Wednesday, June 26, 2013

ထင်လာတဲ့ အက်ကြောင်း

                     ဒေါသထွက်ထွက်နဲ့ ထမင်းကိုနယ်နေတော့ ထမင်းက စိစိမွမွကြေနေပြီ ။ဆက်ပြီး စားချင်စိတ်မရှိတော့ ။ ဒါနဲ့ လက်ကိုထပြီးဆေးလိုက်သည် ။

ညကျရင်တော့ ၀မ်းဟာတာနဲ့ အိပ်ပျော်ပါ့မလားတွေးမိပြန်သည် ။

ကိစ္စမရှိ ။ အိပ်ယာဝင်ခါနီးမှ မိုင်လိုတစ်ခွက်သောက်လိုက်မည် ။


စိတ်မပါ လက်မပါ ရှိပေမယ့် စားပွဲပေါ်မှ ဟင်းများကို ဘူးထဲထည့်တန်တာထည့် ရေခဲသေတ္တာထဲထည့် စားပွဲရှင်းရင်း ပန်းကန်တွေဆေးရပေဦးမည်။
                    အိမ်ထောင်သည်ဘ၀ ဒေါသထွက်တော့လဲ မိန်းမတွေသာ ပင်ပန်းတာပါပဲလား လို့ တွေးမိပြန်တော့ လုပ်ကိုင်နေရင်းကို ဒေါသက ထပ်ထွက်လာပြန်သည် ။


                                     တကယ်ဆို လူတိုင်း လူမှူရေးရှိကြတာ နားလည်သည်။
ညနေစာ အိမ်မှာမစားဖြစ်ဆိုစောစောပြောပါတော့လား ။ ဒါဆို ကိုယ်လဲ ရုံးက အိမ်ပြန်ရောက် ကသောကမျောချက်စရာမလိုတော့ ။ ကိုယ့်အတွက်သက်သက်ဆို အသုတ်လေးပဲ သုတ်စားစား လွယ်တာလေးသာ လုပ်ဖြစ်မည်ပေါ့ ။

                                     အခုတော့ အိမ်မှာ ကြက်သားချည်းပဲရှိတော့ အသားချည်းဆို သူမကြိုက်တတ်တာမို့ ဘူးသီးနဲ့ ရောဖို့ လမ်းမှာ ဘူးသီးကို ရှာဝယ်လာရသေးသည်။
                          ကြက်သားနဲ့ ဘူးသီးကိုအရေစပ်စပ်လေးချက်ပြီး ငါးပိမီးဖုတ်သုတ်မယ်ဆိုပြီး ဟင်းအိုးတည် ကြက်သွန်လှီး နောက်မှ သံပုရာသီးကိုရေခဲသေတ္တာထဲ ကုန်းကွ ရှာနေတုန်း ဒီညနေ သူငယ်ချင်းကလှမ်းချိန်းလို့ အိမ်ပြန်မစားဘူးဆိုပြီးဖုန်းဆက်တော့ ဒေါသက ထွက်ထွက်နဲ့ ဘုတော မိလိုက်တော့သည် ။
ဘုတောမိလိုက်တော့ သေချာတာက စောစောပြန်လာရင် နာညီးချိန်ပိုကြာမည် မို့ နောက်ကျမှ ကုပ်ချောင်းချောင်းနဲ့ပြန်လာတော့မည် ။


                        အိမ်မှာမျှော်မယ့် မိန်းမ မရှိတိုင်း ရုံးတက်ရက် ကြားရက်မချန် စိတ်ကူးရရင် ရသလို ဂတီးဂတီးချိန်းတတ်သော သူငယ်ချင်းများကို အပြစ်တင် လွှဲချစရာအကြောင်းမရှိ ။ သူတို့ကတော့ စိတ်အား လူအားတာရော စိတ် ဟာ တာ ရောနဲ့ လှမ်းခေါ်ကြမည်သာ ၊ နောက်ငဲ့ကြည့်စရာမှ မရှိဘဲ ။ ကိုယ့်မှာက ကိုယ့်အခြေအနေ နဲ့ ကိုယ်။ ငြင်းရမှာ အားနာတယ်ဆို အိမ်ကလူကိုတော့ အားမနာသည့် သဘော ။

