Wednesday, September 17, 2014

နှစ်ယောက်တဘဝ

                  သမီးလေးကို ထိန်းဖို့ခေါ်ထားတဲ့ ညီမလေးက နောက်နှစ်ဆန်းတွင် ပါမစ်သက်တမ်းပြည့်မည် ။ သူ က အိမ်ထောင်ပြုဖို့ပြန်ရမည်ဆိုတော့ မတားတော့ ။ အခုတော့ သူ က ဆက်နေချင်ပါသေးသည် တဲ့ ။ ဟယ် အိမ်ထောင်ပြုမယ်ဆို ပြန်လေ အသက်ကြီးသွားလိမ့်မယ်ဆိုတော့ ဟင့်အင်း အိမ်ထောင်ပြူဖို့က အဆင်သင့်မဖြစ်သေးဘူး တဲ့ ။
ဘာများအဆင်သင့်မဖြစ်သေးသလဲ ဆိုတော့ သူ့ကောင်လေးကိုတင်တောင်းခိုင်းထားတဲ့ ရွှေငါးကျပ်သား နဲ့ နွားတရှဉ်းစာ ကို ကောင်လေးက စုနေတာမပြည့်သေးလို့တဲ့ ။
                  အတာ လဲ ဘာပြန်ပြောရမှန်းတောင်မသိတော့ ။

                 အတာ မောင့်ကိုယူခဲ့စဉ်က မောင့်ဆီကရော မောင့်မိဘတွေဆီကပါ ဘာမှမတောင်းဆိုခဲ့တာကိုပြန်စဉ်းစားမိသည် ။ အချစ်မှ အချစ် မောင်နဲ့အတူနေရလျင်ပြီးရော ဆိုတဲ့ အချစ်ကိုဦးစားပေးတတ်တဲ့အရွယ်လဲ မဟုတ်ပါ ။ အတာ လက်ထပ်ချိန်မှာ ၂၉ နှစ် ရှိခဲ့ပြီ ။
မောင်ကတော့ ၂၃ နှစ် ။ မောင်က အတာ့ထက် ငယ်သည်လေ ။

               အတာ တို့ နှစ်ကိုယ်တူ ဘ၀ ထူထောင်မည်ဆိုတော့ ဘာမှ ကျောထောက်နောက်ခံလဲမရှိ ။ သူ့ဘက် ကိုယ့်ဘက် နှစ်ဘက်မိဘများကို  အားကိုးလို့မရနိုင် ။
 ကိုယ်တိုင်နှစ်ယောက်မှာလဲ အလုပ်အကိုင်၊  ၀င်ငွေ ဘာမှ အာမခံချက်မရှိ ။ ပြန်စဉ်းစားတော့ တကယ့်ကို အကြောက်အလန့် အတွေးအတောမရှိ အိမ်ထောင်သည်ဘ၀ ထဲကို တစ်ယောက်လက် တစ်ယောက်ဆုပ်ပြီး ခြေစုံပစ်ခဲ့ကြတာ ။
အဲလိုဆိုတော့လဲ အတာတို့ အိမ်ထောင်ဦးမှာ မပြည့်စုံခဲ့ရတာ အဆန်းမဟုတ်တော့ ။ အဲလိုမပြည့်စုံမှူတွေအတွက် မပျော်မရွှင်စိတ်ညစ်ခဲ့သလား ဆိုတော့လဲမဟုတ်ပါ ။

                 မှတ်မိသေးသည် ။ အတာ တို့ ယူခါစ ငှားသည့်တိုက်ခန်းက အပေါ်ဆုံးထပ်မှာ ။ အခန်းက လေးပွင့်ဆိုင် မီးဖိုခန်းရေချိုးခန်းဆို နေ့မရှိညမရှိ အမြဲမှောင်နေသည်။
 မီးပျက်သည့်ရက်များမှာ ထွန်းဖို့ အင်ဗာတာ ဝေးလို့ ဖယောင်းတိုင်တောင် ချွေတာသုံးရသည် ။ ဆိုက်ထဲက ယူလာသည့် အထပ်သားကုတင်လေးပေါ်မှာ ပြူတင်းပေါက်ကလှမ်းမြင်ရသည့် ကြယ်စုစုတွေကို ငေးရင်း နှစ်ယောက်သားစကားတပြောပြော နဲ့ အမှောင်ဆိုတာကို စိတ်နှလုံးထဲ ထည့်သွင်းမထားခဲ့ ။ ကြယ်ရောင်ကလဲ လင်းတော့ အလင်းသား ။
 တစ်ယောက်မျက်နှာ တစ်ယောက်တော့ ကြယ်ရောင်အလင်း ရင်ထဲကအလင်းနဲ့ ၀င်းဝင်းပပမြင်ရသည်သာ ။
အတာ တို့ အိမ်ထောင်ဦးမှာ မပြည့်စုံသည့်အပြင် ကံလဲ မကောင်းခဲ့ ။
  မောင် က တောင်ဥက္ကလာမြနန္ဒာလမ်းမှာ နှစ်ထပ်တိုက်လေးလုံး ဆောက်ဖို့ ရွှေတောင်ကုပဏီမှ ကန်ထရိုက်ယူဖို့ လက်မှတ်ထိုးတော့ ဒီဇင်ဘာလ ။ နောက်နှစ် ဧပြီ မှာ ဗြုန်းဆို အစိုးရ၀မ်ထမ်းတွေ လခ ၁၀ ဆ တိုးတော့ ကိုယ့်အလုပ်သမားတွေလဲ တိုးပေးရသည်သာ ။ သို့သော် ရွှေတောင်မှ ထပ်တိုးတောင်းမရခဲ့ ။ စာချုပ်အတိုင်းသာပေးသည် ။ ဒီတော့လဲ ဘာပြောကောင်းမလဲ ၀က်ဝက်ကွဲပေါ့ ။

