်ပြီး ကလေးတွေက ထိုင် ဆိုနေတာကို မဟေမာ က ဟိုကြည့် ဒီကြည့် ကြည့်ပြီး သူပါ မတ်တပ်ထ ဆရာမ နားသွားပြီး လှုပ်ပါတော့တယ် ။
ကိုယ်လဲ နာရီဝက်လောက်နေတော့ ထိုင်ကြည့်နေရတာပျင်းတာရော မအေ မရှိရင် ဟေမာ နေရဲ့လား သိချင်တာနဲ့ နောက်ဆရာမတစ်ယောက်ကို အပြင်မှာ စောင့်နေမယ့်အကြောင်းပြောပြီး ထွက်လာတယ်။
ကျောင်းဆင်းချိန် ရောက်လို့ တံခါးဝ နားသွားရပ်မှ ဆရာမ ကတံခါးဖွင့်ပြီး ဟေမာက ငိုပြီးထွက်လာပါတယ်။ ဒီကြားထဲ မငိုတဲ့အကြောင်း ၊ အားလုံး ကျောင်းဆင်းပြီး ဖိနပ်စိးတဲ့ အချိန်ကျမှ မအေကို ရှာပြီး ငိုတယ်လို့ ပြောပါတယ်။
ဆရာမ ကတော့ Don't worry! She is Okay လို့ ပြောပြီး ဘိုင်ဘိုင် လုပ်တော့ ဟေမာလဲ ဆရာမကိုရော ၊ တခြားကလေးတွေရောကို ဘိုင့်ဘိုင် လို့ နှူတ်ဆက်ပြီး ပြန်လာခဲ့ပါတော့တယ်။
ဟေမာ့ ရဲ့ ပထမဆုံး ကျောင်းစတက်တဲ့နေ့ကတော့ အေးဆေးပါပဲ ။

Tuesday, April 2, 2013
ငွေရေးကြေးရေး အချင်းမများအောင် စာရင်းဇယား အကြွေးမထားနဲ့
အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာရင် ငွေရေးကြေးရေးကလဲ အရေးပါပါတယ်။
အိမ်ထောင်ရယ်မှ မဟုတ်ပါဘူးလေ ။ လူတစ်ယောက်အတွက် အဓိကလိုအပ်ချက် စား၊၀တ်။နေရေး ဆိုတာတွေကို ငွေရေး ကြေးရေးမပါဘဲ ပြီးတာမှ မဟုတ်တာနော်။
အိမ်ထောင်တစ်ခု ရေရှည်အဆင်ပြေဖို့ လုံလောက်မျှတတဲ့ ၀င်ငွေလိုအပ်သလို အဲဒီဝင်ငွေကို လင် နဲ့ မယား ဘယ်လိုခွဲဝေသုံးစွဲမလဲဆိုတာလဲ အရေးကြီးပါတယ်။
လင်မယား နှစ်ယောက်လုံး အလုပ်လုပ်နေပြီး ကိုယ့်ဝင်ငွေကိုယ်သုံး ဘာမှမစွက်ဖက်ဘူးဆိုလဲ လောလောဆယ်နားအေးပေမယ့် ရေရှည်တော့အဆင်မပြေဘူးရယ်။
သူ ဘာတွေ သုံးနေလဲဆိုတဲ့ သံသယပွားစရာတွေဖြစ်လာမှာပေါ့ ။
မယ်သံ ကတော့ ဘာရယ်မဟုတ် စာရင်းဇယားလေး လုပ်တာလဲဝါသနာပါတယ် ။
ငွေသုံးလဲ လက်လွယ်ပါတယ်။
စာရင်းလေးတွေ ချရေးဖြစ်တဲ့အခါ ကိုယ်က သေးသေးလေး ဆိုတဲ့ပမာဏဟာ ပေါင်းလိုက်ရင် ကိုယ်မထင်မှတ်ထားတဲ့ ကိန်းဂဏန်း ဖြစ် ဖြစ်သွားတော့ ကိုယ့်ကိုကိုယ်သတိပေးနိုင်အောင်ဆိုပြီး ရေးဖြစ်တာလဲပါပါတယ် ။