                        တွေးရင်း တွေးရင်း နဲ့ အိမ်ထောင်သည်ဘ၀ မှာ သူကိုယ့်ကို ထည့်မစဉ်းစားဘဲ လုပ်ချင်ရာလုပ်တတ်သည့်အကြောင်းများ အထူးသဖြင့် အပေါင်းအသင်း ကိုအားနာပြီး ကိုယ့်ကိုအားမနာသည့် အကြောင်းများကို ပြန်စဉ်းစားစရာမလိုပဲ တရေးရေးပေါ်လာ စိတ်နာနေမိသည် ။


                    ဒီလို ဒီအကြောင်းတွေကြောင့်ပဲ အိမ်ထောင်သည်တွေဟာ ချစ်လို့ယူယူ ဘာကြောင့်ယူယူ ကြာလာတဲ့အခါ စိတ်ကသိကအောင့်တွေဖြစ်လာ ၊ နောက်တဖြည်းဖြည်းနဲ့ တစ်အိမ်ထဲနေပေမယ့် စိတ်ရော ကိုယ်ပါ ဝေးကွာလာကြတာဖြစ်မည်။

                           ဒီတလော  http://www.burmeseclassic.com/ က စာအုပ်စင်မှာလဲ ကိုယ်တို့ငယ်နုစဉ် ကနာမည်ကြီးစာအုပ်ဆရာနွမ်ဂျာသိုင်းရဲ့ ဒေါင်းယဉ်ပျံဘုံနဘေးမှာ ကိုတင်ထားတာတွေ့ရသည် ။
အိမ်ထောင်သည်ဘ၀ ကြာလာသောအခါ ငြီးငွေ့လာတဲ့ယောကျားက ပြင်ပမှာအသစ်အသစ်လေးတွေကိုခံစားချင်တဲ့သဘောကို ရေးထားတဲ့စာအုပ်ဖြစ်သည်။


                            တိုက်တိုက်ဆိုင်ဆိုင် အမစုချစ်ကလဲ ( https://www.facebook.com/notes/suuchit-thu/%E1%80%A1%E1%80%B1%E1%80%90%E1%80%BC%E1%82%95/673609409322771 ) ဒီညနေပဲ အတွေ့ဆိုသော နုတ်စ်လေးရေးသေးသည်။
သူတို့ယောကျားတွေမှာသာ အတွေ့တွေ အငွေ့တွေ ခံစားချင်ခံစားမည် ၊ ကိုယ်တွေမှာတော့ အလုပ်အပူ ၊ သားသမီးအပူ၊ မိဘဆွေမျိုးအပူ  အို နောက်ဆုံး အစားပူအသောက်ပူမီးဖိုချောင်အပူနဲ့ ပူလွန်းလို့ ဘာအတွေ့မှကို မလိုချင်တော့ပြီ ။


အတွေ့ နုတ်စ်လေးအောက်မှာ အဲလို အိမ်ထောင်ရေးတွေဖြစ်ကြ ပျက်ကြ အက်ကြောင်းထင်ကြတဲ့ အကြောင်းတွေ ခုတလော ခဏခဏကြုံရတာကို ကိုယ်က ကွန်မန့်ရေးမိတော့ တခြားတစ်ယောက်က ဒီအရွယ် ဒီအသက်တန်းရောက်လာတာမို့ ဒီသတင်းတွေကြားရချိန်တန်လာပြီ လို့  ပြန်ရေးတော့ ဟုတ်ပေသား လို့ ကိုယ့်အရွယ် ကိုယ့်အသက်ကို ပြန်ဆန်းစစ်ရသည်။


အို အက်တာ ကွဲတာ ကတော့ အသုံးများအကိုင်ကြာ ဖြစ်တော့ဖြစ်မည်သာ။ ဆက်သုံးလို့ ရမည် မရမည်တော့ အတူကိုင်ကြသူတွေရဲ့ တန်ဖိုးထား ရိုသေမှူအပေါ်မူတည်ပါလိမ့်မည်။

