[X] Choose Font Here

Thursday, April 12, 2012

အတာ သင်္ကြန် ....

ဒီနှစ် ၀ါထပ်လို့ ပုံမှန် ဧပြီ ၁၃ မှာ သင်္ကြန် ကြို ရာကနေ ဒီနှစ် ဧပြီ ၁၂ မှာ သင်္ကြန်အကြို နေ့ဖြစ်တယ် ။

ကြားထဲမှာ အကြတ် ၂ရက်ဖြစ်တာမို့ နှစ်ဆန်း ၁ ရက်နေ့ ကတော့ မပြောင်းလဲ ဘဲ ဧပြီ ၁၇ ဖြစ်ပါတယ် ။

မြန်မာတွေ မှာ ကိုယ်ပိုင် ပြက္ခဒိန် ၊ကိုယ်ပိုင် ရာသီ ရှိပေမဲ့ မြန်မာ့ နှစ်သစ်ကူးရက်ကတော့ အင်္ဂလိပ် ပြက္ခဒိန် ခရစ်နှစ် အတိုင်း ဆိုတာ အံ့သြော စရာ စဉ်းစားစရာတော့ ကောင်းပါတယ် ။ (သိရင်ပြောပြပါကွယ် ..ကျေးဇူးတင်ပါတယ်)

ဒီနှစ် သင်္ကြန် မှာ မိသားစု စုံစုံ ညီညီ ရှိတာ ကတော့ ပျော်စရာပါ ။
စိတ်မကောင်းတာ က မိဘတွေ အခါ ရက်မှာ  ဥပုဒ်သီတင်း စောင့်ဘို့  စိတ်မဖြောင့်တန်းနိုင်ဘဲ ကလေး ထိန်းနေရတာပါဘဲ  ။

ဒီမနက် သင်္ကြန် အကြို နေ့မှန်းသတိမထားမိဘဲ မနက်ကမှ အမေ ပြောလို့ သိရတော့ ကမန်းကတန်း ရှိတာလေးထုတ်ပြိးကြိုရတယ် ။ ထမင်းဖြူ ကို ငှက်ပျောသီး သကြားဖြူးလို့ရေချမ်းတခွက် အမွှေးတိုင် ထွန်း အလွယ်ဝယ်ရတဲ့ ဂန္ဒမာ ပန်း ၀ါဝါလေး၇ယ်နဲ့ပေါ့ ။

အမေ ကတော့ ထုံးစံဆို ရရက်နေ့အလိုက်ပန်းတွေ နဲ့ကြို ရတာ ကို ပြောမပြီးဘူး ။
နယ်မှာတော့ သိကြားမင်း ကို ၇ ရက်သားသမီးတွေ က ကြိုဆိုတဲ့ သဘောနဲ့ ပန်းတွေ နဲ့ဘဲကြိုတယ် အတာအိုးထဲ မှာ ပန်းစိုက်ပြီး တဘက်လေး ကရွတ်ခွေ ပန်းထိုးထားတဲ့ အတာအိုးလေး တင်ပြီးတော့ ကြိုတာပေါ့ ။ သင်္ကြန်ပြီးတော့လဲ အဲဒီအတာအိုးက မကျီးသီး စိမ် တဲ့ အိုးဖြစ်ရော..နွေရာသီ ပူပူ မှာ ၀မ်ေးအေးအောင် မကျီးရေလေးစိမ်ပီးသောက်ကြတာကိုး ..။

ရန်ကုန်မှာတော့ သင်္ကြန်ကြို မယ်ဆို ပန်းတွေ ကတော့ အတူတူ မြေဇာမြက်လေးတွေတော့ ပါတာမတွေ့ရ ...ဒါပေမဲ့ သစ်သီးတွေ ရေချမ်းတွေ အမွှေးတိုင်တွေ လဲပါ တယ် ....။
ဒါလဲ ဟုတ်တာဘဲ ..ဧည့်သည်လာရင် ထမင်းလေးတော့ကျွေးရမှ ..ကိုယ်အိမ် လာရင် စားသွားမှ လို့ စိတ်ရှိတဲ့ အညာကလူတွေ ဘယ့်နှယ့် သိကြားမင်း ကျမှ ပန်းလေးနဲ့ တင်ကြို ရသတုန်း ..လို့ တွေးချင်ဖွယ် ။