အိမ်ထောင်ကျခါစ ကတော့ ၀င်ငွေ နဲ့ ထွက်ငွေဟာ မမျှချင်ဘဲ ထွက်ငွေဖက်ကို အလေးသာ သာနေလို့ ပိုပြီးစာရင်းလုပ်ဖြစ်ပါတယ်။
ကိုချစ်မောင် နဲ့ မောင်လေး တို့ဟာ ရသမျှငွေကို မယ်သံ့ကို အပ်ကြတယ်။ ပြီးတော့မှ သူတို့ကို အသုံးပြန်ပေးတဲ့အခါ စာအုပ်လေးပါ ပေးလိုက်တယ်။ အဲဒီအသုံးငွေ ကုန်သွားလို့ နောက်ထပ်လိုချင်ရင် စာအုပ်လေးထဲမှာ ဘာသုံးလို့ ကုန်သွားပါတယ်ဆိုတာကို ရေးမှတ် စာရင်းကိုက်ပြီးမှသာ နောက်ထပ် တောင်းလို့ရပါတယ် ။
မောင်လေးက ဆယ်တန်းအောင်ပြီးထဲက သူ ငွေ စပြီးကိုင်သုံးတဲ့အရွယ်မှာ မယ်သံ နဲ့ အတူနေလာတာဆိုတော့ ဒီစနစ်ကို ရိုးဟိုးဟိုးနေပါပြီ ။ အမ ဆီ ထပ်တောင်းမယ်ဆိုရင် သူ အကြမ်းရေးမှတ်ထားတာတွေကို ထည့်ပြီး လိုတာကို မုန့်စားတာနဲ့ ပေါင်းထည့်လိုက်တာပါ ။ သူ့အမ က ကိုယ်တိုင် အစားမက်တဲ့သူမို့ အစားအသောက်စာရင်းပေါင်းရင် အပြစ်မပြောမှန်းသိတယ်လေ ။
ကိုချစ်မောင် ကတော့ သူက အစားအသောက် သွားရည်စာ မစားတဲ့ လူမျိုးဆိုတော့ စာရင်းထည့်လိုက်ရင် မဟုတ်မှန်းက သိပြီးသားကိုး ။ လဘ္ဘက်ရည်ဆိုင် ထိုင် ဆိုလဲ အိမ်ပြန်လာရမယ့်အချိန် ကို တခြားမှာဖြုန်းတယ်လို့ စကားနာထိုးမှာလဲ နားညီးမခံချင်တော့ ခက်နေတာပေါ့ ။
နောက်တော့ သူလဲ လူလည်ပါ ။ ခေါင်ကိုတက်ကိုင်တော့တာ ။ မယ်သံ အမေ ဆီသွားပြီး ကွန်ပလိန်းတက်တော့တာပေါ့ ။
" ဒေါ်လေး ကျွန်တော် ကို မယ်သံက တစ်ထောင် နှစ်ထောင်ကအစ စာရင်းစစ်နေတယ်။ ကျွန်တော်က အလုပ်တဘက်နဲ့ ဘတ်စ်ကားစီးတာကအစ မ မှတ်ဖြစ်တော့ ခက်နေတယ် ဘာညာပေါ့ "
နဂိုထဲက " အမေ ဒီနေ့ ဈေးဖိုးဘယ်လောက်ကုန်လဲ" စသဖြင့် မေးတဲ့ မယ်သံ့ကို မျက်စေ့ စပါးမွှေးစူးနေတဲ့ အမေက
" ငါတို့ မဟုတ်တာသုံးနေတာမဟုတ်ဘူး ၊ ဒီအိမ်အတွက်ပဲ လိုတာသုံးနေတာ၊ ၀င်တာ ဒီလောက်ကို လကုန်လောက်ရင် ပြီးတာပဲ ညီးလဲ ပင်ပန်းတယ် မေးမနေနဲ့တော့ "
ဆိုတဲ့ တချက်လွှတ် အဆိုကြောင့် သူတို့ကိုတော့ အမေယူရင် အိမ်ဈေးဖိုး ဘယ်လောက် လို့ လုံးပြီးမှတ်ရတော့တာ ။