Saturday, June 22, 2013

မယ်သံ နဲ့ ဆန်အကြောင်း သောင်းပြောင်းထွေလာ

               ဒီရက်တွေထဲ စင်္ကာပူမှာ အင်ဒိုနီးရှားက တောတွေမီးရှို့လို့ ရောက်လာတဲ့ မီးခိုးငွေ့တွေများလွန်းလို့ အပြင်မထွက်ချင်ခါမှ အိမ်မှာဆန်က ကုန်နေပြန်ရော ။

ဝယ်နေကျ Giant က ဝေးလို့ နီးနီးနားနား အိမ်အောက်က ကုန်စုံဆိုင်လေးကပဲ ၀ယ်တော့မယ်ဆိုပြီး သွားကြည့်လိုက်တော့ ဆန်အမျိုးအစား သိပ်မကြိုက်တာနဲ့ မ၀ယ်ပဲ ပြန်တက်လာတယ်။
ညဘက် ရှိတာလေးနဲ့ စားပြီး မနက်မှ မနက်ဈေးက ၀ယ်ပါ့မယ်လေ ဆိုပြီး ။

               အိမ်ပြန်ရောက်တော့ ဘေးခန်းက မောင်လေးတွေကလဲ သူတို့လဲဆန်ကုန်လို့ သွားဝယ်မယ် မှာမလားတဲ့ ။ တော်ကြာ သူတို့ဝယ်လာလဲ ကိုယ်မကြိုက်ရင် ခက်တယ်ဆိုပြီးမမှာတော့ပဲ သူတို့ဝယ်လာတဲ့ထဲကပဲ ယူချက်လိုက်တယ်။ ချက်ပြီးတော့ ထမင်းကစေးနေတော့ မမှာဖြစ်တာပဲ ကောင်းသေးရဲ့ တွေးမိတယ်။

            မနက်ဈေး လဲ သွားပြီး ကိုယ်စားနေကျ AAA အေသုံးလုံး တံဆိပ် တွေ့လို့ဝယ်မယ်လဲဆိုရော အတူပါတဲ့ညီမက မနေ့ညက ဘေးခန်းက၀ယ်လာတာလဲ ဒီတံဆိပ်ပဲဆိုလို့ တခြားဆန်ကို ထပ်ကြည့်တယ်။ ၅ ကေဂျီပဲဝယ်ပါ့မယ်လေ ဆိုပြီး ခါတိုင်းဈေးကြီးလို့ မစားတဲ့ Royal Umbrella တံဆိပ်ကို ၀ယ်လာခဲ့တယ်။  S$15.50 တဲ့ ။
အော် ဈေးအတော်တက်သွားပါလားဆိုပြီး လွန်ခဲ့တဲ့ ၅ နှစ်လောက်က S$11.80 ဆိုတာကို မှတ်မိတယ်။
စင်္ကာပူလဲ အခြေခံကုန်ဈေးနှူန်းတွေ ထိန်းထားတယ်သာဆိုတယ်။ ဈေးတွေကတော့ တက်နေတာပဲ ။

ဒီလို ဆန်ကို ဟိုဆန်မှ ဒီဆန်မှ လို့ ဂျီးများနေတဲ့ ကိုယ့်ကိုကိုယ်လဲ စိတ်ကသိကအောင့် ဖြစ်မိတယ်။
တကယ်ဆို ကိုယ်တို့ငယ်တုန်းက ၀န်ထမ်းဆန် စားခဲ့ရတာပါ ။

မှတ်မိသေးတယ် အဲဒီတုန်းက အဖေ့အတွက်စက်ရုံကရတဲ့ ဆန်က သမဆိုင်ကို ကုန်ထုတ်စာအုပ်လေးနဲ့ သွားတန်းစီရတာကို ။ ဆန်ရယ် တခါတလေ ဆပ်ပြာတို့ နို့ဆီ သကြားလေးလဲရတတ်တယ် ။
သမဆိုင်နဲ့ စာကြည့်တိုက်က ကပ်လျက်ဆိုတော့ တန်းစီရတာ လူများပြီဆို သိပ်ပျော်တာ ။ အဲ လူတန်းစီရတာမဟုတ်ပဲ စာအုပ်ထပ်ပြီးတန်းစီရတာ ။
ကြာကြာစောင့်ရလေ စာအုပ်ပိုဖတ်ရလေပေါ့ ။

