Wednesday, April 15, 2015

ရန်မီးဆက်ဆက်ငြိမ်းစေသတည်း

ပြောမှား ဆိုမှား စကားမှားများ
ရင်ထဲသည်းကြား
နာကျည်းထိခိုက်
ဆူးလိုစိုက်၍
အမုန်းလမ်းခင်း
မီးကျီးနင်းသို့...။

နှူတ်ထွက်စကား သတိထား၍
ရင်တွင်းရှိသမျှ ကြိတ်မျိုချလည်း
မခံစားနိုင် နှလုံးယိုင်၍
ရင်ထဲရှိသမျှ ပြောသင့်လှလည်း ...။

မိခင်မျက်နှာ လှမ်းကာမြင်သည်
စကားကြမ်းဆိုတိုင်း မိခင်ရိုင်းဟု
ဘေးက၀ိုင်း၍ ဝေဖန်ကြသော်...။

ဖိသိပ်မျိုချ မာန်မာနကို
သတိချွန်းအုပ် စိတ်ကိုချုပ်လို့
ကြည်စေ အေးစေ နှလုံးသွင်းမည်
ရန်မီးဆက်ဆက်ငြိမ်းစေသတည်း ...။ ။

မျက်နှာ စာအုပ်ပေါ်မှာ ၂၀၁၃ တုန်းက ရေးထားခဲ့တာလေး

 သင်္ကြန်အတွက် ပို့စ်တင်မယ်ဆိုပြီး ရာသီစာ မုန့်လုံးရေပေါ်ပုံတွဲတင်ဖို့ဟာ လတ်တလော မလုပ်ဖြစ်သေးလို့ အရင်တုန်းက လုပ်ထားတဲ့ မုန့်လေးများရှိမလားဆိုပြီး မျက်နှာစာ စာအုပ်မှာပြန်ရှာတာ  ဒီရေးထားတဲ့ အဟောင်းလေးကိုတွေ့လို့ အဲဒီအပိုင်းအစလေးကိုပဲ ဆက်မရေးတတ်ပဲ ဒီအတိုင်း တင်လိုက်ပါတယ် ။ ၂၀၁၃ ကနေ ၂၀၁၅ နှစ်နှစ်ဆိုတဲ့ အချိန်ဟာ ခံစားချက်တွေ ပြောင်းလဲသွားတတ်လိုက်တာ အဲဒီတုန်းက ရေးခဲ့တဲ့ စိတ်ခံစားချက်ကို ပြန် မဖမ်းနိုင်တော့ဘူးရယ် ။


စကားပြောကြရင်း ကြားလိုက်ရခိုက်မှာ မောင့်မျက်နှာကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည်။
မယုံနိုင် ..ဒါ မောင်ပြောလိုက်တာလို့ မယုံနိုင် ။

မောင်လေး ရှေ့မှာ မောင်မို့ ပြောရက်လေခြင်း ..ကျမ နားနဲ့ ဆတ်ဆတ်ကြားလိုက်ရပေမယ့် ရင်ထဲမှာ လက်မခံနိုင်ခဲ့ဘူး ။ အဟုတ်လား မောင်တကယ်ပြောလိုက်တာလား ဇဝေဇ၀ါနဲ့ ...............။
တကယ်လား အဲဒါကို မောင့်စိတ်ထဲတကယ်ရှိလို့ ပြောထွက်သွားတာလား မောင် ? ကျမ မျက်လုံးကိုသေချာကြည့်ပြီး နောက်တစ်ခေါက်လောက်ပြောစမ်းပါလား ဟင် ။

"ကျမ က လောဘကြီးတယ် ။ ဘာမဆို ကိုယ့်စိတ်ဆန္ဒကိုပဲဦးစားပေးတယ် ၊ မောင့် အတွက်ကျမမှာအချိန်မရှိဘူး ..." မောင် အဲလိုထင်နေတယ် ဟုတ်လား ။

ဟင့်အင်း မောင်၊ ဟင့်အင်း
ကျမ က လောဘကြီးသူမဟုတ်ရပါဘူး ။
လောဘကြီးခဲ့ရင် ဘ၀အဖော်အဖြစ် မောင့်ကိုရွေးခဲ့ပါ့မလားလေ ......
ဒါပေမယ့် ကျမ ဘယ်လောက် တတ်နိုင်တယ်ဆိုတာ ကိုယ့်ဟာကို သေချာချင်တယ် ......
မောင့်အတွက် ကျမမှာ အချိန်မရှိဘူး ပြောရအောင် ကျမ လုပ်သမျှ တို့နှစ်ယောက်အတွက်ပဲမဟုတ်လားကွယ်။

တကယ်က လောဘကြီးတာ မောင်ပါ ။ မောင့်ကိုယ်တိုင်မာင် ဘာကိုလိုချင်တယ်ဆိုတာ အရင်သေချာပါစေဦးလေ.......။