ကိုချစ်မောင်ကိုတော့ ထမင်းစားပြီး လမ်းလေးလျှောက်မယ်ဆိုပြီး ဘယ်ကိုသွားတယ် ဘာတွေသုံးတယ်ပေါ့လေ အကြမ်းဖျင်းလောက်တော့ သိရအောင်မေးသေးတာ ။
ဒီလိုနဲ့ ၀င်ငွေ သုံးယောက် ကို မိသားစု ခြောက်ယောက် မျှသုံးနေတဲ့ အိမ်လေးဟာ လုံးလည် ချာလည် နဲ့ အကြွေးတွေထဲ မြုပ်လိုက် ပေါ်လိုက်နဲ့ ပေါ့ ။
ဝင်ငွေ အကောင်းကြီးမဟုတ် ၊ အရက်သောက်သူ မရှိ။ ဂဏန်း ကစားသူမရှိ ပဲ တစ်ယောက်နဲ့ တစ်ယောက်လဲ ချစ်ခင်ကြတဲ့အိမ်လေးမှာ ကုန်သွားတဲ့ ငွေတွေအတွက် သံသယဆိုတာမရှိခဲ့ဘူး ။
ဒီလိုနဲ့ ကိုချစ်မောင် နိုင်ငံခြားထွက်မယ်ဆိုတော့ သွားစားရိတ် လာစားရိတ်တွေကို ခင်မင်သူတွေဆီက ချေးရ ငှားရသေးတာကလား ။
အဲ့ဒီတုန်းက ဒီလိုလဲ အင်တာနက်ဖုန်းတွေ မရှိသေးတော့ သူ့ဆီ စာရေးပြီဆိုရင် သတိရကြောင်း လွမ်းကြောင်း သားလေးရဲ့အကြောင်းတွေအပြင် တစ်လတာသုံးစွဲမှူ ၀င်ငွေ ထွက်ငွေ ကို စာရင်းလုပ်ပြီး ပို့သေးတာ ။
အိမ်အောက်ထပ်က အန်တီကြီးလာလည်ရင်း စာရင်းလုပ်နေတာ ပို့တာကိုမြင်တော့ အံ့သြောတကြီးနဲ့ တို့တော့ ယောင်္ကျားက ငွေအပ်ရင် အဲဒီထဲက လိုအပ်တာ သုံးလိုက်တာပါပဲအေ ။ ညီးလိုသာ စာရင်းလုပ်ပေးရမယ်ဆို အဲဒီယောင်္ကျား ပေါင်းကိုမနေတော့ဘူး လို့ ပြောသွားတာ ခံရသေးတယ်။
သူ ကတော့ မယ်သံ ယောကျားအတော်ကြောက်ရလို့ ထင်သွားပုံပဲ ။
တကယ်တော့ ကိုယ်တိုင် စင်္ကာပူ ရောက်လာတဲ့အခါ ဒီကအလုပ်တွေ Stress များတာသိပြီး အဲ့ဒီတုန်းက ကိုယ်ပို့တဲ့ စာရင်းတွေ ဖတ်ပြီး သူ ဘယ်လောက်များ စိတ်ဖိစီးမလဲ လို့ တွေးပြီး စိတ်မကောင်းဖြစ်ရသေးတယ် ။ တကယ်တော့ သူဝါသနာမပါတဲ့ စာရင်းတွေမို့ မဖတ်ဘဲ ကျော်ချင်လဲ ကျော်ချသွားမှာ။
စင်္ကာပူမှာတော့ ငွေကြေးသုံးစွဲမှူက အလွန်ရှင်းပါတယ် ။
တစ်လ တစ်လ မှာ ဘယ်လောက်ကုန်မှာလို့ အနီးစပ်ဆုံး သတ်မှတ်ထားလို့ရတယ် ။ အိမ်သုံးပစ္စည်း ၊ အစားအစာ တွေကို ဆိုင်ကြီးတွေမှာ ဘဏ်ကတ် နဲ့ ၀ယ်လိုက်ရင် ပြီးရော ။ နေ့စဉ်စာရင်းမှတ်စရာမလိုဘူး ။ အလုပ်ကနေ အိမ်ကို တန်းပြန်ပြီး ဟင်းချက်ရတဲ့ အိမ်ရှင်မတစ်ယောက်ဟာ နေ့စဉ် ထွက်တဲ့ငွေမရှိဘူး။ ပိတ်ရက်ကို ရှော့ပင်းထွက်ရင် အပြင်မှာ စားတာရော၊ ၀ယ်တာရော ဘယ်လောက်ပဲ သုံးမယ်လို့ သတ်မှတ်ထားရင် ပြီးပြီ ။