အမေတို့ ပညာရေးကရတဲ့ ဆန် ကတော့ ကျောင်းစာရေးကြီးအိမ်ကို သွားယူရတာမှတ်မိတယ်။
 ကိုယ်က မိန်းကလေးပေမယ့် စက်ဘီးနဲ့ တလွှားလွှားဆိုတော့ အမေ က လက်တိုလက်တောင်း ခိုင်းစရာရှိရင်  ကိုယ့်ကို အလွယ်ခိုင်းတတ်တယ်။
 အဲဒီအခါ စာရေးကြီးဖို့ လဘက်ရည်ဖိုးတွေ ဘာတွေ ပေးရတာမှတ်မိတယ်။
 ဆန်ကောင်းလေးရအောင်လို့ ပါ။

များသောအားဖြင့် အဖေ ရတာတွေက ငကျွဲဆန် နဲ့ အမေက ဧည့်မထ တို့ ငစိန်ဆန်တို့ ရတတ်တယ်။ ဧည့်မထ ဆို အကျေများတော့ အိမ်ရောက်ရင် စကာချ စကွဲထွက်လာရော၊ နောက် ကျန်တဲ့ထဲက ဆန်ကို ပြာလိုက်ရင် ထွက်လာတဲ့ ဆန်လတ်ကျိုးကို သိမ်းထား ကျန်တဲ့ဆန်ကို ငကျွဲနဲ့ ရောစားပေါ့ ။ ငစိန်ဆန်ဆိုရင်တော့ သွားဖွပ်ပြီးမှ စားနိုင်တယ်။

မိုးတွင်းရတဲ့ဆန်ဆိုရင် တော့ အောက်စော်တွေနံလို့ နေလှန်းရသေးတာ ။

နောက် ဆန်ရွေးရသေးတယ်။ ဆန်ထဲမှာပါတဲ့ မျက်စေ့တို့ ခဲလေးတွေ နုံးခဲလေးတွေ စပါးလုံးလေးတွေကို ရွေးရသေးတာ ။ တစ်ဗန်းပြီး တစ်ဗန်း ညောင်းနေအောင်ရွေးရတယ်။ အိမ်တွေမှာ ဆန်ကော တို့ ဆန်ကာတို့ဆိုတာ မရှိမဖြစ်ပေါ့ ။

                     ကြည့်ပါဦး ထမင်းတစ်နပ်စားရဖို့ ဘယ်လောက်အချိန်ပေးရသလဲဆိုတာ ။ဒါတောင် စိုက်ပျိုးရိတ်သိမ်းကြိတ်လှေ့ ဆိုတဲ့ အဆင့်တွေက ကိုယ်လုပ်ရတာမဟုတ်ဘူးရယ် ။

၁၉၉၈ အရေးအခင်းတွေ ဖြစ်တော့ ဆန်တစ်ပြည် ( နို့ဆီ၈လုံးပါ) ကို တစ်ဆယ်ကျပ် ကျော်တောင်ဖြစ်သွားတာ ။ အရေးအခင်းမတိုင်ခင်မှာ ဆန်တစ်ပြည်မှာ ၂.၅၀ကျပ် လောက်ရှိရာက တစ်ဆယ်ကျော်ဖြစ်သွားတော့ လူတွေ ငတ်လိုက်ကြတာဆိုတာ ..သုံးမျိုးစပ်ဆန်တွေ ဘာတွေပဲ စားကြရတော့တာ ။

လူးရယ် ဆပ်ရယ် ပြောင်းရယ်ဆိုပြီး သုံးမျိုးရောချက်တော့ အရောင်က နီတျာတျာနဲ့ အရသာက ဖွယ်တယ်ကြမ်းတယ်။
 ပြောင်းဆိုတာ နှံစားပြောင်း က အနှံတွေက ရတာပေါ့ ။ ကျောင်းသွားတဲ့ လမ်းဘေးကွင်းပြင်မှာ ပြောင်း တွေစိုက်ထားရင်ချိုးပြီး အရိုးတံကို စုတ်တော့ ကြံလို ချိုမြမြရယ် ။
ကိုယ်တွေက ၀န်ထမ်းမိသားစု မို့ သုံးမျိုးစပ် စားတဲ့ထိတော့မရောက်ခဲ့ပါဘူး ။
သုံးမျိုးစပ်က တန်းချက်ပြီးတန်းစားနိုင်ရင်တော့ မဆိုးလှပါဘူး ။ အေးသွားရင်တော့ မာပြီးခဲနေရော  ။