ဧပြီ ရောက်ပြီဆို စင်္ကာပူက ပိတောက် တွေ ကလဲ တထိန်ထိန် နဲ့ ပွင့်ကြတာ ..မိုးလေးရွာလိုက် နေလေး ပူလိုက်နဲ့ဆိုတော့ ပွင့်ကောင်းကြတာပေါ့ ။

မယ်သံ တို့ စလေ မြို့မဟာကြီးမှာတော့ ပိတောက်ပင် က အရှားသား..တမာပင် ကတော့ ပေါလှသမို့ နေပူပူ ဖုံထူထူ တမာပန်းရနံ့ တသင်းသင်း နဲ့ပေါ့ ။ ကိုယ်တွေ နေခဲ့တဲ့ အိမ်ကလဲ တအိမ် နဲ့တအိမ်တောင် အဝေးကြီးဟာ ...ပက်စရာ လူကမရှိဘူး ။ အဲတော့ ရေကစားချင်ရင် စက်ရုံရှေ့ မန်းတပ် ကို ချီတက်ရတော့တာလေ ။ ယိမ်းတွေ ကလဲ ကလိုက်တာဆို နေ့လဲ က ညလဲက ဒါ တွေ ဘဲ ကနေပေမဲ့ ကလေးဆိုတော့ အားရ၀မ်းသာ ကြည့်တာပါဘဲ ။ ပေါများတဲ့ အချိန် ဆိုတော့ မုန့်လုပ်ဆောင်း ရွှေရင်အေးဆိုတာ စတုဒိသာကျွေးကြတာ တနေကုန် မပြတ်တမ်းရယ် ။ ခုခေတ်တော့ အဲလို နေကုန် နေခမ်း ကျွေးဘို့ရာ ခက် ပါမယ် ။ လူကြိးတွေေ တာ့ ပိတ်ရက်ရှည်မှာ အခါရက်မှာ ဘုန်းကြိးကျောင်းသွား နေကုန် ဥပုဒ်ယူပြီး သီလ ယူပြီးရင် ကျောင်းထဲ ကအရိပ်ရသစ်ပင်အောက် က ကွက်ပျစ်ပေါ် မှာ ကိုယ့်အစု နဲ့ကိုယ် တရားဆွေးနွေး ရောက်တတ်ရာရာပြောကြတာပေါ့ ။

အဲလို ရာသီကပူပူ ရင်တွင်းက အေးအေး ဘ၀ ကို ပြန်ရောက်ဘို့ဆိုတာတော့ ရွှေငုံးမင်းအမြီးမျှော်သလိုသာပ ။

မြန်မာပြည်မှာ သင်္ကြန် ၁၀ ရက် ၊ စကာင်္ပူမှာ ဧပြီတလ လုံး ဆိုရမတတ် ပိတ်ရက်တွေ စောင့်ပြိး ဟိုဘုန်းကြိးကျောင်း ဒီဘုန်းကြိးကျောင်း မှာ နီးစပ်ရာတွေ စုပြီး စတုဒိသာ အလှူတွေ လုပ်ကြတယ် ။ ဒီအခါ သမယရောက်ရင် ဒီမုဒ် က ၀င် ကိုဝင်နေတာ ဆိုရမလိုဘဲ ။ ကောက်ညှင်းမှူန့် အုန်းသီးကတော့ အလွယ် ၀ယ်ရနေတော့ မုန့်လုံးလေးလုံးလိုက် မုန့်လက်ကောက်လေးကြော်လိုက် မုန့်ဆီလေးကြော်လိုက် နဲ့ အိမ်မှာေ န့တိုင်းလောက် လုပ်စားနေတာ အားပေးကလဲကြမ်းလို့ သမီးလေးက ၀မ်းချုပ် ..အမေ က ဆီးချိုတက် လာတော့ ရပ်တန်းက ရပ်လိုက်ရတော့တယ် ။