လစဉ် ၀င်တာလေးရယ် ၊ ကုန်တာလေးရယ် ၊ စုမိတာလေးရယ် မျှနေ၊ သတ်မှတ်ထားတာလေးနဲ့ဝင်နေေ တာ့လဲ စာရင်းစာအုပ်လေးထဲမှာ သိပ်မဖြည့်ဖြစ်တော့ဘူး ။
ဟော ဒီမှာ အိမ်ဝယ်တော့မယ်လဲဆိုရော ၊ ရှိတာလေးရယ် မကုန်မဖြစ် ကုန်မှာရယ် ၊ အိမ်ပရိဘောဂလေးတွေ ဖြည့်ချင်တာလေးတွေရယ် အတွက် စာရင်းလုပ်ရတော့တယ်။
အိမ်ဆိုတာတော့ သိတဲ့အတိုင်း တတိတိနဲ့ ထည့်လေ ၀င်လေ ဆိုတော့ ကိုယ့်ကို ၀န်မပိအောင်က သူနဲ့ ကိုယ်နဲ့ သေချာဆွေးနွေးတိုင်ပင်နိုင်ကာမှ ။ ခင်မင်တဲ့ သူတွေက ယူသုံး ဆိုပေမယ့် သူများငွေ ဆိုတော့ ကိုယ့်မှာဝန်ပိတာပါပဲ ။
ရေရှည်သုံးမယ့် ပရိဘောဂလေးတွေကို အဖြစ် ပြီးပြီးရော မ၀ယ်ချင်ကြတော့ တတ်နိုင်တဲ့ငွေနဲ့ ချိန်ထိုးပြီး နည်းနည်း ကျဲကျဲ ၀ိုင်း လိုသလောက်လေးသာ အယင်ဝယ်ကြတယ်။ နှစ်ယောက်သား စင်္ကာပူ မြို့ကျဉ်းလေးကို လှည့်ပတ်ကြည့်၊ ပစ္စည်းလေးတွေ အရောင်လေးတွေ ကြည့် စဉ်းစား ၊ အိမ်ပြန်လာ စာရင်းထဲမှာ ဒီအတွက် သတ်မှတ်ထားတဲ့ ငွေ နဲ့ ချိန်ထိုးကြည့် ။
အိမ်လေး ကြည့်ပျော် ရှူပျော် နဲ့ ပြီးမြောက်သွားတဲ့အခါ တစိမ့်စိမ့်ကြည့်ပြီး ကျေနပ်ရတာက အိမ်တစ်လုံးပိုင်ဆိုင်တာထက် ကိုယ်လင်မယားနှစ်ယောက်သေချာ တိုင်ပင်ပြီး အမြင်အကြိုက်မတူလဲ ဖြစ်သင့်တာကို လက်ခံပေးနိုင်ကြတာ ။ တစ်ယောက်အကြိုက်ကို နောက်တစ်ယောက်က ဦးစားပေးချင်ခဲ့ကြတာကိုပါပဲ ။
ဒီအိမ်လေးဖြစ်ပြီးတော့ စာရင်းဇယား ကို သေချာ လုပ်ထားတယ်။
လစဉ် အ၀င် ရယ် ၊ သူငယ်ချင်းတွေဆီကယူထားတာ ဘယ်သူ့ကို ဦးစားပေးပြီးပေးရမယ်၊ ပါဆင်နယ်လုံး ယူထားတာတွေရယ် ၊ လစဉ် ပေးရမဲ့ ငွေတွေ ကို excel file လေးနဲ့ သေချာလုပ်ထားပြီး ပေးပြီးသွားပြီဆို ရက်စွဲလေးဖြည့် အရောင်လေးနဲ့ High Light လုပ် ဒီတစ်ယောက်ကိုပေးရမှာ ပြီးသွားတာနဲ့ အနီရောင် နဲ့ ပိတ်ထည့်လိုက် ...အဲလိုလေး သေချာလုပ်ပြတော့ သူလဲ စိတ်ဝင်တစား ပေးပြီးသားလား ရှင်းပြီးသားလား ပေးရဦးမှာလား အလွယ်တကူ ကြည့်နိုင် မြင်နိုင် ။