အမေ ကတော့ နီးစပ်ရာတွေကို သူစုထားတဲ့ ဆန်ကွဲတွေပေးပစ်တာအမှတ်ရတယ်။ ဆန်ကွဲလေးရရင်ကို သူတို့မှာပျော်လို့ ။ အဲဒီတုန်းက ကိုယ်နဲ့ ခင်မင်ရာ စလေနီးနားက ရွာတွေမှာဆို ပုံမှန် ဆန်ကွဲ ဆန်လတ်တို့ စားကြတယ်။ငွေတတ်နိုင်တောင် လမ်းပန်းဆက်သွယ်ရေးမကောင်းသေးတော့ ဆန်ထွက်တဲ့အရပ်လဲမဟုတ်တော့ ဆန်ရှားတာပေါ့ ။

၁၉၉၀ နောက်ပိုင်းမှာတော့ လမ်းပန်းဆက်သွယ်ရေး သာလာတယ်။
 စလေ စက်ရုံကားလဲ တညင်(သန်လျင်) တို့ဘာတို့ဆီသွားတော့ ရန်ကုန်ကနေ ဆန်အိတ်တွေမှာစားကြတယ်။ အဲတော့မှ ပေါ်ဆန်းတို့ ဘာတို့ကို ကောင်းကောင်းစားရတာ။
 ဒါတောင် အမေက မီးတုံးဆန်ပါမှာပြီး အိမ်မှာ နေ့စဉ်စားတာမီးတုံး ဆန် ဧည့်သည်တွေဘာတွေလာရင် ပေါ်ဆန်း ဆိုပြီး ချက်သေးတာ ။
ဝန်ထမ်းဆိုတော့လဲ ထွာစားရသေးတာပေါ့ ။
ထွာစားလို့သာ စားတာရယ် အဲဒီတုန်းက ငွေရေးကြေးရေးတော့ မပါးရှားတော့ဘူး ။
 ၁၉၉၀ မှာ အဖေရယ်ပြန်တမ်းဝင်အရာရှိဖြစ်တော့ ပြောင်းရတဲ့အိမ်က ခြံအကျယ်ကြီးရယ် ရေမီး ၂၄ နာရီမို့ တခြံလုံး ပန်းပင် သီးပင်စားပင်တွေကို စီးပွားဖြစ်စိုက်တော့ နေ့စဉ်ဝင်ငွေရရှိနေတာရယ်။

၁၉၉၅ မှာ ဂျီတီအိုင်ပြီးတော့ ရန်ကုန်မှာ အလုပ်လုပ်တော့ ဆိုဒ်ထဲက ကျွေးတဲ့ ဆိုဒ်ထမင်း ဆိုဒ်ဟင်းတွေစားရတော့ သူများတွေ ညီး ကြတယ်။
 ကိုယ်ကတော့ ဆန်ကလဲ အညာလောက်မကြမ်းတာရယ် ငါးပိရေ တို့စရာကြိုက်တော့ အဆင်ပြေပါတယ်။ ၂၀၀၀ လောက်မှာ ကျောက်ဆည်ကို ကျောင်းတက်ဖို့ သွားတော့ အဲဒီမှာ စားရတဲ့ မနော်ဆန် ကျတော့ ကြွက်သွားလေးလို သေးသေးအိအိလေး။
 ဧရာပဒေသာဆိုတဲ့  ဆန်ကိုတော့ အရမ်းကြိုက်သွားတာ အိအိစင်းစင်းလေးရယ် ပေါ်ဆန်းလိုလဲမအီဘူး ။

ကျောက်ဆည်ကနေ စလေကို ကျောင်းပိတ်ရက်တွေပြန်တော့ အိမ်မှာ ထမင်းစ စားရပြီဆို အဲဒီထမင်းကို မွှေနေတာ မွှေနေတာ မစားချင်သေးလို့ ၊ နောက်တော့လဲ စားကျင့်ပြန်ရသွားတာပါပဲ ။

