တကယ်တော့ အခုလက်ရှိ အချိန်ကာလဟာ စိတ်မော စိတ်စောရတဲ့ အချိန်ပဲ ဖြစ်ပါတယ် ။
သမီးလေး ငါးနှစ်ပြည့်ခါနီး အချိန်ထဲက သမီးကို ဘယ်မှာ ပညာသင်ယူစေမလဲလို့
ကိုယ့်ကိုယ်ကို အကြိမ်ပေါင်းများစွာမေးခွန်းထုတ်ခဲ့ပြီး
ရေရာတဲ့အဖြေမရခဲ့တာလဲ ဒီနေ့အထိပါပဲ ။
အိမ်ထောင်ဦးစီးဖြစ်တဲ့
သမီးလေးဖေဖေ ရဲ့ နောင်အခါ ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ မိသားစု မခွဲကြပဲ
အတူတူဖြတ်သန်းကြမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကို လိုက်နာပြီး ငါးနှစ်မှာ
သမီးကို မြန်မာပြည် ပြန်မပို့ဖြစ်ခဲ့ပါဘူး ။ တကယ် လို့ ပြန်ဖြစ်ရင်
အဆင်ပြေအောင်ဆိုပြီး သမီးကို မြန်မာသံရုံးမှာ ကျောင်း အပ်ထားခဲ့ပါတယ် ။
ဒီနှစ်မှာသမီးက မြန်မာလို ပထမတန်းပါ ။
မြန်မာစာကို တနင်္ဂနွေနေ့ ညနေပိုင်းမှာ ဓါတ်တော်တိုက်ဆရာတော်ကြီးမှူး ပြီး
မင်္ဂလာဝိဟာရ ဘုန်းကြီးကျောင်းမှာ ဖွင့်တဲ့ Buddhism and Myanmar Cultural
Academy (BMCA Singapore) မှာ သင်ယူပါတယ် ။ ဆရာတော်ကြီးနဲ့ ဆရာဆရာမများ
ကျေးဇူးနဲ့ သမီးလေးဟာ ဘုရားစာလဲ ရွတ်တတ်၊ မြန်မာစာကိုလဲ အခြေခံလောက်တော့
ရေးတတ်ဖတ်တတ်လာပါပြီ ။
တကယ်ပြောပြချင်တဲ့ သမီးဟေမာ့အကြောင်းက အခုမှ စမှာပါ ။
သမီးအတွက် ဘာတွေရည်ရွယ် ချက်ရှိသလဲ၊ ဘာတွေ မျှော်မှန်းထားသလဲ ၊ သမီးကို
ဘာဖြစ်စေချင်သလဲ ဆိုရင် သမီးလေးရဲ့ ဘ၀တသက်တာမှာ အေးအေးချမ်းချမ်းနဲ့ သူ
လုပ်ချင်ရာ ဖြစ်ချင်ရာကို ဘာမှ ပူပင်ကြောင့်ကြမရှိဘဲ အချိန်ပေးပြီး
လုပ်နိုင်မယ့်သူဖြစ်စေချင်တာပါ ။
အေးချမ်းဖို့ဆိုတာကလဲ ဘယ်လောက်ပဲ ပြည့်စုံပါစေ လောဘနဲ့ ယှဉ်လာရင်တော့ ပြီးပြည့်စုံနိုင်တယ်မရှိ အေးချမ်းဖို့လဲ ခက်ပါတယ် ။
အရင်အပတ်တနင်္ဂနွေမှာ ကျောင်းမှာ မြန်မာစာ ကွက်လပ်ဖြည့်ရပါတယ် ။
အရင်အပတ်ကသင်ပြီးသားပေမယ့် ကြားရက်မှာလဲ ဒီကကျောင်းတက်နေတော့ ပြန်မဖတ်နိုင်
၊ အဲဒီနေ့မနက်မှာလဲ စာပြန်မနွှေးဖြစ်ခဲ့တော့ ကွက်လပ်ဖြည့်ကို