အကြွေးတစ်ခု ကို အနီရောင် ပိတ်ထည့်နိုင်လိုက်တိုင်း စိတ်ထဲက ၀န်တစ်ခု ပေါ့သွားတာဟာ ဒီအိမ်ဝယ်လိုက်တဲ့ ဒီခြောက်လအတွင်း အ၀တ်သစ် အစားသစ်မ၀ယ်နိုင်လို့ သွားစရာလာစရာတွေကို စိတ်ကသိကအောင့်ဖြစ်ရတာနဲ့ ထေ မိပါတယ်။
ကိုယ်ဘာတွေ သုံးတယ်၊ ကုန်သွားတယ်၊ ကျန်သေးတယ် လစဉ် စုနိုင်သေးတယ် စသဖြင့် ဒီဖိုင်လေးကို ကလစ်လိုက်တာနဲ့ သူရောကိုယ်ရော အားလုံးသိရနိုင်တယ် ။
ဝင်ငွေ ကို မင်းဘယ်လိုလုပ်လို့ မင်းသုံးလို့ မင်းဘက်ကို ပေးလိုက်လို့ ရယ်လို့ တစ်ယောက်နဲ့ တစ်ယောက် သံသယမပွား လက်ညှိုးထိုးစရာမလိုဘူး။
ဟော အခုဆို အိမ်လေးဝယ်ပြီး ငါးလကျော်ခြောက်လအတွင်းမှာ မိတ်ဆွေသူငယ်ချင်းတွေဆီက ယူထားတာ အကုန်ရှင်းပြီးပြီ ။ ကိုယ်တွေ နှစ်ယောက်ရဲ့ အဓိကမကျတဲ့ လိုအပ်ချက်တွေကို လျစ်လျူရှူပြီး သူများဆီက ယူထားတာတွေကို ဦးစားပေးဆပ်ချင်တဲ့ စိတ်တူ ကိုယ်တူ ရှိမှူ၊ ကို ကျေနပ်ပြီး ရှေ့ဆက်ရမယ့်ခရီးမှာ သူ့လက်ကိုတွဲရမှာ အင်အားတွေ ရှိနေခဲ့ပါတယ်။
( မနေ့က အိမ်မှာအတူနေတဲ့ အိမ်ထောင်ကျခါစ မောင်လေးတစ်ယောက်က သူ့လစာ စလုံးဒေါ်လာ ၂၀၀၀ ကို မသိဘူးအမ ဒီလိုပဲ ကုန်သွားတာပဲ လို့ ပြောတာ နားထောင်ပြီး ဒီပို့စ်ကိုရေးဖြစ်ပါတယ် ။
တကယ်ရေးချင်တာက အိမ်ထောင်သည်မှဖြစ်လာရင် ငွေကို အလွယ်သုံးမပစ်ပဲ စာရင်းလေး ဇယားလေးနဲ့ဆို ပြန်ကြည့် သုံးသင့်တာ မသုံးသင့်တာ ခွဲခြား သင့်တယ်ထင်လို့ပါ။ စာ အရေးမတတ်တော့ ပေးချင်တဲ့ မက်ဆေ့ထက် ကိုယ့်အကြောင်းက ပိုများနေခဲ့တယ် )

Tuesday, March 26, 2013
ပြောရဦးမယ် ကိုချစ်မောင် (၁)
ပြောရဦးမယ် ကိုချစ်မောင် ....
မနေ့က ရုံးဆင်း အပြန် လင်ဒါ နဲ့ အတူ ဘူတာကိုလာတော့ ..
ဘာ ဘယ်သူလဲ ဟုတ်လား ရုံးမှာအသစ်ဝင်လာတဲ့ တရုတ်မပါဆို ကျုပ် အခါ နှစ်ဆယ်ပြောလဲ ရှင်မှတ်မထားဘူး ဟွန်း ..
ထားပါတော့ ပြောတာတောင်ဘယ်ရောက်သွား .