                 ဒါပေမယ့် အတာ တို့နှစ်ယောက်လုံးကတော့ အဆိုးကြားမှာ အကောင်းကိုရှာတွေ့ ခဲ့သည် ပဲပြောရမလား ။ အကျပ်အတည်းတွေကို ရင်ဆိုင်ရချိန်မှာ နှစ်ယောက်တွဲ စွမ်းအားဘယ်လောက်ရှိတယ်ဆိုတာသိခဲ့ရသလို တယောက်နဲ့ တယောက် ဘယ်လောက်အထိ ယုံကြည်စိတ်ချနိုင်တယ် ဆိုတာပါ သိခဲ့ရသည် ။ ဒါဟာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင် ။
သူလုပ်လို့ ကိုယ်လုပ်လို့ ဆိုပြီး တယောက်နှင့်တယောက် အပစ်တင်မနေအား ။ ဖြစ်လာသမျှတွေကို ဘယ်လိုရှင်းကြမည် ဆိုတာ ဆုံးဖြတ်တိုင်ပင်ရင်း နှင့် မောင်နှင့်အတာ ၊ အတာနှင့်မောင် နှစ်ယောက်တစိတ်ထား ခဲ့ကြသည် ။ အိမ်ထောင်သည်ဘ၀မှာ ဒီ့ထက်နီးကပ်တာ နှစ်ယောက်တဘ၀ဖြစ်တာ ဘာများရှိနိုင်ဦးမည်နည်း ။
 အခုတော့ အိမ်ထောင်သက် ဆယ်နှစ်ကာလ ။သမီးလေးတစ်ယောက်နှင့် ဘ၀ က သင့်တင့်မျှတသည်ဟုဆိုရမည် ။ကိုယ်မျှော်လင့်ကြိုးစားခဲ့သလောက် အရာထင်တော့လဲ မောသမျှပြေရသည်သာ ။
ဆယ်စုနှစ်ကာလကို ပြန်တွေးကြည့်တော့ အိမ်ထောင်ဦးမှာ မောင့် ဘက်မှ ဘာမှမပါခဲ့သည်ကို လဲ အပစ်မမြင်ပါ ။ အနည်းဆုံးတော့ မောင့်မှာသက်မွေးဝမ်းကျောင်းနိုင်သည့် ပညာတော့ ပါခဲ့သည် ။ အဓိက အကျဆုံးတော့ မောင့်မိဘက ပေးလိုက်သည့် ကျန်းမာသော ခန္ဓာကိုယ် နှင့် ကျန်းမာသောစိတ်နှလုံး ။
ကိုယ့်မိဘ ကို ဘာမှ တင်မတောင်းခဲ့ပေမယ့် အခုထက်ထိ အတာ့မိဘတွေကို သူ့မိဘတွေလို အစစစောင့်ရှောက်ခဲ့သူ ။

အတာကတော့ အိမ်ထောင်ဦးမှာ မောင်နှင့် မောင်တို့ဘက်မှ မရခဲ့သည်များကို ဖြေသိမ့်ကျေနပ်နိုင်သည်ဟု ဆိုချင်ဆို အခုလို အတူလျှောက်လှမ်းရသည့်ကာလ မှာ စိတ်အနှောင့်အယှက်မရှိ ချမ်းမြေ့မှူကိုသာပိုလို့မက်မောပါသည် ။
အိမ်ထောင်ဦးမှာ နှစ်ဖက်မိဘအထောက်အခံနှင့် ရွှေလေးငွေလေး ပြည့်စုံတော့လဲ ပိုပျော်ဖို့ ကောင်းမှာပေါ့လေ ။

မပြည့်စုံခဲ့ဘူးဆိုရင်တောင် ကျန်းမာခြင်း ယုံကြည်မြတ်နိုးခြင်း စေတနာမေတ္တာထားခြင်းဆိုသည့် ခွန်အားတွန်းအားများနှင့် နှစ်ယောက်ဘ၀ ကို ပိုမိုပြည့်စုံအောင် ဖြည့်ဆီးပေးနိုင်မည်ဟု အတာ ကတော့ ယုံကြည်ပါသည် ။

သီတင်းကျွတ်ကာလ အိမ်ထောင်ပြုဖို့ရာ ဟိုဟာစဉ်းစားဒီဟာစဉ်းစား နှင့် တွန့်ဆုတ်တွေဝေနေကြသော အပျိုကြီး လူပျိုကြီးများအတွက် အမှတ်တရ ။     ။