ပြောကြစတမ်းဆို ကျမ မှာလဲ မောင့်ကို မေးခွန်းထုတ်စရာတွေ တစ်ပုံကြီးပါ ။

မေးစမ်းပါရစေ ။
ရင်ထဲရှိသမျှ သွန်ချခွင့်ရှိပါသလား မောင် ။
စကားကျွံရင်နှူတ်မရဘူးဆိုတာသိပေမယ့် ကျမ ရင်ထဲထိကျွံဝင်နေတဲ့ ဆူးက မနှူတ်ရင်မဖြစ်တော့ဘူးမောင်၊ ဆူးဆိပ်တက်နေပြီ...........။

ပြောမှား ဆိုမှား စကားမှားများ
ရင်ထဲသည်းကြား
နာကျည်းထိခိုက်
ဆူးလိုစိုက်၍
အမုန်းလမ်းခင်း
မီးကျီးနင်းသို့...။

နှူတ်ထွက်စကား သတိထား၍
ရင်တွင်းရှိသမျှ ကြိတ်မျိုချလည်း
မခံစားနိုင် နှလုံးယိုင်၍
ရင်ထဲရှိသမျှ ပြောသင့်လှလဲ ...
ပြောမထွက်ခဲ့ ချစ်တဲ့မောင် ။    ။
ဘာ  " မင်းလုပ်သမျှ မင်း မိဘ ၊ မင်း မောင်နှမ အတွက် အဓိက .." ဟုတ်လား။

မပြောပါနဲ့မောင် ၊ ဆက်မပြောလိုက်ပါနဲ့ ......
ကျမ တဘ၀တာ လေးစားနိုင်မယ် တွေးပြီး ရဲရဲ လက်တွဲ ခဲ့ရတဲ့ မောင်က ဒီလိုပြောတယ်ဆို ရင် ရှေ့ဆက် ရမယ့် ကျမရဲ့ ခြေလှမ်းတွေ အားအင်မဲ့ကုန်တော့မှာ ။
သေချာစဉ်းစားကြည့်ပါမောင် ...
အခုချိန် မှာ မောင် နဲ့ ကျမ က နှစ်ယောက်တစ်ဘ၀ ပါ။
ကျမ ကြိုးစားသမျှ အသီးအပွင့်တွေ မောင်နဲ့ ကျမ အတွက်အဓိကလေ..
ဘယ်လို ဘယ်လို .......

" မင်း ရဲ့ အသီးတွေ အပွင့်တွေ ငါ စိတ်မ၀င်စားဘူး ။ ငါ က မင်းရဲ့ ဝေမျှတာကို စောင့်မျှော်နေရတဲ့ လက်ဝေခံမဟုတ်ဘူး ။ ငါ့ ရဲ့ အသီးတွေ အပွင့်တွေကိုသာ မင်းကို မျှဝေပေးချင်တာ ...မဟုတ်ဘူး အတူစားသုံးချင်တာ ။ ငါ ကြိုးစားသမျှတွေအတွက် မင်းရဲ့ ပျော်ရွှင်ခြင်းအပြုံးတွေ ကျေနပ်အားရတဲ့ တော်လိုက်တာမောင်ရယ် ဆိုတဲ့ အသံတွေကို ကြားချင်တာ ။
ငါ ချစ်ရမယ့် ယုယရမယ့် ဖြည့်ဆည်းပေးရမယ့် မိန်းမတစ်ယောက်ကို လိုချင်တာ ၊ ငါ နဲ့ အတူယှဉ် နန်းတက်မယ့် ခြေရာတိုင်းမယ့် မိန်းမတစ်ယောက်ကို လိုချင်ခဲ့တာမဟုတ်ဘူး "
ဘုရားရေ လွဲလိုက်တာပါလား မောင်

ကျမ ဘ၀လက်တွဲဖော်အဖြစ်မောင့်ကိုရွေးခဲ့တာလေ
သားကိုသခင် လင်ကိုဘုရားအဖြစ် ကိုးကွယ်ဖို့မဟုတ်ဘူး ။

သွားအတူ လာအတူ စားအတူ ..အတူတူလက်တွဲပြီး တွေ့ကြုံလာသမျှကို ရင်ဆိုင်ကြမယ့် ဘ၀ဖော်အဖြစ်လေ ။
မောင့်ရဲ့ နားလည်ပေးမှူ တွေ ၊ ကျမ မှာဖြစ်ပျက်သမျှကိုဝေမျှခံစား ပေးခဲ့တာတွေ ၊ ကျမ ရဲ့ ရှေ့ဆက်တိုးချင်တဲ့ ခြေလှမ်းတွေကို ရဲရင့် အောင် အားပေးခဲ့တာ ၊ ရုတ်တရက်ခြေချော်လက်ချော်တာတွေမှာ နှစ်သိမ့်ပေးခဲ့တာ.............။
ကျမ ရဲ့ ဘ၀တစ်သက်အတွက်ေ မာင့်လက်ကို ယုံကြည်စွာ လှမ်းချိတ် ခဲ့တာ ။
အခုတော့ ကျမ မှားပြီ လို့ နောင်တ ရ ရတော့မှာလား ဟင် ။