ရုံးအလုပ်တဘက်နဲ့မိသားစု ကလဲရှိတော့ ဟိုပွဲဒီပွဲ မသွားနိုင်အောင် ဗာဟီရက များတယ် ။ ကလေး ငယ် ရှိတာ ကိုက သူဖွတာ တနေ့တနေ့ရှင်းရတာအမော ဆိုသလို...။ သူငယ်ချင်းတွေ စတုဒိသာ လုပ်မယ် ဆိုတော့ အလှူငွေလေးထည့် အေးရာအေးကြောင်း အိမ်မှာဘဲ အိမ်ရှင်း မီးပူတိုက်နေမယ် တွေးပေမဲ့ ကိုယ့်ကို ခိုင်းကောင်းမှန်း သိတဲ့ ဆရာတွေ က ခေါ်တော့လဲ ဒီအပတ် တိုပိုင်း၇ိုး စတုဒိသာ ကို သွားရပါဦးမယ် ။

ကိုယ်တယောက်ထဲ လှူတာမဟုတ် အဖွဲ့အစည်း နဲ့ စတုဒိသာကျွေးတယ် ဆိုပေမဲ့ ရွှေရင်အေးလာသောက်ကြပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ် ။ ခင်သူမင်သူများကို ရေလဲပက် ..အိုးမဲလဲသုတ်ပေါ့ .နော့ ။

တို့ပြည်ကြီးမှာတော့ ဒီအခါသမယ မှာ အထိအခိုက် ဘေးဘယာ မရှိ အေးချမ်းပျော်ရွှင်ကြပါစေလို့ ဆုတောင်းရပါတယ် ။

ဒီမြန်မာ နှစ်သစ် မှာ ကျမ ရဲ့ ဒီဘလော့ ကို လာဖတ်သူ ၊ ချစ်သူခင်သူမုန်းသူ သိသောသူမသိသောသူ အားလုံး အားလုံး အေးချမ်းပျော်ရွှင်ကြပြီးလျှင် ကောင်းသောလိုရာ ဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်တောင်းလိုက်ရပါတယ် ရှင် ။

5 comments:

  1. သိရသလောက်တော့ ထိုင်းကရက်ကိုယူတာ။အဲဒါကြောင့် အ၈င်္လိပ်ရက်ဖြစ်နေပြီး မြန်မာလဆိုရင် တစ်ခါတလေ တန်ခူး၊တစ်ခါတလေ တပေါင်းဖြစ်နေတာ။မြန်မာ သင်္ကြန်ဟာ ထိုင်းကနေ ကူးဆင်းလာတဲ့ ရိုးရာဆိုပဲ။တစ်ခါသတိထားမိလို့ အတူနေ အကိုကြီးကိုမေးမိတော့ အဲလိုပြောတယ်။ မြန်မာနှစ်ကူး အစစ်တော့မဟုတ် ထင်ပါ့။

    ReplyDelete
  2. happy Myanmar New year to U & ur family.. !

    ReplyDelete
  3. မမယ်သံရေ မုန့် လာစားမယ်နော်..ပျော်ရွှင်ဖွယ် နှစ်သစ်လေး ဖြစ်ပါစေ..ဗွမ်း..ဗွမ်း..ဗွမ်း

    ReplyDelete
  4. တိုပါးရိုးမှာ ဘယ်စတုဒီသာဆိုင်မှာတုန်း .
    အသိနောက်ကျသွားတယ် အဲနေ့ကရောက်တယ်မမရေ

    နှစ်သစ်မှာမိသားစု ရွှင်လန်းချမ်းမြေ့ပါစေ

    ချစ်တဲ့

    ဒိုးကန်

    ReplyDelete
  5. ကူးကူးလှိုင်November 20, 2012 at 5:06 PM

    အစ်မရေ ညီမလဲ သင်္ကြန်မှာ အမြဲတမ်းအင်္ဂလိပ်ရက်ဖြစ်နေတာကို သိချင်နေခဲ့တာ ခု အပေါ်က ကွန်မန့်အတိုင်းဆိုရင်တော့ ထိုင်းက ယူတာဖြစ်မှာပေါ့နော် ...

    ReplyDelete