မဖြည့်တတ်ခဲ့ပါဘူး ။
|
သမီး လက်ရေးလေးတွေ လှတယ်နော် |
တိုက်ဆိုင်ချင်တော့ ကြားရက်မှာ
သမီးဆရာမတို့အိမ်လာလည်ဖြစ်ပြီး ဟေမာ အဲဒီနေ့က စာမဖြည့်နိုင်လို့
မျက်ရည်တွေတွေ ကျကြောင်း ပြောသွားခဲ့ပါတယ် ။
ဒီအပတ်မှာလဲ
စာမေးမှာမို့ စနေနေ့ထဲက သူ့မှာ စာကို တောက်လျှောက် ဖတ်လိုက်ရေးလိုက်နဲ့ ၊
စနေညမှာတော့ မေမေ ဘုရားစာလဲမေးမှာ ဘုရားစာက ဘာကြည့်ရမလဲဟေမာ မသိဘူး ဆရာမကို
ဖုန်းခေါ်မေးပေးပါဆိုလို့ ညဆယ်နာရီကျော်မှ ဆရာမဆီ အားနာနာနဲ့
ဖုန်းခေါ်မေးရပါသေးတယ် ။
ဒီနေ့မနက်မှာလဲ အပြင်သွားဖို့တောင် သူ့မှာ
မလိုက်လိုဘူး စာလုပ်ရဦးမယ်မေမေနဲ့ နေ့လည်လဲမအိပ်နိုင် စာလုပ်နေတာ
မအေငပျင်းမှာ သူ့ကြည့်ပြီး စိတ်မောရတာပါပဲ ။
ဘုန်းကြီးကျောင်းရောက်တော့ ဘုရားစာဆိုဖို့ ဒီအပတ်မိန်းကလေး က ရှေ့ကနေ တိုင်
ပေးရမယ့် အလှည့်ကျတော့ လဲ သူက မိုက် ကလေးယူပြီး ရှေ့ကို တက်သွားတယ် ။
အဲလို ရှေ့ကနေ တိုင် ပေးရအောင်ကလဲ ဘုရားစာအရှည်ကြီး ရ ထားဦးမှ ။
သူ့ခမျာ အဲဒီဘုရားစာရွတ်တတ်အောင် ဆရာမ ဆီ ဘုရားစာတောင်းပြီး သင်ပေးပါမေမေ
လုပ်သေးတာ ။ မေမေ ကလဲ ဟွင်း ဂလောက်ရှည်တဲ့ဘုရားစာ မေမေတောင်
၇ွတ်ဖို့ပျင်းသေးတယ် ဖတ်မနေပါနဲ့ သမီးရယ်ဆိုပြီး သင်မပေးထားပါဘူး ။
ကျောင်းတက်တာ နှစ်နှစ်လောက်ရှိပြီဆိုတော့လဲ အပတ်တိုင်း၇ွတ်ရတော့ ရနေသလားမသိ
။
မေမေ ကတော့ သမီးလေးဟာ ဆရာမ စာမေးချိန်မှာ ရဖို့ထက်
စာရေးစာဖတ်ရတာဝါသနာပါလို့ စာကို ပျော်ပျော်ရွှင်ရွှင်ဖတ်တဲ့သူ
လေးပဲဖြစ်စေချင်ပါတယ် ။
ဘ၀မှာ အမျိုးမျိုးကြုံနိုင်တာမို့
အခက်အခဲနဲ့ တွေ့လဲ မျက်ရည်မကျဘဲ ရင်ဆိုင်နိုင်တဲ့သူ၊ ဘာကိုမဆို
ဖြစ်သင့်ဖြစ်ထိုက် တာကို အေးဆေးလက်ခံနိုင်သူ ဘ၀ ကို အေးချမ်းပျော်ရွှင်စွာ
ဖြတ်သန်းသွားမယ့်သူလေးပဲ ဖြစ်စေချင်ပါတယ် ။
တကယ်တော့ သမီးလေးအတွက်လဲ မေမေ ကိုယ်တိုင် ကို ပြောင်းလဲရမယ့်အရာတွေအများကြီး ရှိပါသေးတယ် ။
သမီးအတွက် မေမေ ကိုယ်တိုင် အရင် ကြိုးစား ပြုပြင်ယူပါ့မယ် ။