အဲ ..အဲ ဘူတာကိုအလာ လမ်းမှာရှင်ဖုန်းဆက်ပါရောလား ။
ရှင်လဲ ကျမ စီးမဲ့ ဘူတာနားကိုရောက်ခါနီးပြီ အိမ်အတူပြန်ရအောင် အဲဒီဘူတာလေးမှာပဲ ရှင့်ကိုစောင့်နေဖို့လေ ။
ရှင့် ဖုန်းလဲချသွားရော လင်ဒါ က မေးလို့ ရှင်နဲ့အိမ်အတူပြန်မယ့်အကြောင်းပြောတော့ သူ က ကျုပ်ကိုကံကောင်းသတဲ့ ။ သူတို့ဆို ရုံးပိတ်ရက်အပြင်ထွက်ရင်တောင် သူ့အမျိုးသားက အပြင်ထွက်ပျင်းလို့မလိုက်ဘူး တဲ့ ။ ကျုပ်တို့ကတော့ ပိတ်ရက်အပြင်ထွက်လဲအတူတူ ထွက်တာများတာကိုး ။
အဟုတ်လား ကိုချစ်မောင် ..ကျုပ်တကယ်ကံကောင်းတာလား ။
အင်း ထင်ပါတယ် ရှင့်ထုံးစံအတိုင်းပဲ ပြန်မေးမယ်ဆိုတာ ..
ဘယ်လိုထင်လဲ ဟုတ်လား ။
ကျုပ်အထင်ပြောရရင် ထူးကံမကောင်းပါဘူး ။ အတူပြန်တော့ရော ဘာထူးလို့တုန်း ...ရထားပေါ်မှာ ရှင် ဖုန်းနဲ့ဂိမ်းဆော့နေတာပဲဟာ ။
တကယ်ဆို အတူသွား အတူပြန်တယ်ဆိုတာ ဒီနေ့တော့ ဘယ်လို ဘယ်ညာ ကြုံတွေ့သမျှကို စကားလေးတပြောပြော နဲ့ဆို ဘယ်လောက်ကောင်းမတုန်း ။
အင်းပေါ့ အင်းပေါ့ ဘူတာကနေ အိမ်ကို လမ်းလျှောက်တဲ့အခါတော့ ကျုပ်အိတ်ကို ရှင်ကိုင်ပေးသပေါ့ ။
နို့မို့ အဝေးပြေးလမ်းမကြီးကို ကျော်ဖို့ တံတားတက်ရရင် ဘာပစ္စည်းမှ မကိုင်ချင်တော့တာ ။ တနေ့တခြားဝလာတဲ့ ကျုပ်ခန္ဓာကိုယ်ကြီးကို သယ်ရတာတင် လေးလွန်းလို့...။
ဘာ ကျုပ်ကို ရှင် စိတ်ချမ်းသာအောင်ထားမထား ရှင်နဲ့ယူပြီးမှ ၀ လာတာကို ကြည့်ပါလား ဟုတ်စ ။
ရှင်ပဲ အပြောကောင်း ။ တကယ်က တနေ့ တနေ့ ရှင့်ကိုစားစေချင်လို့ ချက်ထား ရှင်က ထမင်းစားလဲ ဂိမ်းဆော့ရင်း စားတော့ ထမင်းကို အာရုံမရောက် မကုန် ။ ကျုပ်မလဲ အကျန်တွေ သွန်ပစ်ရခက် သိမ်းထားရခက်နဲ့ ဒီပုံ ဒီပန်း ၀ လာတော့တာဘဲ တော့ ။
ဟွန်း ပြုံးပြုံးကြီး ကြည့်မနေနဲ့ ။
ရှင် ကျုပ်ကို ဒီလိုကြည့်နေတာ ကျုပ်ပြောသမျှ ဒီဘက်နားက၀င် ဟိုဘက်နားကထွက် သလို ခံစားရတယ်တော့ သိလား ဟွန်း ။
( အရူးထပြီး ရေးချင်တာ လျှောက်ရေးဖို့ အစပြုလိုက်တာပါ ။ နောင်လဲ ရေးချင်တာလေးတွေရှိရင် ဂလိုခေါင်းစဉ်အောက် လာရေးပါဦးမယ်လို့ ..:P )

Subscribe to:
Posts (Atom)