         နောက်ရန်ကုန် ပြန်ရောက်လာလို့ ပေါ်ဆန်းပြန်စားလဲ ဧရာပဒေသာလောက်တော့ မကြိုက်တော့ဘူး ။

၂၀၀၄ မှာ အိမ်ထောင်ပြုတော့ ပေါ်ဆန်း ကောင်းကောင်းတစ်အိတ်ကို ၁၁၇၀၀ကျပ် ၂၀၁၁ ဟေမာ့မွေးဖို့ပြန်တော့ တစ်အိတ် ၃၈၀၀၀ကျပ် ဆိုတဲ့ဆန်က အဲလောက်မကောင်းတော့ဘူး ။
 ရောက်တုန်းရောက်ခိုက် နေ့စဉ် ခိုလေးတွေ စာလေးတွေ ကျွေးချင်လို့ တော်ရိလျော်ရိဆန် ရှာဝယ်တော့တောင် တစ်ပြည်ကို တစ်ထောင်အောက် လျော့တဲ့ဆန် မရှိဘူး ။

           အမျိုးသားကတော့ ဆန်ထွက်တဲ့အရပ်ကဆိုတော့ ဆန်ကောင်းလဲကြိုက် ရွေးလဲဝယ်တတ်တယ် ။ သူ ခွဲခြားပြမှ ပုသိမ်ကပေါ်ဆန်းက ပိုအိပြီးအနံ့ပိုမွှေးတာတို့ ၊ ဆန်ကျော မာတော့ အချက်ခံတာတို့ ။ ဆန်ကို ဖိလိုက်လို့အမှုံလေးတွေထွက်လာရင် ဆန်ကဟောင်းနေပြီ တစ်အိတ်လုံးဝယ်လို့ ကြာရှည်စားမယ်ဆို ပိုးထိုးလာမယ်တို့ ၊ဆန်အိတ်ထဲလက်ထိုးကော်ပြီး ဆန်ကမစင်ဘူး ပိုးဟပ်ချေးပါတယ်တို့ နဲ့ ရွေးတော့ ကိုယ်လဲ နောက်ဆို သူ့ပဲရွေးခိုငးဝယ်ခိုင်းတာ ဒီစင်္ကာပူထိ အကျင့်ပါနေရော ။

စင်္ကာပူမှာ ဆန်က ထိုင်းကသွင်းတာ အိအိစင်းစင်းပေမယ့် ကျောက်ဆည်က ဧရာပဒေသာကပဲ ပိုကောင်းတယ်လို့ ထင်မိတယ်။ ဒီကဆန်တွေက လက်နဲ့ ထိကိုင်ရွေးမရပေမယ့် အမျိုးသားကတော့ ပလတ်စတစ်အိတ်အပြင်ကကြည့်ပြီး ဆန်အရောင်က အဖြူကြည်တင်မဟုတ် အ၀ါလေး သန်းနေရင် ဆန်မညီတော့ ချက်ရင်ရေချိန်ထည့်ရခက်တယ် ဘာညာပေါ့လေ ။ ကိုယ်ကတော့ ဈေးနှုန်းကြည့်တယ် ။

သူ ကတော့ ကိုယ် ဧရာပဒေသာကို အသဲစွဲ ပြောလွန်းလို့ စားကြည့်ချင်တယ်ဆိုပဲ ။ ကိုယ်ကတော့ ကျောက်ဆည်မှာ ဧရာပဒေသာဆန်တင်မဟုတ်ဘူး တခြားအသီးအနှံတွေ နဲ့ဒေသစာတွေ ၊ တောတောင် ဆည် နဲ့ ဘုရားတွေ သာယာလွန်းလို့ အဲဒီအရသာတွေ ခံစားရအောင် ၂လတန်သည် ၃လတန်သည် သွားနေချင်သေးတာ ။

            အော် ကိုယ်လဲ အယင်တုန်းက သာမန်လူတန်းစား အခုလဲ သာမန်လူတန်းစား ၊ ဒါတောင် အစားအသောက်အနေအထိုင်ဟာ နေရာဒေသ နဲ့ အလေ့အထ အလိုက်ပြောင်းလဲ လာလိုက်တာ လို့ ကိုယ့်ဟာကိုယ် အံ့သြောနေမိသေးတော့တယ် ။